Pages

Tuesday, August 11, 2009

Just Graduated & Educated

ပညာနှင့်ပက်သက်သော အဓိပ္ပါယ်ဖွင့်ဆိုချက်များစွာ ရှိသည့်အနက် အဓိကအရေးအကြီးဆုံးမှာ “ အရေးကိစ္စ၊ အဖြစ်အပျက်တစ်ခုအပေါ် အကြောင်းအကျိုးနှင့်တကွ နားလည်သဘောပေါက်ခြင်း ” ဟူသော ဖွင့်ဆိုချက် တစ်ရပ် ဖြစ်ပါသည်။

၂၁ ရာစု ၀င်လာသည်နှင့်အမျှ လူသားတို့အနေဖြင့် ပညာ၏ တန်ဖိုးနှင့် ပညာ၏ သဘောသဘာဝကို ယခင့်ယခင် ကာလများထက် ပို၍ လက်ခံနားလည်လာကြသည့်အလျောက် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်နှင့် ပညာမှာ ခွဲခြား၍မရသော ခေါင်းနှင့် ပန်းကဲ့သို့ ဖြစ်လာပါသည်။ အထူးသဖြင့် တံခါးအားလုံး ဖွင့်ထားသော လူ့အဖွဲ့အစည်း (၀ါ) အဖွင့်လူ့အဖွဲ့အစည်း Open Society တစ်ရပ်အတွက် ပညာသည်သာ အရာရာကို မှန်ကန်မျှတစွာ စီမံခန့်ခွဲနိုင်ကြောင်း ထင်လင်းစွာ သဘောပေါက်နေကြပြီ ဖြစ်ပါသည်။

ထို့အတွက် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအလိုက် ရှိနေသော မျိုးဆက်များသည် ပို၍ကောင်းမွန်ကာ ပို၍ယဉ်ကျေးသော၊ ပို၍ ငြိမ်းချမ်းသာယာသော အနာဂတ် လူ့ဘောာင်လောကတစ်ခု တည်ဆောက်နိုင်ရန် အလို့ငှါ လက်ရှိကာလ မျိုးဆက်သစ်လူငယ်များ၏ အသိပညာရေချိန်ကို မြှင့်တင်ပေးနေကြခြင်း ဖြစ်ပါသည်။

ယခုအခါ Formal Education ခေါ် သမရိုးကျ စာသင်ခန်းပညာရေးနှင့် ကျောင်းပြင်ပ ပညာရေး Informal Education တို့ အချိုးကျ ပေါင်းစပ်ကာ ပညာအသိမှ သင်ညာအသိ ရရှိစေမည့် အရည်အသွေး မြှင့်တင် တည်ဆောက်ပေးသည့် Capicity Building, Capicity Developing နည်းလမ်းများဖြင့် လူ့အဖွဲ့အစည်း၏ အသိပညာရေချိန်ကို မြှင့်တင်ပေးလျက်ရှိပါသည်။

ပညာသင်ကြားရေးဟုဆိုရာတွင် ယနေ့ လူအများစု နားလည်ထားကြသည့် ကျောင်းစာသက်သက်ဖြင့် စာမေးပွဲအောင်ကာ အောင်မှတ်ကောင်းသူများ အလျှောက်များသည့် တက္ကသိုလ်ကို ရွေးချယ်တက်ရောက်ခြင်း သက်သက် (၀ါ) ဘွဲ့လက်မှတ်ရရှိရေး Graduated အဆင့်မျှမကဘဲ မိမိတို့ လေ့လာသင်ယူသမျှ ဘာသာရပ်များအပေါ် အကျိုးအကြောင်းနှင့်တကွ ကောင်းစွာ ထိုးထွင်းသိမြင်နားလည် သဘောပေါက်သည့် ပညာတတ် Educated များ ပေါ်ထွန်းရေးကို အဓိက ဇောင်းပေးခြင်းသည်သာ စစ်မှန်သော ပညာသင်ကြားခြင်းမည်ပေသည်။

စင်စစ်အားဖြင့် တက္ကသိုလ်ပညာရေးသည် သုတေသန၊ လူမှုဆက်ဆံရေး၊ အားကစား၊ သဘာဝ ပတ်ဝန်းကျင် ရေးရာ၊ အခြေခံနိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးဗဟုသုတ၊ မိမိဝါသနာ စိတ်ဝင်စားသည့် ဘာသာရပ်ကို ရွေးချယ်ပိုင်ခွင့်၊ မေးခွန်းမေးခြင်း၊ အကျိုးအကြောင်း ညီညွတ်စွာ ငြင်းခုံဆွေးနွေးခြင်း၊ အများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ခရီးသွားခြင်းဆိုင်ရာ ဗဟုသုတ၊ စာကြည့်တိုက် အသုံးပြုခြင်းနှင့် အကိုးအကား အထောက်အထား ရှာဖွေတတ်မှု၊ မတူခြားနားမှုများကို လက်ခံနားလည်ပေးခြင်းနှင့် လောကနီတိနှင့် လူမှုကျင့်ဝတ်များကိုလည်း လေ့လာသင်ယူမျှဝေနိုင်သော ပတ်ဝန်းကျင်တစ်ရပ်ကို ဖော်ဆောင်ပေးထားခြင်း သာဖြစ်သည်။ ကမ္ဘာကျော် တက္ကသိုလ်ကြီးများ၏ ၀က်ဘ်ဆိုက်များကို ၀င်ရောက်လေ့လာကြည့်လျှင် ဤအချက်များကို ယခုထက် ပို၍ ရှင်းလင်းစွာ သိနိုင်ပါသည်။

ဖွံ့ဖြိုးခေတ်မီသော လူ့အဖွဲ့အစည်းတစ်ရပ်ကို အမှန်တကယ် မြင်တွေ့လိုကြပါလျှင် ဘွဲ့လက်မှတ်ရရှိထားသူ သက်သက် Just Graduated များထက် သက်ဆိုင်ရာ ဘာသာရပ်အပေါ် အကျိုးအကြောင်းနှင့်တကွ နားလည်သဘောပေါက်ထားသော ပညာတတ် Educated များကို မွေးထုတ်ပေးနိုင်သည့် ပညာရေး စနစ်ဖြင့်သာ တည်ဆောက်နိုင်ကြောင်း အဓိကပြောလိုရင်း ဖြစ်ပါသည်။

ဝန်ခံချက်။ ။ July 2009 လထုတ် LIVINGCOLOR မှ အယ်ဒီတာ့ အမှာစကားကို သဘောကျလို့ ကူးယူ ဖော်ပြထားပါသည်။

8 comments:

သားကြီး said...

ပညာပေးဆောင်းပါး အယ်ဒီတာ့အမှာကို
လာရောက်ဖတ်ရှုသွားတယ်ခင်ဗျ

ဝက်ဝံလေး said...

ကိုသားကြီး မကောင်းဘူး ၁ ယူသွားတယ် ဟွန်းးး

ကိုယုယရေ စာလာဖတ်တယ်ရှင့် သိလား ပညာရေး အင်းးးးးးးးး ပျက်နေတာကြာပေါ့

မြစ်ကျိုးအင်း said...

တကယ့်အရည်အချင်းနဲ့တတ်တဲ့ ပညာရေးမျိုးတော့ အထင်ကြီးမိပါရဲ့..ငွေပို အချိန်ပိုလို့ယူထားတဲ့ လက်မှတ်တွေတော့ မမက်မောပါဘူးလေ...။

မယ့်ကိုး said...

စာလာဖတ်သွားပါတယ်။
စာကောင်းပေကောင်းလေးတွေ ပြန်တင်ပေးတာ ကျေးဇူးပါနော်။

ကောင်းကင်ပြာ said...

တို့တော့ ဘာမှ မတတ်ခဲ့ဘူးထင်တယ်၊ Graduated လား Educated လားတောင် မသိတော့ဘူး

Angel Shaper said...

ကိုကြီး ပညာပေးဆောင်းပါးလေး ဖတ်တယ်။
ဘာမှမပြောတတ်ဘူးနော်။
သမိးကတော့ Graduate လဲမဟုတ် Educate လဲ မဟုတ်တော့ Educated ဖြစ်ချင်တယ်။ ကြိုစားချင်တယ်။
အရမ်းကောင်းတယ် အကို။။။။
ပိုစ့်ကောင်းလေးအတွက် ကျေးဇူး။
ပျော်ရွှင်ပါစေနော်။

ဇော် said...

မှတ်သားစရာကောင်းတာတွေချည်းပါပဲဗျာ။ =)

yangonthar said...

အစ်ကို ယုယ ပညာအကြောင်းလေး နာယူ သွားတယ် အေးမြသာယာပါစေ ..... :D