Pages

Tuesday, June 30, 2009

နှလုံးသားအသိ


“ပျော်ရွှင်မှုနဲ့ ပူဆွေးသောကကို
နှစ်လိုဖွယ် ရက်လုပ်ထား....
ငါတို့ရဲ့ စိတ်နှလုံး ၀တ်ဆင်ဖို့လေ....”

“ပူဆွေးမှုနဲ့ သောကတိုင်းရဲ့ အောက်မှာ
ပျော်ရွှင်မှု ပိုးချည်မျှင်တွေ ရစ်ပတ်ထား...”

“ပျော်ရွှင်မှုနဲ့ ပူဆွေးမှုက လူကိုဖြစ်တည်ထား
ဒါကို ငါတို့ ကောင်းကောင်း သိထားရင်
ကမ္ဘာကြီးထဲ သေချာ ဖြတ်ကျော်သွား။”

ကျေးဇူးတင်စွာဖြင့်
yu ya

Monday, June 29, 2009

Dictionary of Architecture and Building Construction


ကျွန်တော်ဆီမှာရှိတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ကို မျှဝေပေးတာပါ။ Civil Engineer များနဲ့ Architect များအတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်။ စာအုပ်လေးကို ဖတ်ကြည့်ရတာတော့ ကျွန်တော် ဘာမှ နားမလည်ပါဘူး။ (အဟီး.. ကျွန်တော်က Civil Eng: လည်းမဟုတ်ဘူး၊ Archi Eng: လည်း မဟုတ်တော့ ဘယ်နားလည်မလဲ နော်)။ ကျွန်တော်အတွက် တန်ဖိုးမရှိ၊ အသုံးမကျဘူးဆိုပေမယ့် တစ်ခြား ဘယ်သူတွေအတွက် တန်ဖိုးရှိပြီး အသုံးကျမလဲမှ ကျွန်တော်မသိတာ။ ဒါကြောင့် မိမိအတွက်အသုံးမကျဘူး ဆိုပေမယ့် အဲဒီအရာဟာ တစ်ခြားတစ်ယောက်အတွက်တော့ ကောင်းကောင်း လိုအပ်ကောင်းလိုအပ်နေမယ်၊ အသုံးဝင်ကောင်း အသုံးဝင်မယ် ဆိုတာကို နားလည်ခံစားမိပါသောကြောင့်...
အဟီး.. အဲဒီလိုမျိုးလေး.. လေကြောရှည်လိုက်ရမှ ..yu ya တို့က... ။

Download လုပ်မယ်ဆိုရင် အောက်က လင့်ကလေးကို နှိပ်လိုက်တာနဲ့ ရယူနိုင်မှာပါ။ ဖတ်ကြည့်ပြီးလို့ သဘောကျရင်ဖြစ်စေ၊ သဘောမကျရင်ဖြစ်စေ တစ်ခုခုတော့ ပြောပေးကြပါဦးနော်။ နောက်တစ်ခေါက် တင်ပေးဖို့အတွက်...ရှာလို့ရအောင်။

http://www.megaupload.com/?d=L9IKR6TV


ကျေးဇူးတင်စွာဖြင့်
yu ya


မြန်မာနိုင်ငံ H1N1 သတင်း

ဒီနေ့သတင်းဖတ်ရတာ အင်မတန်မှ စိတ်မကောင်းဖြစ်မိပါတယ်။ အားလုံးလည်း သတိထားနိုင်အောင် အလျှင်စလို မျှဝေပေးလိုက်ရတာမို့ သတင်းမစုံခဲ့ရင် နားလည်ပေးစေချင်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး H1N1 သတင်း -
စင်ကာပူကို မကြာမီက အလည်သွားခဲ့ပြီး ပြန်ရောက်လာတဲ့ ကျောင်းသူလေး (၁၃)နှစ် မှာ H1N1 ရှိနေကြောင်း မီဒီယာတွေက မနေ့က တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါတယ်။ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းက ရန်ကုန်ဆေးရုံကြီးမှာ ရက်သတ္တပတ် တစ်ပတ် သီးသန့်ထားထားတဲ့ အဆိုပါ ထိုကျောင်းသူလေး မှာ H1N1 ကူးစက်ခံနေရကြောင်းကို အတည်ပြုပြောကြားသွားပြီး မြန်မာ့အလင်း သတင်းစာမှာ ထုတ်ပြန်ကြေငြာ သွားပါတယ်။

စင်ကာပူက June 21 နေ့က ပြန်လာတဲ့ ကျောင်းသူလေးမှာ Fever ကော Flu ပါ မည်သည့် Sign မှ မပြခဲ့ပါ။

ကျောင်းသူလေးကို သီးသန့် စာသင်ကြားပေးနေတဲ့ ဆရာက ကျောင်းသူလေး ချောင်းဆိုးလာတာကို သိတိပြုမိရာက ကျောင်းသူလေးကို သောကြာနေ့က ဆေးရုံတင်လိုက်တယ်လို့ သတင်းစာက အခိုင်အမာ ပြောဆိုသွားပါတယ်။

ကျန်းမာရေး ၀န်ကြီးဋ္ဌာနက ကျောင်းသူလေးတဲ့ ဆက်စပ်လျှက်ရှိတဲ့ သူမရဲ့ မိသားစုဝင်များ၊ အတန်းဖော်များ၊ သီးသန့် ဆရာ အစရှိသူတွေကို အပြင်မထွက်ဖို့ တားမြစ်ထားပြီး ကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ရောဂါဖြစ်ပွားလာမှုကို ထိန်းချုပ်နိုင်ရန် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာကိစ္စများကို ပေးအပ်ထားပါတယ်လို့ သတင်းစာက ပြောကြားသွားပါတယ်။

ဒါကြောင့် ရန်ကုန်မှာ ရှိကြတဲ့ မိမိတို့ရဲ့ မိသားစုဝင်များ၊ ဆွေမျိုးများကို အတတ်နိုင်ဆုံး ဂရုစိုက်ဖို့နဲ့ သတိထားကြဖို့ ဆက်သွယ် ပြောဆိုပေးကြပါလို့....

http://www.earthtimes.org/articles/show/275145,myanmar-reports-first-h1n1-case.html

ကျေးဇူးတင်စွာဖြင့်
yu ya


Saturday, June 27, 2009

ဥာဏ်စမ်းပဟေဠိ - ၁

တစ်ခါတစ်ခါမှာတော့ ဘာလုပ်ရမှန်းမသိတဲ့ အချိန်တွေရှိပြီး ရောင်လည်လည်နဲ့ ဖြစ်နေတတ်တဲ့ အခါမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ အထူးသဖြင့် လူပျိုကြီး၊ အပျိုကြီးများ ပိုမို ကြုံတွေ့ရမယ် ထင်ပါတယ် :P ။ အထီးကျန်တဲ့ ခံစားမှုမျိုးလို့ ပြောကြပါတယ်။ (ဟုတ်မဟုတ်ကိုတော့ လူပျိုကြီး၊ အပျိုကြီးများကို ဆက်သွယ် မေးမြန်းပြီး အတည်ယူကြပါရန် :D) အဲဒီလို ဘာလုပ်ရမှန်း မသိတဲ့ အချိန်မျိုးဆိုရင် ဘာလုပ်ကြသလဲဟင်....။

တော်ပြီဗျာ... ဝေ့နေတာနဲ့ပဲ လိုရင်း မရောက်တော့ဘူးဗျ။ အခု ပြောချင်တာက ဥာဏ်စမ်းပဟေဠိအကြောင်း...
အောက်မှာ ပဟေဠိပေါင်း ၁၀ ခု မေးထားမယ်ဗျာ.. ဘယ်လိုလဲ ကျွန်တော်နဲ့ အတူအပြိုင် ဖြေပေးကြမယ် မဟုတ်လား?

1. Which piece below, when fitted into the piece on the right, will form a perfect square?

















2. Which word in brackets is the most opposite to the word in capitals?
PROSCRIBE (allow, stifle, promote, verify, indict)

3. 0,1,2,4,6,9,12,16, ?
What number should replace the question mark?

4. Which number is the odd one out?
9678 4572 5261 5133 3527 6895 7768

5. Isotherm is to termperature as isobar is to -
atmosphere, win, pressure, altitude, current

6.






Which is the missing section?















7. Which is the odd one out?






8.


Each number in the Pyramid is the sum of the two number immediately below it. Fill in the Pyramid with the missing numbers.

9. How many minutes is it before 12 noon, if 48 minutes ago it was twice as many minutes past 9:00 am?

10.


Which number should replace the question mark?

ရမှတ်တွေကတော့ 1-4 (Average), 5-6 (Good), 7-8 (Very Good), 9-10(Excellent) ဆိုပြီး သတ်မှတ်ထားပါတယ်။ အဖြေတွေကို Comment ထဲမှာ ထည့်ကြရအောင်။

ကျေးဇူးတင်စွာဖြင့်
yu ya

ပဉ္စမအသိ (သို့) စပ်စုမိတဲ့ စကားလုံး


မနေ့ ညက Internet Surfing လုပ်ရင်းနဲ့ မမျှော်လင့်ပဲနဲ့ စာလုံးတစ်လုံးတွေ့မိရာက အစပြုခဲ့ပြီး ဒီအကြောင်းကို ရေးမိသွားတာပါ။ သိတတ်စအရွယ်ကတည်းက ဒီစာလုံးရဲ့ ခပ်လှမ်းလှမ်းမှာပဲ နေခဲ့မိတော့ ကိုယ်နဲ့ သိပ်ပြီးတော့ မဆိုင်သလိုလို၊ မပက်သက်သလိုလို ရှိနေခဲ့တာကြောင့် ဒီစာလုံးအပေါ် စိတ်ဝင်စားမှု မရှိခဲ့တာအမှန်ပါ။

ဒီလိုနဲ့ အချိန်တန်လို့ တက္ကသိုလ်ကျောင်းတွေဖွင့်တဲ့အခါမှာလည်း ကိုယ်ရဲ့ ဘ၀ပေးအခြေအနေအရ ဒီစာလုံးရဲ့ ခပ်လှမ်းလှမ်းမှာပဲနေခဲ့ပြီး စိတ်မ၀င်စားခဲ့မိတာ အမှန်ပါ။ ဒါပေမယ့် ဒီစာလုံးအာနိသင် ကျွန်တော်အပေါ် ပထမဆုံး ရိုက်ခတ်လာတဲ့ ခံစားမှုကိုတော့ တက္ကသိုလ်ရဲ့ (၅) တန်းနှစ် ကုန်ခါနီးမှာ ရုတ်တရက် ဝေေ၀၀ါးဝါး သိလိုက်ရတယ်။ အဖြစ်အဖျက်က ဒီလိုပါ။ ကျွန်တော်သူငယ်ချင်းတစ်ယောက် ကျွန်တော်အခန်းထဲဝင်လာပြီး ကျွန်တော်ရင်ဘတ်ပေါ် မျက်နှာအပ်ပြီး ငိုခဲ့တော့တာပဲ။ အကြောင်းအရင်းကို မေးကြည့်တော့ သူ့ကောင်မလေး ရန်ကုန်မှာ ကျောင်းတက်နေတုန်း တစ်ခြားကောင်လေးတစ်ယောက်နဲ့ ဘာလိုလို ညာလိုလိုပေါ့ဗျာ။ ဒီသတင်းက တော်တော်လေးခိုင်မာတယ်တဲ့။ အခြားသူငယ်ချင်းတစ်ယောက်ရဲ့ ညီက သူ့ကောင်မလေးကျောင်းကဆိုတော့ သတင်းတွေက အမြဲပြန်ရောက်နေတာတဲ့။ သူငယ်ချင်းရဲ့ တိုင်ပင်မှုတွေ၊ ဆုံးဖြတ်မှုတွေအပေါ် ကျွန်တော်ရဲ့ မပြည့်ဝနိုင်သေးတဲ့ တစ်ထွာတစ်မိုက်အသိလေးနဲ့ အကောင်းဆုံး အကြံဥာဏ်တွေ ပေးခဲ့မိပါတယ်။ ဒါနဲ့ပဲ ဒီစကားလုံးအပေါ် သူငယ်ချင်းရဲ့ ခံစားချက်လေးတွေကို ကိုယ်ချင်းစာနာစိတ်နဲ့ မသိစိတ်က သိသလိုလိုနဲ့ သိစိတ်က မသိသလိုလို ဖြစ်ခဲ့မိတာ “ပထမအသိ”ပေါ့။

ဒုတိယ အကြိမ်ကတော့ ငယ်သူငယ်ချင်းတစ်ယောက်ပေါ့။ သူက ကျွန်တော်တို့နဲ့ လိုင်းမတူပါဘူး။ ကျွန်တော်ဆိုလိုတာက ကျွန်တော်တို့ ကျောင်းပြီးလို့ ယောင်ခြောက်ဆယ် ဖြစ်နေတဲ့အချိန်ကတည်းက သူက မိဘပိုင် စီးပွားရေးလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေပြီးတော့ လူကြီးတစ်ယောက်ရဲ့ အတွေးအခေါ်တွေကို အနည်းငယ်မျှ ပိုင်ဆိုင်နေပြီး ဖြစ်နေတဲ့ အချိန်ပါ။ ဒါပေသည့် သူလည်းလေ လောကီသားပေမို့ ဒီစကားလုံးကို မကြုံချင်ပါသော်လည်း သူ့ဘ၀ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့သည်။ အဲဒီနေ့က မိုးမရွာပါဘူး။ ရာသီဥတုအားလုံးလည်း ကောင်းနေပါတယ်။ ဒါပေမယ့် ဒီသူငယ်ချင်းအိမ်ပေါ် တက်လာပြီးတော့ “သွားပါပြီကွာ” လို့ ဆိုခဲ့တဲ့ အသံကိုတော့ ဒီနေ့ထိ ကြားရောင်နေဆဲပါ။ ဖြစ်ပုံက သူအရမ်းနဲ့ ချစ်တဲ့ကောင်မလေးက သူ့ဖွင့်ပြောလိုက်တဲ့ နေမှာပဲ သူ့ကို ငြင်းလိုက်ပါတယ်တဲ့။ အဲဒီမှာတင် ဒီစကားလုံးလည်း သူငယ်ချင်းရဲ့ ဘ၀ထဲကို ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာခဲ့ပြီး ကျွန်တော်ကို ရင်လာဖွင့်တော့တာပဲ။ ဒါက ဒီစကားလုံးအပေါ် သိတဲ့ “ဒုတိယ အသိ” ပါ။

နောက်တစ်ယောက်ကတော့ တက္ကသိုလ်ကျမှ သိခဲ့ရပြီး စိုင်းစိုင်းခမ်းလှိုင်သီချင်းထဲကလို မင်းဟာ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းပါကွာ လို့ ကျွန်တော်ကို ပြောခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပေါ့။ ဘ၀ရဲ့ သံစဉ်တွေ မပီပြင်နေသေးတဲ့ သူငယ်ချင်း တစ်ယောက်ပါ။ အဖေကလည်းဆုံး၊ ချစ်သူကလည်းမုန်း ပြီး တစ်ကိုယ်တော် လေလွင့်နေတဲ့သူပါ။ ဖြစ်ပုံက ဒီလိုပါ။ သူရဲ့ သွေးသောက်ချစ်သူ နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီး တစ်ခြားကောင်လေး တစ်ယောက်နဲ့ ကြိုက်သွားတဲ့အချိန်မှာတော့ ဟော့ဟော့ဒိုင်းဒိုင်းနဲ့ ဒီစကားလုံးက ကျွန်တော်ဆီ “တတိယ အသိ” အဖြစ်နဲ့ ရောက်လာ ခဲ့ရပါတော့တယ်။

ကျွန်တော်အိမ်ထောင်ပြုပြီး နှစ်ဝက်လောက်အကြာ အတော်လေးခင်မိတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အင်တာနက်ဆိုင် တစ်ဆိုင်ရှေ့ မှာ စကားလက်ဆုံ ပြောခဲ့ကြပြီးနောက် - သူ့ရဲ့ သိုသိုသိပ်သိပ် နေတတ်တဲ့ အကျင့်လေးကြားထဲကပဲ ဒီစကားလုံးလေး ခုန်ပေါက်ထွက်ကျလာပြီး ကျွန်တော်ကို အံ့အားမှင်သက် နေစေခဲ့တာဟာ “စတုတ္ထအသိ” ဆိုပါတော့ဗျာ - သူရဲ့ ချစ်သူကောင်မလေး နိုင်ငံခြားမှာ တစ်ခြားတစ်ယောက်နဲ့ အကြောင်း ပါသွားပြီတဲ့။

ကျွန်တော်ရဲ့ “ပထမ၊ ဒုတိယ၊ တတိယ နဲ့ စတုတ္ထ” စတဲ့ အသိတွေဟာ သူငယ်ချင်းတစ်ယောက်ဆီရဲ့ စိတ်နေစိတ်ထားတွေ၊ အတ္တတွေ၊ မာနတွေ၊ မခံချင်စိတ်တွေ နဲ့ ... စတာတွေအပေါ်မူတည်ပြီးတော့ တစ်ခုနဲ့ တစ်ခု လွန်စွာမှ ခြားနားလှပါတယ်။ အသေးစိတ်တွေကိုတော့ ကာယကံရှင်တွေရဲ့ ခံစားချက်တွေကို လိုက်မမှီမှာ စိုးရိမ်မိပါသဖြင့် မဖော်ပြပေးတော့ပါဘူးနော်။

“ပဉ္စမအသိ”....... ???????? ဒါနဲ့ပဲ ကျွန်တော်ရဲ့ ပဉ္စမအသိကိုတော့ သူငယ်ချင်းတွေထဲက မကြားချင်တော့လို့ Internet ကပဲ ရှာဖွေပြီးတော့ ရလာတဲ့ အကောင်းဆုံး အဖြေကို အောက်ပါအတိုင်း မျှဝေပေးလိုက်ပါတယ်။

ဒီစကားလုံးနဲ့ ပက်ပင်းတိုးတဲ့အခါမှာ- သင်ဟာ အလွန်အမင်း ၀မ်းနည်းကြေကွဲနေပါလိမ့်မယ်။ သစ္စာအဖောက်ခံရတယ် အထီးကျန်တယ်လို့ ခံစားနေရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတဲ့အဖြေကို မကြာခဏ ရှာဖွေနေလိမ့်မယ်။ သွေးပူတုန်းမှာ ထာဝရ ခွင့်လွတ်နေပါလိမ့်မယ်။ သင့်ကိုယ်ကို ကုစားမယ် ဒါမှမဟုတ်ရင်တော့ စိတ်တွေရှုပ်ပွပြီး နေပါလိမ့်မယ်။ ပြီးရင်တော့ သူ့တို့ကို သူငယ်ချင်းအနေနဲ့ပဲ ဆက်လက်ပက်သက်ကောင်း ပက်သက်နေနိုင်မှာ ဖြစ်ပါတယ်။ ဒါပေသည့် သူတို့နဲ့ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကိုတော့ ဘယ်တော့မှ မေ့လို့ ရတော့မှာ မဟုတ်ပါဘူး။ - သူတို့ကို လက်စားမချေချင်ဘူး၊ မနာလို မုန်းတီးမှု မဖြစ်ဘူး၊ သူတို့ကို ပြန်လည်း မရယူချင်တော့ဘူး၊ ဒါအပြင် သူတို့ အကြောင်းကို စဉ်းစားလိုက်တဲ့အခါတိုင်းမှာ သူတို့ သင့်အပေါ် ဘာတွေ လုပ်ခဲ့သလဲဆိုတဲ့အတွေးအစား ဘာတွေလုပ်နေလဲ ဆိုပြီးတွေးနေမိတဲ့အခါမှာဆိုရင်တော့ဖြင့် - သေချာပါတယ် သင်ဟာ သင့်ရဲ့ နှလုံးသားကို ကုစားခဲ့ပြီဆိုတာပါပဲ။

***ကျွန်တော် Music Player လေးရဲ့ နံပါတ် ၄ သီချင်းကို နားထောင်မိတိုင်းအကြောင်း အမျိုးမျိုးကြောင့် ဒီစကားလုံးနဲ့ ကြုံတွေ့ခဲ့ရတဲ့ သူငယ်ချင်းများစွာသို့***

ကျေးဇူးတင်စွာဖြင့်
yu ya


Friday, June 26, 2009

ကြွေလွင့်သွားတဲ့ အနုပညာရှင်တစ်ဦး


အသက် ၅၀ နှစ်ရှိပြီဖြစ်တဲ့ Pop ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်တစ်ယောက် သူ့ရဲ့ နှစ် ၅၀ ပြည့် တေးဂီတ ဖျော်ဖြေပွဲကို လန်ဒန်မြို့ နာမည်ကြီး 02 အားကစားကွင်းမှာ July 13 ရက်နေ့စတင်ဖျော်ဖြေဖို့အတွက် ပြင်ဆင်နေရင်း မနေ့က ရုတ်တရက် ကြွေလင့်သွားခဲ့ရပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာ နေ့စဉ်နဲ့အမျှ၊ နာရီတိုင်းလိုလို သူရဲ့ Pop အက အဖွဲ့နဲ့ ဂီတဖျော်ဖြေပွဲအတွက် အားသွန်ခွန်စိုက် ပင်ပင်ပန်းပန်း ကြိုးစားနေခဲ့ပါတယ်။ သူနဲ့ သူရဲ့ ၀ါသနာအိုးတွေက သူရဲ့ မှေးမှိန်နေတဲ့ ဂုဏ်သတင်းကို Pop လောကမှာ ပြန်လည် ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေခဲ့ကြတာပါ။

(သေဆုံးရခြင်းအကြောင်းရင်းကိုသိရန်) အလောင်းခွဲစိတ်ခြင်း (Autopsy) ကို ဒီနေ့ သောကြာနေ့မှာ ပြုလုပ်ကြဖို့ စီစဉ်ထားပါတယ်။ အဆိပ်ဗေဒနဲ့ ပက်သက်တဲ့ စစ်ဆေးမှုတွေ ပြီးသည့်တိုင်အောင် အဖြေက ချက်ချင်း ထွက်ဆိုနိုင်မှာ မဟုတ်ပါဘူး။ လုပ်ငန်းကိစ္စတွေဟာ ၂ ရက် ၃ ရက်လောက်ကြာတတ်ပြီး တစ်ခါတစ်ရံ တစ်ပတ် လောက်ထိအောင် ကြာတတ်ပါတယ်။ ဒါပေမယ့် အလောင်းခွဲစိတ်ပြီးလို့ ရလာတဲ့ အဖြေကိုတော့ ကြေငြာပါမယ်လို့ Los Angeles ရဲ့ လူသေမှု စုံစမ်းစစ်ဆေးရေးအရာရှိ Jerry McKibben က ပြောကြားသွားခဲ့ ပါတယ်။

ဆေးဖက် ပါရဂူတွေက သူကို အိမ်မှာ သတိပြန်ရလာအောင် ၄၅ မိနစ်လောက် အစွမ်းကုန် ကြိုးစားခဲ့ပြီး ဆေးရုံကို အပူတပြင်း ပို့ဆောင်လိုက်ကြပါတော့တယ်။

မိုက်ကယ်ဂျက်ဆင်ဟာ သူ့အိမ်မှာ နှလုံးခုန်ရပ်သွားတယ်လို့ ထင်မြင်ယူဆရပါတယ်။ ဒါပေမယ့် သူ့ရဲ့ သေဆုံးမှု အကြောင်းရင်းကိုတော့ဖြင့် အလောင်းခွဲစိတ်ပြီးတဲ့အထိ မသိရသေးပါဘူးလို့ အစ်ကိုဖြစ်သူ Jermaine က ပြောကြားခဲ့ပါတယ်။

မိုက်ကယ် ဂျက်ဆင်ရဲ့ သေဆုံးမှုဟာဆိုရင်ဖြင့် ၀မ်းနည်းမှုနှင့်အတူ နှမျောမှုကိုပါ ဖြစ်ပေါ်စေပါတယ်။ ကျွန်တော်တို့ သိတတ်စ အရွယ်ကတည်းက သူ့ရဲ့ သီချင်းတွေနားထောင်၊ MTV တွေကြည့်လာခဲ့ကြတာဟာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း လောက်ကမှ သူ့ရဲ့ နာမည် ကျဆင်းလာမှုကြောင့် အခွေတွေ မထွက်နိုင်တော့မှပဲ သူ့ကို မေ့တေ့တေ့ ထားခဲ့ကြတာပါ။ ဒါတောင် သူရဲ့ သီချင်းတစ်ပုဒ်က ကျွန်တော်ရဲ့ အကြိုက်ဆုံး တေးသီချင်းတွေထဲမှာ ပါနေပါသေးတယ်။ ကျွန်တော်ရဲ့ Player လေးမှာ ရှာပြီး နားဆင်နိုင်ပါတယ်။ We are the World တေးသီချင်းလေးပါ။

လူတစ်ယောက်ဟာ ဘာတွေပဲ ကောင်းခဲ့ကောင်းခဲ့ ဘာတွေပဲ ဆိုးခဲ့ဆိုးခဲ့ သေဆုံးသွားတဲ့ အချိန်မှာတော့ သူဘာမှ မသိနိုင်တော့ပါဘူး။ ကျန်ရစ်ခဲ့သူတွေမှာသာ ပူဆွေးသောကတွေ၊ သတိရခြင်းတွေ၊ သံဝေဂတွေနဲ့ ဆက်လက် ဖြစ်တည်နေခဲ့ရတာပါ။

ဘာပဲဖြစ်ဖြစ်ပေါ့လေ... ကွေးသောလက် မဆန့်မီ၊ ဆက်သောလက် မကွေးမီ အချိန်လေးအတွင်းမှာ ကိုယ့်အတွက် ပါနိုင်တာလေးတွေကို တတ်နိုင်သလောက် ယူထားကြမယ်ဆိုရင်တော့ဖြင့်....

ကျေးဇူးတင်စွာဖြင့်
yu ya

Thursday, June 25, 2009

တနင်္လာနေ့ ကြောက်သူများ


လွန်လွန်မင်းမင်း ကြောက်ရွံ့ ခြင်း (Phobia) ဆိုတာ လူတွေ၊ အရာဝတ္ထုပစ္စည်းတွေ၊ လုပ်ရှားမှုတွေနဲ့ အချို့ အချို့ သော အခြေအနေတွေအပေါ်မှာ အကြောင်းမဲ့ ယုတ္တိမရှိပဲ ပြင်းပြင်းထန်ထန် လွန်လွန်ကဲကဲ စွဲစွဲမြဲမြဲ ကြောက်ရွံ့ ပူပန်မှုတစ်ခုကို ပြောတာပါ။ ဒီရောဂါရဲ့ အဓိက လက္ခဏာကတော့ ကြောက်ရွံ့ တဲ့ အကြောင်းအရာတွေကို ရှောင်ရှားဖို့ ရန် လွန်ကဲပြီး အကျိုးသင့် အကြောင်းသင့် မဟုတ်တဲ့ လိုအင်ဆန္ဒတွေပါပဲ။

တစ်ခါက သူငယ်ချင်းတစ်ယောက် စင်ကာပူကို လာလည်တော့ အလုပ်ရှာနေဆဲ အခြားသူငယ်ချင်း တစ်ယောက်ကို မင်းဘယ်မှာနေလဲ လို့ မေးမိပါတယ်။ အလုပ်ရှာနေဆဲဖြစ်တဲ့ သူငယ်ချင်းကလည်း ရောက်တာမှ ၂ ပတ်လောက်ရှိ သေးတာဆိုတော့ ရေရေလည်လည် မရှင်းပြတတ်ဘူးနဲ့ တူပါတယ်။ သူဖြေလိုက်တာက အစိမ်းရောင် MRT လိုင်းမှာ နေတယ်လို့ လွယ်လွယ်ဖြေလိုက်ပါတယ်။ ဒါနဲ့ပဲ အလည်ရောက်နေတဲ့ သူငယ်ချင်း မှတ်ချက်ပေးလိုက်တာက “သြော်.. ဒါဆို.. မင်းနေတာက အစိမ်းရောင် လိုင်းဆိုတော့ စိမ်းစိမ်း ကားကားကြီးပေါ့.နော်” ဆိုပြီး ကောက်ခါငင်ခါ ပြောလိုက်ပါတယ်။ ဘာပြောကောင်းမလဲ .. အလုပ်ရှာနေဆဲ သူငယ်ချင်းက အားရပါးရကို ကော်ဆဲတော့တာပဲ... နောက်ပြီး သူက အလည်လာတဲ့ သူငယ်ချင်းကို ပြန်ပြောလိုက်သည်ကား “မှတ်ထား.. ငါနေတာက စိမ်းလန်းစိုပြေမှာ နေတာ၊ မင်းကြီးတော် စိမ်းစိမ်းကားကားမဟုတ်ဘူး” ဆိုပြီးတော့လေ။ ကျွန်တော့မှာ ရယ်လိုက်ရတာဗျာ..။ အဲဒီ အလုပ်ရှာနေတဲ့ သူငယ်ချင်းအကြောင်း ကြုံကြိုက်တုန်း (မြန်မာလိုဆိုရင် အယူသီးတယ်ခေါ်မလား၊ အကျအနကောက်တယ် ခေါ်မလားပဲ) ပြောပြချင်လို့ပါ။ အလုပ်ရှာနေဆဲကာလမှာ ယတြာချေတော့ ဘုရားကို ဘာကပ်တယ်ထင်သလဲဗျ။ မင်းဂွတ်သီးပါတဲ့ဗျာ။ သူ့ရဲ့ idea က ဘာလဲဆိုတော့ “မင်း (ဘုရင်) တောင် Good သေးတာ၊ ငါက ဘာလို့ မ Good ရမှာလဲ” တဲ့လေ။ တစ်ချို့ လူတွေရှိတယ်ဗျ.. အများကြီးကို တွေ့ ဖူးပါတယ်။ ပြောလိုက်တဲ့ စကားလုံးတိုင်းပေါ်မှာ လွန်လွန်မင်းမင်းကို အထအနကောက်တော့တာပဲ။ အဲဒီလို ဆိုရင်တော့ သူတို့မှာ (Logophobia) ရောဂါ ရနေပြီလို့ ဆိုနိုင်ပါတယ်။ (Logophobia) ဆိုတာ An Obsessive Fear of words ပါတဲ့။

ဒီလိုပါပဲ အလုပ်လာရှာတဲ့ သူငယ်ချင်းတစ်ယောက် - သူက Mechanical Engineer တစ်ယောက်ပါ။ သူ့ရဲ့ English Speaking Efficiency ကတော့ သူလို ကိုယ်လိုပဲဗျ။ (သူလို ကိုယ်လို ဆိုကတည်းက ကျွန်တော်လည်း ပါသွားပြီနော် :P..) ကျွန်တော်တို့ မြန်မာလူမျိုး တော်တော်များများက Four Skills မှာ ဆိုရင် Speaking Skill ကို အားနည်းကြတယ်။ (ဟုတ်လားမသိဘူး... မဟုတ်ရင်လည်း ပြောကြပါအုံးနော်) ။ အဲဒီသူငယ်ချင်းက သူဒီကို မလာခင် ဘာတွေပြင်ဆင်ခဲ့ရမလဲဆိုပြီး ကျွန်တော်ကိုမေးတော့ လူတတ်ကြီးလုပ်ပြီး English Speaking နဲ့ Chinese Speaking တက်ခဲ့ဖို့ ပြောခဲ့ပါတယ်။ မဟုတ်ရင် Phone Communication တွေမှာ ဒုက္ခရောက်လေ့ ရှိပါတယ်လို့ သူ့ကို ပြောပြခဲ့တယ်။ ဒီသူငယ်ချင်းက ကျွန်တော်စကား တသွေမသိမ်း နားထောင်တယ်ဗျာ။ အချိန်မရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာမှ တတ်မလာဘူး။ ကောင်းရော။ ဒါနဲ့ပဲ အလုပ်ကတော့ ဟိုလိုလို ဒီလိုလိုနဲ့ ရသွားတယ်ဆိုပါတော့ဗျာ။ အဲဒီမှာ စတွေ့တာပဲ။ သူ့အလုပ်က သူ့ကို ဖုန်းခေါ်ပြီး ပြောလာတာတွေကို နားမလည်လို့ဆိုပြီး ဖုန်းကို တစေတစ်ကောင်လို ကြည့်နေတတ်တယ်။ အားလပ်ရက်တွေ ဖုန်းလာရင် ဖုန်းကိုင်ဖို့ ကြောက်နေတတ်တယ်။ သူပြောတာ ကိုယ်မသိ၊ ကိုယ်ကပြောချင်တာကိုလည်း ထိထိရောက်ရောက် မပြောနိုင်။ ဒါနဲ့ပဲ အင်္ဂလိပ် စကားပြောရမှာကို ကြောက်သွားကြတော့တာပဲ။ အဲဒီလို စကားပြောရမှာကို ကြောက်ပြီး စကားမပြောရဲတော့ဘူးဆိုရင်တော့ သူတို့မှာ (Halophobia) ရောဂါ ရသွားပြီပေါ့။ (Halophobia) ဆိုတာ Fear of Speaking ပါတဲ့။

ဒါနဲ့ ပြီးခဲ့တဲ့ အပတ်ကထင်တယ် ... သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောဖြစ်တော့ အဒေါ်ကြီး တစ်ယောက်အကြောင်း ပြောပြပါတယ်။ သူ့ သူငယ်ချင်းရဲ့ အမေပါတဲ့။ ခရမ်းရောင်လိုင်း MRT ကို လုံးဝ မစီးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ - ခရမ်းရောင်လိုင်း MRT က ရထားက မောင်းတဲ့လူလည်း မပါဘူး ဒီကြားထဲ မြန်လည်းမြန်လို့ မစီးရဲဘူးဖြစ်နေတယ်တဲ့ဗျာ။ ဒါနဲ့ပဲ ခရမ်းရောင်လိုင်းက နေရာတွေကို သွားမယ်ဆိုရင် ကားပဲ စီးသွားကြရပါတယ်တဲ့။ သူ့ရဲ့ အတွေ့ အကြုံက မြန်ရင် ဘာဖြစ်ခဲ့လဲမှ မသိတာနော်။ ဒါကြောင့် အဲဒီ အန်တီကြီးလို လူမျိုးတွေဆိုရင်တော့ (Tacophobia) ဖြစ်တယ်လို့ပဲ ပြောလို့ ရပါတယ်။ Tacophobia ဆိုတာ Fear of Speed ပါတဲ့။

ကိုမင်းအိမ်ဖြူ ကတော့ အနင်းခံရလို့ နာကျင်မှာကို မကြောက်ဘူးဗျ... သူကိုတော့ Algophobia ကင်းမဲ့သူအဖြစ် လေးစားစွာ အသိအမှတ် ပြုပါတယ်ခင်ဗျာ :P

ဒီလိုမျိုး လွန်လွန်မင်းမင်း ကြောက်ရွံ့ မှုများဟာ ပြင်ပအဖြစ်အဖျက်တွေနဲ့ အတွင်းပင်ကို ဗီဇတွေကြောင့် ဖြစ်ပေါ် လာတာလို့ ယေဘူယျ ယူဆထားကြပါတယ်။

ကုထုံးတွေ အများကြီးရှိပေမယ့် ဘယ်ကုထုံးကမှ ထိထိရောက်ရောက် အကျိုးသက်ရောက်မှု ရှိတာကို သက်သေပြနိုင်တာ မရှိသေးပါဘူး။ လူပေါ် မူတည်ပြီးတော့ပဲ ကုထုံးတွေကို ပြောင်းပေးတတ်ပါတယ်။

ဒါနဲ့ စကားမစပ်ဗျာ... ခင်ဗျားတို့ တနင်္လာနေ့ကို ကြောက်ကြလားဗျ... ရုံးတက်ရတော့မှာမို့လို့လေ။ ဒါဆိုရင်တော့ ခင်ဗျားတို့မှာ လွန်လွန်မင်းမင်း ကြောက်တတ်တဲ့ ရောဂါ တစ်ခု ရှိနေပြီသာ မှတ်ထားလိုက်ကြပေတော့.. lol..lol.။

*** Monday နေ့ရောက်မှာကို ကြောက်တတ်တဲ့ သူငယ်ချင်းတစ်ယောက်သို့ အမှတ်တရ***

ကျေးဇူးတင်စွာဖြင့်
yu ya



Wednesday, June 24, 2009

စိတ်ကူးမိပါတဲ့ ပုဂံ

တနင်္လာနေ့ ။ ရုံးဖွင့်ကတည်းက များလိုက်တဲ့အလုပ်။ ။ ပျားတောင် ထိုင်ငိုရမလားပဲ။ အိမ်ပြန်နောက်ကျလို့ မဟေသီက သိပ်မကြည်။ ဒါနဲ့ပဲ ညစာလေးစားပြီး စာလေး ကုတ်ကုတ်နဲ့ ကျက်နေခဲ့တာ ၂ ရက်တိတိ။

မြန်မာနိုင်ငံက ငယ်သူငယ်ချင်းတစ်ယောက်နဲ့ မနေ့က ဖုန်းပြောဖြစ်တော့ လာမယ့်နှစ် အလည်ပြန်ရင် ခရီးထွက်ကြမယ်ဆိုတဲ့အကြောင်း ပြောဖြစ်ကြရင်းနဲ့ ဒီအကြောင်းအရာလေးကို ဖော်ပြ ဖြစ်သွားတာပါ။

ကျွန်တော်တို့ဟာ တစ်နေရာမှ အခြားတစ်နေရာကို ပျော်ရွှင်မှု ဒါမှမဟုတ် လိုအပ်ချက်အနေနဲ့ ခရီးများ သွားလာနေကြရပါသည်။ တော်တော်များများအတွက် ခရီးသွားခြင်းဟာ ၀ါသနာများထဲမှ တစ်ခုဆိုရင် မမှားပါဘူး။ ဒါကြောင့် လည်းပဲ အားလပ်ရက် Holiday များမှာ ခရီးသွားလာကြခြင်းဖြင့် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အချိန်များကို ကုန်ဆုံးစေကြတယ် မဟုတ်လား။


ကျွန်တော်ရဲ့ ယခုလက်ရှိ Boss မြန်မာနိုင်ငံကို ရောက်တုန်းကပေါ့။ ၂၀၀၆ခုနှစ် အလုပ်ကိစ္စနဲ့ ပခုက္ကူ ဆင်မင်းသစ်ဆိပ်ကို သွားတုန်းက ဘ၀မှာ တစ်ကြိမ် တစ်ခါသာ ၀င်ရောက် လည်ပတ် ဖူးမျှော်ခဲ့ပါသော ပုဂံခရီးစဉ်လေးပါ။

ပုဂံလို့ဆိုရင် ရှင်ဓမ္မဒဿီ(ခေါ်) ရှင်အရဟံ မထေရ်မြတ်ကြီးနဲ့ ပထမ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းတရားကြီးကို သမိုင်းထဲမှ ဆွဲထုတ်မိကြပါတယ်။ မဟုတ်ရင်တော့ သူတို့ကို သမိုင်းထဲမှာပဲ တိတ်တိတ်လေး ထားထားကြပါတယ်။ (ခွင့်လွတ်ပါ အနော်ရထာ - အချိန်သိပ်မရှိလို့ပါ :P)

ကျွန်တော် အထက်မြန်မာပြည်ကို အလုပ်ကိစ္စနဲ့ ခရီးသွားတိုင်း ပုဂံမြို့ ကို ရောက်ဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်က အချိန်နဲ့အမျှ အရေးကြီးတဲ့အတွက် ပုဂံမြို့ ထဲမှာ အများအားဖြင့် တစ်နာရီပြည့်အောင်တောင် မနေ ဖြစ်ခဲ့ပါဘူး။ ဘုရားတွေကို ဖူးထိုက်တဲ့ကံ မပါလာသေးလို့နဲ့ တူပါတယ်။ ကျွန်တော်ထင်တယ် အနည်းဆုံး ၃ ခေါက်လောက် ပုဂံမြို့ ထဲမ၀င်ဖြစ်ပဲ “လက်ပံခြေပေါ်” ဇက်ဆိပ်ကို တန်းသွားခဲ့ရတယ်။ မကွေးကနေ ပခုက္ကူကို နေ့ချင်းပြန်သွားတုန်းကလည်း ဇက်မစောင့်ချင်လို့ ချောက်မြို့ အရောက်မှာ ပုဂံလမ်းကို မရွေးခဲ့ပဲ တန့်ကြည်တောင်ဖက်လမ်းကနေ ပခုက္ကူကို သွားဖြစ်ခဲ့တယ်။ တန့်ကြည်တောင်ကို ဖြတ်ကျော်လို့ တန့်ကြည်တောင်ဘုရားကို အပြန်ဝင်ဖူးလိုက်အုံးမယ်လို့ စိတ်ကူးသွားခဲ့တာ ပခုက္ကူအရောက်မှာ မထင်မှတ်ပဲ အလုပ်ကိစ္စကြောင့် ကြန့်ကြာသွားခဲ့ရလို့ အပြန်မှာ ၀င်မဖူးလိုက်ရဘူးဗျာ။



ဒီကနေ့ထိ တန့်ကြည်တောင်ဘုရားကို မဖူးခဲ့ရသေးဘူး။ တူရွင်းတောင်ဖက်ကနေလည်း ဖြတ်သွားဖူးတယ်။ ဒါပေမယ့်ဗျာ ဒီနေ့အထိလည်း တူရွင်းတောင်ဘုရားကို မဖူးဖြစ်သေးပါဘူး။ ဂန့်ဂေါမြို့ ကို သွားတုန်းကလည်း အလောင်းတော်ကဿဖ ရှေ့ တည့်တည့်ကနေကို ဖြတ်သွားခဲ့တာ။ မ၀င်ဖြစ်ခဲ့ပါဘူးဗျာ။ ဘာကို ရိုးမယ်ဖွဲ့ရမလဲ...။ အခွင့်အရေးပေးတယ်..။ အခွင့်အခါလည်း သင့်ပါလျက်။ ဒါပေမယ့် ဘာကြောင့်လဲ...။ မမြင်ရတဲ့ ကံကြမ္မာကို အပြစ်တင်ရမလား...။ ဒါမှမဟုတ် ပြုစားတတ်တဲ့ အချိန်ကိုပဲ စောဒက တက်ရမလား။

ဘ၀မှာ ဒီလိုပါပဲ အဖက်ဖက်က အားသာချက်များ ရှိနေကြပါလျက် အရာ တစ်ခုက လိုအပ်မြဲ လိုအပ်နေကြတာကြောင့် ပြီးပြည့်စုံမှု မရှိနိုင်ဘူးဆိုတာကတော့ ပထမ အရွယ်လွန်လို့ ဒုတိယအရွယ်ထိတိုင် ပြည့်ဝစွာ နားမလည်နိုင်သေးပါလား။
ထားလိုက်ပါတော့လေ... ဒီနေ့ထိ မဖူးဖြစ်သေးတာကိုက လုံလောက်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်နေပြီပဲနော်။

ဒါကြောင့် ဒီတစ်ခေါက် အခွင့်အခါသင့်ခဲ့ရင်၊ အခွင့်အရေး ရခဲ့ရင် မရောက်ရောက်အောင် သွားဖူးမယ်လို့ စိတ်ထဲမှာ ကြုံးဝါးနေမိခဲ့ပါတယ်။

ဖူးခဲ့ကြဘူးတဲ့ သူတွေရှိရင်လည်း မျှဝေပေးပါအုံးလို့ ....








ကျေးဇူးတင်စွာဖြင့်
yu ya


Sunday, June 21, 2009

မဆုံးတဲ့ ချစ်ခြင်းမေတ္တာ

နေ့ရက်တစ်ရက် ကုန်ဆုံးသွားတိုင်း မင်းကို (ပို၍ ပို၍) တိုး၍ တိုး၍ ချစ်ခင် မြတ်နိုးလာရတယ်လေ။ မနက်ဖန် ဆိုတာကို တရွေ့ ရွေ့ ချဉ်းကပ်လာတဲ့ အခါတိုင်း ရင်ခုန် ပီတိ ဖြစ်ရတယ်. ဘာဖြစ်လို့လည်းဆိုတော့ မနေ့ကထက် ပိုလို့ချစ်မြတ်နိုးလာမှာ ဖြစ်ပြီး မနက်ဖန်မှာလည်း မင်းကို ဒီနေ့ထက် ပိုလို့ချစ်မြတ်နိုးလာမယ်ဆိုတဲ့ အသိလေးကြောင့်ပါပဲ။ မင်းအပေါ် ထားရှိတဲ့ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို စကားလုံးများ သက်သက်နဲ့တော့ မတိုင်းတာနိုင်ပါဘူး.. ပြီးတော့ ချစ်ခြင်းမေတ္တာဆိုတဲ့ ဒီစကားလုံးကလည်း မင်းအတွက်ထားရှိတဲ့ ကိုယ့်ရဲ့ အစစ်မှန်ဆုံး အထူးတလည် ခံစားချက်တွေကို အပြည့်အ၀ ဖော်ဆောင်ပေးနိုင်စွမ်း မရှိပါဘူး။

ကိုယ်တို့ရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို စိတ်ကူး ကြည့်လိုက်တဲ့အခါ ဘ၀ရဲ့ အံသြဖွယ်ရာများက ကိုယ့်တို့ကို ထင်ဟပ်နေစေပါတယ်။ နှစ်လုံးသားနှစ်ခု တစ်သားတည်း ဖြစ်လာခဲ့ရာမှ ကိုယ်တို့ရဲ့ ချစ်မေတ္တာများ တစ်ဆတစ်ဆ ကြီးထွားလာကာ နေ၀င်ဆည်းဆာ နှင့် ကိုယ်တို့ရဲ့ နှလုံးသားများကို နှစ်သိမ့်တတ်တဲ့ အမေရဲ့ ဆည်းလည်းသံများ ကဲ့သို့ သာယာ နှစ်လိုဖွယ်ကောင်းနေပါတော့တယ်။ မင်းတစ်ယောက်တည်းသာလျှင် ကိုယ့်ကို မျှော်လင့်ချက် များစွာ ပေးနိုင်သူ၊ ပြီးတော့ ဘ၀ရဲ့ စစ်မှန်တဲ့ အဓိပါယ်ကိုလည်း ဖော်ဆောင်ပေးစွမ်းမှု ပြုနိုင်သူပါ။

ဒါကြောင့် တစ်ပေါင်းတည်းဖြစ်နေတဲ့ ကိုယ်တို့ နှလုံးသားများမှ ထွက်ပေါ်လာတဲ့ ရင်ခုန်သံ စည်းချက်မှန်မှန်ကို အသက်ထက်ဆုံး မဆုံးတဲ့ ချစ်ခြင်းမေတ္တာများနဲ့အတူ အစဉ်ထာဝရ နားဆင်သွားကြပါစို့လား။

***တစ်ခါက တစ်ကြိမ်တစ်ခါသာ စိတ်ကောက်ဖူးသူ ကျွန်တော် မဟေသီသို့ ရည်ရွယ်ပါသည်***

ကျေးဇူးတင်စွာဖြင့်
yu ya

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာဆိုတာ ပေတံ ဒါမှမဟုတ် တိုင်းတာလို့ရတဲ့ မည်သို့သောအရာနှင့်မျှ အကဲဖြတ်လို့ မရနိုင်ပါ။ ချစ်ခြင်းမေတ္တာရဲ့ အရွယ်အစား၊ အရေးပါမှုအတိုင်းအတာနဲ့ ကိုယ့်ဘ၀မှာ ဘယ်လောက်ထိတောင် အရေးကြီးသလဲ ဆိုတာကတော့ တစ်ဦးချင်း တစ်ယောက်ချင်းအပေါ် မူတည်နိုင်ပါတယ်။ ချစ်ခြင်းမေတ္တာ ဆိုတာ အနန္တစကြာဝဋ္ဌာဖြစ်ပြီး ခေတ်ကာလတွေကို ဖြတ်ကျော် သွားလာနေပါသည်။ လွန်ခဲ့တဲ့ ၁၅ ရာစုခေတ်က လူတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ မျက်မှောက်ခေတ်လူတွေရဲ့ ချစ်ခြင်းမေတ္တာ အတူတူပါပဲလား။ အဖြေကတော့ အင်မတန်မှ ရိုးရိုးစင်းစင်းလေးပါပဲ - “ဟုတ်ကဲ့... အတူတူပါပဲ”

ချစ်ခြင်းမေတ္တာမှာ ပုံစံ အမျိုးမျိုးရှိပါတယ်။ ဥပမာ... အမေတစ်ယောက်နဲ့ သူမရဲ့ ရင်သွေးကြားမှာ ချစ်ခြင်းမေတ္တာ တည်ရှိပါတယ်။ ဒီလိုပုံစံမျိုး ချစ်ခြင်းမေတ္တာဟာ အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ဘ၀မှာ သင့်ကို ထိခိုက်နစ်နာခြင်း၊ အန္တရာယ် စတာတွေကို မည်သည့်အခါမျှ မပေးနိုင်တဲ့ သင်အယုံကြည်နိုင်ဆုံးသော သူဟာ သင့်ရဲ့ မေမေပဲ ဆိုတာကို တစ်ခါတစ်ရံ “အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာ” ဆိုတဲ့ အသုံးအနှုန်းနဲ့ ယှဉ်ပြလေ့ ရှိပါတယ်။ အခြေအနေအားလုံးနဲ့ သက်ဆိုင်တယ်လို့တော့ မဆိုလိုပါဘူး။ ခြွင်းချက်ဆိုတာ ရှိစမြဲပါပဲ။

ပြီးနောက် အဖော်တစ်ဦးအပေါ် ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာဆိုတာ တွေ့နိုင်ပါတယ်။ အဲဒီ ချစ်ခြင်းမေတ္တာ ကတော့ ဘ၀မှာ အပြည့်စုံဆုံး ရှင်သန်နေထိုင်ဖို့အတွက် အဓိကအကြောင်းအရာများထဲမှ တစ်ခုပဲ ဖြစ်ပါတယ်။ ဘ၀တစ်ခုထဲကို ဒီလိုပုံစံချစ်ခြင်းမေတ္တာမျိုး ထည့်ပေါင်းပေးဖို့ လိုအပ်တယ်ဆိုတာ သံသယ ကင်းကင်းနဲ့ နားလည်ဖို့ အရေးကြီးပါတယ်။

ချစ်ခြင်းမေတ္တာ ကင်းကွာနေတဲ့ ကျွန်တော်တို့ ကမ္ဘာကြီးဟာဆိုရင်ဖြင့်.... သေချာပါတယ်... ရှင်သန်နေထိုင်ရတာ အေးစက်စက်နိုင်တဲ့ ကမ္ဘာကြီး တစ်ခုဖြစ်နေပါလိမ့်မယ်။

***TOEFL ဖြေတုန်းက လေ့လာခဲ့တဲ့ Essay လေးတစ်ပုဒ်ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။***

ကျေးဇူးတင်စွာဖြင့်
yu ya

Saturday, June 20, 2009

ကိုင်း... ဘာလုပ်ကြမလဲ

စင်ကာပူနိုင်ငံသား ခံယူလိုက်ပြီး စင်ကာပူဒေါ်လာ သန်း ၂၀ ဖိုး ဥစ္စာပစ္စည်းများ ၀ယ်ယူလိုက်ခြင်းကြောင့် တရုတ် အက်ရှင် စူပါစတား Jet Li တရုတ်ပြည်တွင် သတင်းထူးဖြစ်နေ....


စင်ကာပူနိုင်ငံထုတ် The Business Times က ဒီသတင်းကို ထုတ်ဖော် ပြောဆိုသွားခဲ့သော်လည်း ကွန်ဖူးစတား Jet Li မည်သည့်အချိန်ကတည်းက စင်ကာပူနိုင်ငံသား ကူးပြောင်းခဲ့သလဲဆိုတာကို မဖော်ပြခဲ့ပါဘူး။ သတင်းစာက ဆက်သွယ်ပြီး တိုးတိုးတိတ်တိတ် မေးမြန်းခဲ့တဲ့အခါမှာ ICA က ဒီသတင်းကိုလည်း အတည်မပြုပေးခဲ့ပါဘူး။ Let Li ပြောင်းရွှေ့ လာခြင်းဟာ သူကလေးတွေ ပညာရေးအတွက် ဖြစ်ပါတယ်လို့ပဲ ICA က ပြောခဲ့ပါတယ်။ သူရဲ့ ပထမဆုံး သမီးဖြစ်တဲ့ Jane ဟာ လောလောဆယ် စင်ကာပူမှာ ပညာ သင်ကြားနေပါတယ်လို့ ပြောပါတယ်။


Let Li ဟာ သူ့ရဲ့ မိသားစုနဲ့အတူ စင်ကာပူကို ပြီးခဲ့တဲ့နှစ် အစောပိုင်းကာလများကတည်းက ပြောင်းရွှေ့ လာခဲ့ပြီး ဇိမ်ခံပစ္စည်းများ ၀ယ်ယူခဲ့တယ်လို့ ကောလဟာလ ဖြစ်နေခဲ့ပါသော်လည်း အတည်မပြုနိုင်ပဲ ရှိနေပါသည်။

Jet Li ရဲ့ assistance ကို sina.com က ဆက်သွယ်မေးမြန်းခဲ့တဲ့အခါမှာ ဒီကိစ္စနဲ့ ပက်သက်တဲ့ မေးခွန်းတွေကို ရှောင်ရှားခဲ့ပါတယ်။ မှတ်ချက်ကတော့.. Jet Li ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါတဲ့။

ပီကင်း (Beijing) အခြေစိုက် Jet Li ရဲ့ One Foundation ၀န်ထမ်းတစ်ဦး ဖြစ်တဲ့ Ms. Yuan ကတော့ ဒီတိုးတက် ပြောင်းလဲမှုတွေဟာ ဖောင်ဒေးရှင်းရဲ့ ပုံမှန်လည်ပတ်မှု လုပ်ငန်းတွေကို အကျိုးသက်ရောက်မှု ရှိစေမှာ မဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါသည်။ ဒီဖောင်ဒေးရှင်းကို Let Li က စိတ်ရောဂါခံစားနေရတဲ့ လူငယ်များနဲ့ သဘာဝဘေးအန္တရာယ်တို့ရဲ့ ဒုက္ခသည်များကို ကူညီဖို့ ၂၀၀၇ ခုနှစ်က စတင်ခဲ့တာပါ။

***ဂေါင်းလီပြီးတော့ ဂျက်လီ.. ပြီးတော့ ကိုယ့်မျိုးဆက်တွေရဲ့ ပညာရေးကို အလေးထားတဲ့ ဘယ်သူတွေ ... စင်ကာပူနိုင်ငံသားတွေ ဖြစ်လာအုံးမှာလဲ... ခင်ဗျားတို့ ...ကျွန်တော်တို့ကော.... ***

###ကိုင်း.. ... ဘာလုပ်ကြမှာလဲ...
###

ကျေးဇူးတင်စွာဖြင့်
yu ya

Friday, June 19, 2009

ယုံကြည်မှု


ယုံကြည်မှုကို သာမန် အနက်ဖွင့်ကြည်မယ်ဆိုရင် - တန်ဖိုးရှိကြောင်း ယုံကြည်ချက် ဒါမှမဟုတ် တစ်စုံတစ်ခု၊ တစ်စုံ တစ်ဦးအပေါ် ယုံကြည်စိတ်ချမှု တို့ပဲ ဖြစ်ပါတယ်။ ဒါပေသည့် ကျွန်တော်အတွက်တော့ ယုံကြည်မှုဆိုတာ ဒါ့ထက်မက အများကြီး ပိုပါတယ်။ ဘ၀မှာ ကောင်းတဲ့ကိစ္စပဲဖြစ်ဖြစ် ဆိုးတဲ့ကိစ္စပဲဖြစ်ဖြစ် အိုးနင်းခွက်နင်း နဲ့ ကသောင်းကနင်း ဖြစ်တတ်ပါတယ်။ ဒါပေသည့် ကမ္ဘာကြီးနဲ့ သူ၏ရင်သက်ရှုမောဖွယ်ရာများကတော့ ဆက်လက် တည်ရှိနေလိမ့်မယ် ဆိုတာကတော့ အသိပညာအရ သိခြင်းပဲ ဖြစ်ပါတယ်။ ယုံကြည်မှုဟာ ဘုရားသခင်ပဲလား ကျွန်တော်ဘ၀အခြေအနေကိုယ်တိုင်ပဲလား ဘာပဲ ဖြစ်ဖြစ်ပေါ့..... ဒီသဘောထား အမြင်က လူတွေအတွက်တော့ အသစ်မဟုတ်ပါဘူး.. သိုပါသော်လည်း မကြာခဏ မသိကျိုးကျွန် ပြုတတ်ကြပါတယ်။

ယုံကြည်မှုဆိုတာ - သင်ချစ်မြတ်နိုးတဲ့သူနဲ့ ခွဲခွာနေရရင်တောင် သင်ဟာ ဘယ်တော့မှ အမှန်တကယ် အထီးကျန်တဲ့သူ မဟုတ်ဘူးဆိုတာကို သိနေသလိုမျိုး၊ အချိန်အကြာကြီး ခွဲသွားခဲ့ပြီး နောက်ဆုံးဧကန် အိမ်ပြန် ရောက်တဲ့အခါမှာ သင့်ရဲ့ မိသားစုတွေက သင့်ကို ပျော်ရွှင်စွာ နှုတ်ဆက်နေကြမယ်ဆိုတာကို သိနေသလိုမျိုး ရိုးရိုးလေးမျှသာ ဖြစ်နိုင်ပါတယ်။

ယုံကြည်မှုဆိုတာ - လောလောလတ်လတ် မှည့်ကာစ စတော်ဘယ်ရီသီးရဲ့ အရသာ ဒါမှမဟုတ် ရနံ့လား...?

ယုံကြည်မှုဆိုတာ - နေမင်းကြီးသည် နေ့အခါတွင် တလျှပ်လျှပ် လင်းလက် တောက်ပမှုများနဲ့ ကမ္ဘာမြေကြီး အပေါ်ကို ပြုံးပြနေလိမ့်မည်ဖြစ်ပြီး ကောင်းကင်ထက်မှ ရွှန်းရွှန်းဝေတဲ့ လမင်းကြီးက သူ့ကို လိုက်တဲ့အခါမှာတော့ သူရဲ့ မျက်နှာကို ၀ှက်ထားလိမ့်မယ်ဆိုတာကို သိနားလည်သလိုမျိုးပဲ ဖြစ်ပါတယ်။ အလားတူပဲ မနက်ခင်းတွင် နေမင်းကြီးက ကျွန်ုပ်တို့ကို အိမ်မက်များမှ နိုးထစေသည့်အတိုင်း နောက်ပိုင်းမှာ ပြန်လာတဲ့ လမင်းကြီးကလည်း ကောင်းသောညပါလို့ နှုတ်ဆက်နေမယ် ဆိုတဲ့အတိုင်းပဲ ဖြစ်ပါတယ်။

http://www.123helpme.com/view.asp?id=125808
အထက်ဖော်ပြပါ လင့်မှ Faith ဆိုတဲ့ အက်ဆေးလေးတစ်ပုဒ်ကို ဆီလျော်အောင် ပြန်ဆိုထားပါသည်။

ကျေးဇူးတင်စွာဖြင့်
yuya

Wednesday, June 17, 2009

ဖားနှစ်ကောင်

ဖားအုပ်တစ်အုပ်သည် သစ်တောများကို ဖြတ်သန်း ခရီးသွားလာနေရာမှ ဖားနှစ်ကောင်သည် ကျင်းနက်တစ်ခု ထဲသို့ ကျသွားလေသည်။ အဲဒီကျင်းဟာ တော်တော်လေးနက်တယ်ဆိုတာကို တစ်ခြားဖားတွေ မြင်တဲ့ အခါမှာတော့ သူတို့ဟာ ဖားနှစ်ကောင်ကို သေသလောက် ဖြစ်နေပြီလို့ ပြောပါတယ်။ ဖားနှစ်ကောင်က အဲဒီ ထင်မြင်ချက်တွေကို ဥပေက္ခာပြုပြီးတော့ သူတို့ရဲ့ အင်အားနဲ့ အဲဒီကျင်းထဲမှ ခုန်ထွက်ဖို့ ကြိုးစားခဲ့ကြ ပါတော့တယ်။ တစ်ခြားဖားတွေက သူတို့ဟာ သေသလောက်ဖြစ်နေပြီ ဖြစ်တဲ့အတွက် ရပ်လိုက်ဖို့ ဆက်ပြောနေကြ ပါတော့တယ်။ နောက်ဆုံးတာ့ ဖားတစ်ကောင်ဟာ အခြားဖားတွေ ပြောတာကို နားထောင်ပြီး အလျှော့ ပေးလိုက် ပါတော့သည်။ နောက်... သူဟာ လဲကျ သေဆုံး သွားခဲ့ပါတော့တယ်။

ကျန်တဲ့ ဖားကတော့ သူတတ်နိုင်သမျှ ကြိုးစားပမ်းစားနဲ့ ဆက်ခုန်နေခဲ့ပါတယ်။ ဖားအုပ်က သူ့အား စိတ်ဆင်းရဲမှု ဒုက္ခတွေကို ရပ်လိုက်ပြီး အသက်ကိုပဲ စွန့်လိုက်ဖို့ နောက်တစ်ကြိမ်ထပ်၍ အော်ပြောခဲ့ပါသည်။ ဖားက ပို၍ပင် ကြိုးစားပမ်းစားနဲ့ ခုန်နေခဲ့ပြီး နောက်ဆုံးမှာတော့ ကျင်းထဲမှ အပြင်သို့ ရောက်ရှိသွားခဲ့ပါတော့တယ်။ သူအပြင်ကို ရောက်လာတဲ့အခါမှာ အခြားသောဖားများက “ငါတို့ ပြောတာကို မကြားခဲ့ဘူးလား?”ဟု မေးပါသည်။ ဖားက သူနားထိုင်းနေတဲ့အကြောင်း၊ သူ့ကို အခြားဖားတွေက တစ်ချိန်လုံး အားပေးနေခဲ့တယ်လို့ ထင်တဲ့အကြောင်း ပြောပြလိုက်ပါတော့သည်။

ပုံပြင်လေးရဲ့ သင်ခန်းစာများ။
နှုတ်တွင် (ပျက်ဆီးခြင်းနဲ့ ရှင်သန်ခြင်း) သေရေး ရှင်ရေး အတွက် အစွမ်းသတ္တိများ ရှိပါသည်။ အားတက်စေတဲ့ စကားလုံး တစ်လုံးဟာ စိတ်ဓာတ် ကျနေသူတစ်ဦးကို ပြန်လည် တက်ကြွလာစေနိုင်ပါတယ်။ အခက် အခဲများကိုလည်း တောက်လျှောက် အောင်မြင် စေပါသည်။ ဒါကြောင့် အပြောအဆိုကို သတိထားရပါမယ်။ ကံအားလျော်စွာ တွေ့ဆုံမိတဲ့သူများကို တက်ကြွမှု ရှင်သန်မှုအတွက် ပြောဆိုပေးပါ။ အားတက်စေတဲ့ စကားလုံး တစ်လုံးဟာ ဒီလောက် အတိုင်းအတာတစ်ခုထိ ရှိနိုင်တယ်ဆိုတဲ့အချက်ကို တစ်ခါတစ်ရံမှာ နားလည်ရခက်ခဲ စေပါတယ်။ ဒါဟာ စကားလုံးတွေရဲ့ အစွမ်းသတ္တိပါပဲ...။

http://www.theholidayspot.com/friendship/stories/two_frogs.htm
အထက်ဖော်ပြပါ လင့်မှ Two Frogs ဆိုတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဆီလျော်အောင် ပြန်ဆိုထားပါသည်။

ကျေးဇူးတင်စွာဖြင့်
yuya

ယုန်မလေးနဲ့ သူငယ်ချင်းများ


တစ်ခါက တောအုပ်တစ်ခုမှာ အလွန်တရာမှ ရေပန်းစားတဲ့ ယုန်မလေးတစ်ကောင်ရှိပြီး အခြားတိရစ္ဆာန်များက သူမရဲ့ သူငယ်ချင်းများ ဖြစ်ချင်ကြပါတယ်။ တစ်နေ့သ၌ ယုန်မလေးထံသို့ အမဲလိုက်ခွေးများ ချဉ်းကပ်လာ ခဲ့လေသည်။ ထိုအခါ သူမသည် သူငယ်ချင်းများအကူအညီဖြင့် ထိုအမဲလိုက်ခွေးများ၏ အန္တရာယ်မှ လွတ်မြောက် နိုင်လိမ့်မည်ဟု မျော်လင့်ခဲ့ပါသည်။ သို့ပါ၍ သူမလည်း သူငယ်ချင်းတစ်ဦးဖြစ်တဲ့ မြင်းဆီကို သွားရောက် ခဲ့ပြီး သူမကို မြင်းရဲ့ ကျောကုန်းပေါ်တင်ပြီး အမဲလိုက် ခွေးများလက်မှ ဝေးရာသို့ ခေါ်သွားခိုင်းပါသည်။ မြင်းဟာ သူ့ရဲ့ သခင်အတွက် အရေးကြီးတဲ့ကိစ္စ လုပ်ပေးစရာရှိတယ်လို့ ပြောပြီး ငြင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် မြင်းက “တစ်ခြားသူငယ်ချင်းတွေ မင်းကို ကူညီကြပါလိမ့်မယ်” လို့ သူမကို ပြောပါတယ်။ ဒါနဲ့ပဲ သူမဟာ ကျွဲကတော့ သူရဲ့ ဦးချိုနဲ့ အမဲလိုက်ခွေးတွေကို ချေမှုန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး ကျွဲဆီကိုသွားရောက် အကူအညီ တောင်းခံခဲ့ပါတယ်။ “အရမ်းနဲ့ ၀မ်းနည်းပါတယ်ကွာ...၊ ငါမှာက ကျွဲမလေးနဲ့ ချိန်းပြီးသားဖြစ်နေလို့ပါ။ ဒါပေမယ့် ငါတို့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဆိတ်ကတော့ မင်းလိုချင်တဲ့ အကူအညီကို ပေးနိုင်လိမ့်ဆိုတာ သေချာပါတယ်” လို့ ကျွဲက ပြန်ပြောခဲ့ပါတယ်။ ဆိတ်ကလည်းပဲ သူမကို သူ့ရဲ့ ကျောကုန်းပေါ်မှာတင်ပြီး ခေါ်ဆောင်သွားရမယ်ဆိုရင် သူ့ရဲ့ ကျောကုန်းတွေဟာ သူမအတွက် အန္တရာယ် တစ်စုံတစ်ခုဖြစ်လာမှာကို စိုးရိမ်မိကြောင်း... သို့ဖြစ်ပါ၍ သိုးဟာဆိုရင်ဖြင့် အကူအညီတောင်းခံလို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ် ဆိုတဲ့အကြောင်း ပြောပြခဲ့ လေသည်။ ဒါကြောင့် သူမလည်း သိုးဆီကိုသွားပြီး အခြေအနေကို ပြောပြလိုက်သည်။ သိုးက “နောက်တစ်ခါပေါ့ ချစ်သူငယ်ချင်းရယ် လက်ရှိအခါသမယကိုတော့ ၀င်ရောက်လို့ မစွက်ဖက်ချင်ပါဘူး..ပြီးတော့ အမဲလိုက်ခွေး တွေဟာ သိုးတွေရော ယုန်တွေကိုပါစားတယ်လေ” လို့ ပြန်ပြောပြီး ငြင်းဆိုခဲ့ပါတယ်။ ဒါနဲ့ပဲ ယုန်မလေးဟာ နောက်ဆုံးမျှော်လင့်ချက် တစ်ခုအနေနဲ့ နွားကလေးဆီကို သွားရောက် အကူအညီ တောင်းခံခဲ့ပါတယ်။ နွားကလေးက - အကူအညီမပေးနိုင်ကြောင်း၊ ဘာဖြစ်လို့လည်းဆိုရင် သူ့ထက် အကြီးများ ကိုယ်တိုင်က ဒီတာဝန်ကိုယူရန် ငြင်းပယ်ပြီးသားဖြစ်နေတဲ့ အတွက် သူအပေါ်ကျလာမယ့် အဲဒီတာဝန်ကို မယူနိုင်ပါဘူးဟု ၀မ်းနည်းစွာ ငြင်းဆိုခဲ့လေသည်။ ထိုအချိန်တွင် အမဲလိုက်ခွေးများဟာလည်း ယုန်မလေးရဲ့ အနားကို တော်တော်လေး နီးကပ်လာနေပါပြီ။ ဒါနဲ့ပဲ နောက်ဆုံးတော့ ယုန်မလေးဟာ ဖနောင့်နဲ့ တင်ပါး တစ်သား တည်းကျအောင် ထွက်ပြေးလာခဲ့ပြီး ကံကောင်းစွာဖြင့် အမဲလိုက်ခွေးများလက်မှ လွတ်မြောက်လာခဲ့ ရပါတော့သည်။

ပုံပြင်လေးရဲ့ သင်ခန်းစာ။
သူငယ်ချင်း အများကြီးရှိတဲ့သူမှာ သူငယ်ချင်းတစ်ယောက်မှ မရှိပါဘူးတဲ့။

http://www.theholidayspot.com/friendship/stories/aesop_fable.htm

အထက်ဖော်ပြပါ လင့်မှ The Hare With Many Friends ဆိုတဲ့ အီစွတ်ပုံပြင်လေးတစ်ပုဒ်ကို ဆီလျော်အောင် ပြန်ဆိုထားပါသည်။

ကျေးဇူးတင်စွာဖြင့်
yuya


Monday, June 15, 2009

Movies များ download ဆွဲခြင်း


ကျွန်တော်အပါအ၀င် တစ်ချို့ သောသူများသည် နိုင်ငံခြားဇာတ်လမ်းတွဲရုပ်ရှင်များ၊ ဗီဒီယိုများ၊ ကာတွန်းကားများ ကြည့်ရှုခြင်းကို ခုံမင်ကြပါသည်။ သို့ဖြစ်ပါ၍ များစွာသော အခွေများကို ကြည့်ရှုနိုင်ရန်အလို့ငှါ ငှါးရမ်းခြင်း၊ ၀ယ်ယူခြင်းတို့ဖြင့် အလုပ်ရှုပ်ရလေ့ ရှိပါသည်။ မြန်မာနိုင်ငံတွင် ရုပ်ရှင်ကားများ၊ ဗီဒီယိုကားများစွာကို ဈေးနှုန်းချိုသာစွာဖြင့် ၀ယ်ယူကြည့်ရှု နိုင်ပါသော်လည်း နိုင်ငံရပ်ခြားတိုင်းပြည်များတွင် DVD အခွေဈေးနှုန်းများမှာ မြန်မာနိုင်ငံလောက် ဈေးနှုန်းမချိုသည်မှာ အမှန်ပါ။ ရုပ်ရှင်ရုံများတွင် သွားရောက် ကြည့်ရှုဖို့ဆိုသည်မှာလည်း ရံဖန်ရံခါမျှသာ ဖြစ်နိုင်ပါသည်။ ရုပ်ရှင်ကားတော်တော်များများကို Online ဖြင့် တိုက်ရိုက် ကြည့်ရှုနိုင်ပါသော်လည်း ရုပ်ထွက် Quality နှင့် Audio ပိုင်းမှာ (Inferior Quality) စိတ်တိုင်းမကျ နိုင်ပါ။ သို့ပါ၍ အောက်ဖော်ပြပါ P2P (Peer to Peer) Networking နည်းပညာသုံး၍ Quality ကောင်းကောင်း ရုပ်ရှင်ကားများကို Download လုပ်ယူကာ ပျော်ရွှင်စွာ ခံစား ကြည့်ရှု နိုင်ပါသည်။

Download ဆွဲချရန် လိုအပ်သော အချက်များ
1. Pentium 4 Computer
2. Internet Line
3. P2P Software
4. P2P Search Engine

အထက်ဖော်ပြပါအချက် (၄)ချက်တွင် နံပါတ် (၁) နှင့် (၂) သည် လူတော်တော်များများတွင် ပြည့်စုံနေပြီး ဖြစ်ပါလိမ့်မယ်။ နံပါတ်(၃) ဖြစ်တဲ့ P2P Software နှင့် ပက်သက်၍ P2P Softwares အတော်များများ ရှိပါတယ်။ ၎င်းတို့အထဲတွင်မှ uTorrent software သည် အတော်လေး ပြည့်စုံကောင်းမွန်သော user familiar ဖြစ်နိုင်သော လူကြိုက် အများဆုံး Software တစ်ခု ဖြစ်ပါသည်။ အောက်ဖော်ပြပါ Link ကိုနှိပ်၍ Free Download ရယူပြီး Install လုပ်ပါ။
Utorrent Software Download ဆွဲယူရန် http://www.utorrent.com/

၎င်း Software ကို Download ဆွဲယူပြီးပါက Download Speed ပိုမိုကောင်းမွန်စေရန်အလို့ငှါ Setting များကို ချိန်ညှိပေးရန် လိုအပ်ပါသည်။ အောက်ဖော်ပြပါ Photo Setting-1 & Setting-2 ပါအတိုင်း uTorrent ရဲ့ Setting များကို ပြင်ဆင်ပေးပါ။


Setting-1



Setting-2

Setting-1 & Setting-2 အတိုင်း ပြင်ဆင်ပြီးပါက သင့်ရဲ့ uTorrent သည် Download ဆွဲယူရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါသည်။


Utorrent ကို အသုံးပြု၍ Download ဆွဲယူရန် အထက်တွင် ဖော်ပြခဲ့သော အချက်(၄)ချက်အနက်မှ နံပါတ်(၄) ဖြစ်သည့် P2P Search Engine လိုအပ်မှာ ဖြစ်ပါတယ်။
P2P Search Engine များစွာရှိပါတယ်။ ၎င်းတို့ အထဲတွင်မှ isohunt သည် လူကြိုက်များသော Search Engine တစ်ခုဖြစ်ပါသည်။ IE သို့မဟုတ် Mozilla ကိုဖွင့်၍ www.isohunt.com လို့ ရိုက်ထည့်လိုက်ပါက Isohunt Search Engine ကျလာပါလိမ့်မယ်။ အဲဒီ Isohunt ရဲ့ Search Box မှာ ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ကားနာမည်ကို ရိုက်ထည့်ပြီး Search လုပ်ရင် အောက်ပါအတိုင်း တွေ့ရပါလိမ့်မယ်။ ဆိုကြပါစို့ Twilight ဆိုတဲ့ Movie ကို ရိုက်ထည့်ပြီး ရှာကြည့်ကြမယ်။


Twilight Movie ကိုရှာတွေ့တဲ့ List

အထက်ပါ ပုံနဲ့ပက်သက်၍ အနည်းငယ် ရှင်းပြလိုပါတယ်။ လိုချင်တဲ့ Movies များကို ရှာတိုင်း ပန်းရောင် မျှားထိုးထားသည့်နေရာကို အထူးသတိပြုပေးပါ။ မျှားရဲ့ ညာဖက် အခြမ်းမှာ အ၀ိုင်းလေး ၀ိုင်းထားတဲ့ S လို့ရေးထားတဲ့ Seed ဆိုတာလေးရှိပါတယ်။ S အောက်မှာ ဖော်ပြထားတဲ့ ဂဏန်းနံပါတ်တွေဟာ လူအရေအတွက်တွေကို ဖော်ပြပေးနေ တာပါ။ Seed ဆိုတာ အဲဒီလူဆီမှာ ကိုယ်လိုချင်တဲ့ Movie ဟာ အစကနေအဆုံးရှိနေတဲ့သူပါ။ တနည်းအားဖြင့် သူက Download ဆွဲနေတဲ့သူတွေကို အပြည့်အ၀ Upload တင်ပေးနေတဲ့သူပါ။ ဒါကြောင့် Seed (S) များတဲ့ Movies တွေကို Download လုပ်ရင် အများ အားဖြင့် Download Speed ကောင်းတတ်ပါတယ်။ မျှားလေးရဲ့ ညာဖက် အခြမ်းမှာ လေးထောင့် ကွက်လေးနဲ့ ဖော်ပြထားတဲ့ L ကတော့ Leecher ကို ပြောတာပါ။ Leecher ဆိုတာ Download ဆွဲနေတဲ့သူတွေဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အဲဒီ လူတွေဟာ ကိုယ် Download ဆွဲနေတဲ့ File ကို Upload ပြန်လုပ်ပေးနေတဲ့ သူတွေပါ။ ((P2P Networking) ကို သိတဲ့သူတွေကတော့ ဒီအကြောင်းတွေကို ကောင်းကောင်း နားလည်မှပါ။)

အထက်ပါပုံမှာဆိုရင် နံပါတ်(၁) လိုင်းတွင် ရှိသော Twilight Movie သည် Seed အရေအတွက် များသည့်အပြင် Leecher လည်းများလှပါသည်။ ဒါကြောင့် နံပါတ်(၁)ကို Download လုပ်ရန် သင့်တော်ပါသည်။ ဒါပေသည့် Download မလုပ်မီ သတိထားရန်အချက်များ ကျန်ရှိနေပါသေးသည်။

အထက်ပါပုံ၏ ဇယားခေါင်းစဉ်ဖြစ်သော Torrent Tags, Name အောက်ကို ကြည့်ပါ။ (Twilight[2008]DvDrip-aXXo) ဆိုသည်ကို တွေ့ရပါသည်။ Twilight သည် ရုပ်ရှင် နာမည် ဖြစ်ပါသည်။ [2008] သည် ထိုရုပ်ရှင် စတင်ပြသသော ခုနှစ်ဖြစ်ပါသည်။ DvDrip ဆိုသည်မှာ DVD ကို အများအားဖြင့်(.avi) သို့ Rip လုပ်ထားခြင်းကို ဆိုလိုပါသည်။
-aXXo ဆိုတာကတော့ အဲဒီ Movie ကို Rip လုပ်ပြီး Upload စတင်လုပ်ခဲ့တဲ့သူရဲ့ Nick Name (Alias) ဖြစ်ပါတယ်။ aXXo ရဲ့ Movies များဟာ 700MB ၀န်းကျင်ပဲ အမြဲရှိ ပါတယ်။ aXXo ဟာ အတော်ဆုံးလူမဟုတ်ရင်တောင် အတော်ဆုံးလူတွေထဲက တစ်ယောက်ဖြစ်ပါတယ်လို့ ဆိုထားပါတယ်။ Top Searches တွေထဲမှာ aXXo ဟာ နံပါတ်၁ ပါပဲ။ [ aXXo အတိုင်း နာမည်ကြီးတဲ့ နောက်တစ်ယောက်ကတော့ FXG ပါပဲ။ သူကတော့ ဒုတိယ လိုက်ပါတယ်။ ] အောက်ပါပုံအတိုင်းဖြစ်ပါတယ်။


Top Searches No.1 - aXXo

အထက်ပါပုံထဲက ပန်းရောင်မျှားလေးပြထားတဲ့အတိုင်း aXXo ကို နှိပ်ရင်လည်း aXXo ရဲ့ Movies တွေအားလုံး ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါမှအဟုတ်ရင်လည်း aXXo ရဲ့ နောက်မှာ ခုနှစ်တွေတပ်ပြီးတော့လည်း Search Box မှာရှာနိုင်ပါ။ ဥပမာ- aXXo 2009, aXX0 2008, aXX0 2007 စသည်ဖြင့်ပေါ့။ နာမည်ကြီး ရုပ်ရှင်ကား တော်တော်များများကို aXXo က တင်ပေးထားပါတယ်။

နာမည်ကြီးသူတွေရဲ့ ထုံးစံအတိုင်း အတုအပဆိုတာ အမြဲပေါ်လာတတ်ပါတယ်။ ဒီအတိုင်းပဲ aXXo အတုအပတွေပေါ်လာပြီး Movies တွေကို Upload လုပ်ထားတာတွေရှိပါတယ်။ အန္တရာယ် မဖြစ်စေတဲ့ အတုအပဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့။ တစ်ချို့ အတုအပတွေက Virus တွေပါ ပါလာတတ်တယ်။ ဒါကြောင့် မိမိ Download လုပ်ချင်တဲ့ Movie ဟာ aXXo အစစ်ဟုတ်လား မဟုတ်ဘူးလားဆိုတာကိုတော့ သေချာစွာ လေ့လာရပါတယ်။ဘယ်လို ခွဲထုတ်ရမလဲဆိုရင် အောက်ဖော်ပြပါ ပန်းရောင်ပြထားတဲ့ Twilight[2008]DvDrip-aXXo ကို ကလစ် နှိပ်လိုက်ပါ။

Twilight[2008]DvDrip-aXXo ကို ကလစ်နှိပ်ရန်

ကလစ်နှိပ်ပြီးရင် အောက်ဖော်ပြပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။


Comment Tag ကို ကလစ်နှိပ်ရန်

အဲဒီ Comment Tag လေးကို ကလစ်နှိပ်ပြီး ရေးထားတဲ့ Comment များကို သေချာစွာ စစ်ဆေးကြည့်ပါ။ aXXo အစစ်အမှန် (genuine aXXo) ဟုတ်မဟုတ် သေချာစွာ လေ့လာကြည့်ပါ။ အောက်ပါပုံလေးအတိုင်း တွေ့ရပါလိမ့်မယ်။ နောက်တစ်ခုက aXXo ဟာ ဘယ်တော့မှ RAR Archive နဲ့ Movie တွေကို Zip မလုပ်ပါဘူးတဲ့။ သူ့ရဲ့ aXXo Interview မှာ ဖြေသွားပါတယ်။


aXXo အစစ်ဟုတ်မဟုတ် Comment တွင်ရှာကြည့်ခြင်း

အဲဒီ Movie ဟာ aXXo အစစ်ဆိုရင်တော့ Download .torrent ဆိုတဲ့ Link ကို နှိပ်လိုက်ပေတော့။

Download .torrent ကို နှိပ်ရန်

Download .torrent ကို ကလစ်နှိပ်လိုက်တာနဲ့ Window Box လေး တစ်ခု ပေါ်လာပါလိမ့်မယ်။


အဲဒီ Window Box လေးထဲမှာရှိတဲ့ Open with ဆိုတဲ့ နေရာမှာ uTorrent (default) ဆိုတာလေးကို ရွေးပေးပါ။ နောက်ပြီးရင်တော့ OK နှိမ်လိုက်တာနဲ့ uTorrent Software အောက်ပါအတိုင်း Screen ပေါ်မှာ တတ်လာပါလိမ့်မယ်။



1 လို့ ပြထားတဲ့ပန်းရောင်ဘောင်ခတ်ထားတဲ့နေရာဟာ Movie ကို သိမ်းမယ့်နေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ မိမိသိမ်းချင်တဲ့ နေရာကို ရွေးပြီးသိမ်းပေးပါ။
2 လို့ ပြထားတဲ့ပန်းရောင်ဘောင်ခတ်ထားတဲ့ File ၃ခုကတော့ Download လုပ်ရင် ပါလာမယ့် File တွေပါပဲ။ မလိုချင်တဲ့ File တွေကို ချန်ထားခဲ့လို့ ရပါတယ်။ Check Box လေးတွေကို သွားပြီး အမှတ်လေးတွေ ဖြုတ်ပေးလိုက်ရုံပါပဲ။ အားလုံးပြီးရင် တော့ Ok ကို နှိပ်လိုက်ရုံပါပဲ။ uTorrent ကတော့ စတင်ပြီး Download လုပ်ပါပြီ။

နောက်ထပ် ကြိုက်နှစ်သက်ရာ ရုပ်ရှင်ကားများကိုလည်း အထက်ပါ အတိုင်းရှာယူ၍ တစ်ချိန်တည်းမှာ Download လုပ်ယူနိုင်ပါတယ်။ Movie ပေါင်း ၁၀ ကားကျော်ကို တစ်ပြိုင်တည်း Download ဆွဲယူနိုင်ပါတယ်။

Download လုပ်နေပြီဆိုရင် Download Speed ကို ကြည့်လိုက်ပါ။ ကိုယ့်အိမ်မှာ သုံးတဲ့ Internet Speed ပေါ်မှာ မူတည်ပြီးတော့ Movie တစ်ခုကို Download လုပ်တဲ့ အချိန်က အနည်းဆုံး ၂နာရီကနေပြီး ၄ နာရီခန့်အထိ ကြာတတ်ပါတယ်။ အထက်တွင် ဖော်ပြခဲ့တဲ့အတိုင်း Seed အရေအတွက်ပေါ်လည်း များစွာ မူတည်ပါတယ်။ ကျွန်တော် ကတော့ ညအိမ်ရာမ၀င်ခင် Moive 10 ကားလောက်ကို Download ဆွဲထားလိုက်ပါတယ်။ မနက် နိုးရင်တော့ အားလုံး ပြီးနေတာကို တွေ့ရပါတယ်။

Downlaod လုပ်ထားတဲ့ ရုပ်ရှင်တွေကို ကြည့်မယ်ဆိုရင် (.avi) Format ဖြစ်တဲ့အတွက် Window Media Player ရဲ့ Option ထဲ့မှာ (.avi) ကို သွားပြီးတော့ On ပေးရပါလိမ့် မယ်။


ဒါပေမယ့် အကောင်းဆုံးအကြံပေးချင်တာကတော့ Movie တွေကြည့်မယ်ဆိုရင် VLC Player ကို သုံးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိကြည့်ချင်တဲ့ Movies တွေရဲ့ English Subtitle တွေကို (.srt) Formrt နဲ့ ရှာဖွေ Downlaod လုပ်ယူပြီး VLC Player မှာ English Subtitle ဖော်ကြည့်လို့ရပါတယ်။ ဆိုကြပါစို့...မိမိ Download လုပ်ထားတဲ့ Movie က Twilight[2008]DvDrip-aXXo ဆိုရင် သူရဲ့ English Subtitle ကို Google Search Engine မှာ twilight aXXo english subtitle လို့ ရိုက်ထဲ့ပြီး ရှာလို့ရပါတယ်။ အဲဒီထဲမှာ Subsence.com က အတော်လေးကောင်းမွန်တာကို တွေ့ ရပါတယ်။

www.isohunt.com ထဲမှာ Movies တွေအပြင် Software, Music, Game, E-Book, Picuture ပေါင်း မြောက်များစွာကို လိုသလို ရှာဖွေ Download ရယူနိုင်ပါတယ်။ ဒါပေမယ့် download မလုပ်ခင်မှာတော့ အထက်တွင် ဖော်ပြခဲ့တဲ့အတိုင်း Comment တွေကို သေချာစွာ ဖတ်ရှုဖို့ လိုအပ်ပါလိမ့်မယ်။ တစ်ချို့ သော Upload လုပ်သူများ သည် File များအထဲတွင် Viru များကို ထည့်သွင်းထားတတ်ကြပါသည်။ Virus များသည် Free version သုံးထားတဲ့ Anti Virus များဖြင့် စစ်ဆေးမတွေ့ ရှိနိုင်ပါ။ တစ်ချို့ သော Virus များသည် Zip အထပ်ထပ်လုပ်၍ Passowrd များခံကာထားသဖြင့် Full Version Anti Virus များပင် မစစ်နိုင်ပဲ ရှိနေတတ်ပါသည်။ သို့ပါ၍ Download မလုပ်မီ Comment များကို သေချာစွာ ဖတ်ရှုလေ့လာပြီးမှ Download လုပ်ယူကြပါရန် အထပ်ထပ်တိုက်တွန်းလိုက်ပါတယ်။

*** Movies များ ပျော်ရွှင်စွာ ခံစား ကြည့်ရှုနိုင်ကြပါစေ။***

ဆန္ဒမွန်ဖြင့်
ယုယ

Tuesday, June 9, 2009

Singapore Driving Licence


Singapore မှာ ကားမောင်းချင်သူများ အတွက် Myanmar Driving Licence မှ Singapore Driving Licence သို့ ကျွန်တော်ကိုယ်တွေ့ Convert လုပ်ခဲ့ပါသော ဆောင်ရွက်ပုံ အဆင့်ဆင့်ကို အောက်ပါအတိုင်း မျှဝေပေးခြင်း ဖြစ်ပါတယ်။


Conversion procedure

ကျွန်တော်တို့ Myanmar Driving License မှ Singapore Driving Licnese သို့ Convert လုပ်ရာတွင်
  1. သက်တမ်းရှိနေသေးတဲ့ မြန်မာယာဉ်မောင်း လိုင်စင် ရှိရပါမယ်။
  2. မြန်မာလိုင်စင်ကို Notary (နိုတြီ) ပြန်ရမှာ ဖြစ်ပါတယ်။ ၎င်းနိုတြီတွင် passport ဓာတ်ပုံကပ်ရန် လိုအပ်ပြီး ထိုကပ်ထားသော ဓာတ်ပုံပေါ်တွင် နိုတြီပြန်ပေးထားသော ရှေ့နေ၏ ဖောင်းကြွတံဆိပ် ထုထားပေးရန် လိုအပ်ပါသည်။
  3. ၎င်းနိုတြီအား Ministry of Foreign Affairs (MOFA) မိုဖာတံဆိပ်တုံးထုရန် အရေးကြီးပါသည်။ ၎င်းတံဆိပ်တုံးမပါက လုံးဝ လက်မခံပါ။
အထက်ပါအချက် (၃) ချက်နှင့် ပြည့်စုံနေပါသော်လည်း ကျွန်တော်တို့သည် Singapore Driving Lincence သို့ချက်ချင်း Convert လုပ်၍ မရနိုင်သေးပါ။ Convert လုပ်နိုင်ရန်အတွက် Basic Theory Test (BTT) လို့ခေါ်တဲ့ စာမေးပွဲကို အောင်မြင်ဖို့ လိုအပ်ပါတယ်။


BTT ဖြေဆိုဖို့ အတွက်ကိုတော့ Driving School ကို ကိုယ်တိုင်သွားပြီး Booking လုပ်ရပါတယ်။ Online Register လည်းလုပ်လို့ ရပါတယ်။ Singapore မှာ Singapore Traffic Police က ဦးစီးတဲ့ Driving School (3) ခုရှိပါတယ်။
  • Ang Mo Kio Driving Test Centre, level 3, co-located with the Singapore Safety Driving Centre ( http://www.ssdcl.com.sg/ ) at 3 Ang Mio Kio St 62 Industrial Park 3 Singapore 569139.
  • Bukit Batok Driving Test Centre, level 2, co-located with the Bukit Batok Driving Centre ( http://www.bbdc.sg ) at 815 Bukit Batok West Ave 5 Singapore 659085.
  • Kampong Ubi Test Centre, level 2, co-located with ComfortDelgro Driving Centre ( http://www.cdc.com.sg/users/homepage/index.asp ) at 205, Ubi Ave 4 Singapore 408805.
မိမိတို့နှင့် နီးစပ်ရာ အထက်ဖော်ပြပါ Driving Test Centre တစ်ခုခုမှာ Register လုပ်နိုင်ပါတယ်။

BTT Register လုပ်ရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့..
  • Valid passport and valid work permit / student pass / employment pass / PR pass.
  • Payment by NETS or Cashcard only.
Payment နဲ့ ပက်သက်လို့ကတော့ BTT Test fees က $9.40 ဖြစ်ပါတယ်။ Test ဖြေဖို့ အတွက် လေ့လာရန် စာအုပ်ကို အဲဒီမှာ တစ်ခါတည်း ၀ယ်လို့ရပါတယ်။ စာအုပ် တစ်အုပ်ကို $ 5.35 ပေးရပါတယ်။ အဲဒီစာအုပ်ကိုပဲ Popular စာအုပ်ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။

အဲဒီစာအုပ်ကို သေသေချာချာ ကျက်မှတ် လေ့လာပြီးဖြေမယ်ဆိုရင် BTT Test ကို လွယ်ကူစွာ ဖြေဆိုနိုင်မှာပါ။ BTT Test မဖြေခင်မှာ Trial Test ဖြေလို့ရပါတယ်။ BTT Test Register လုပ်တဲ့ နေ့မှာပဲ တစ်ခါတည်း Trial Test ဖြေ၊ မဖြေကို ရွေးချယ်ရပါတယ်။ Trial Test ဖြေဖို့ကို ပိုက်ဆံ ထပ်သွင်းရပါတယ်။ Trial Test တစ်ခုကို $5 ၀န်းကျင်လောက် ပေးရမယ်လို့ ထင်ပါတယ်။ ကျွန်တော် Trial Test မဖြေခဲ့တော့ အတိအကျ မသိခဲ့ရပါဘူး။
BTT Test ကို မဖြေခင်မှာ Trial Test ကို ဖြေသင့်တယ်လို့ ထင်ပါတယ်။ အချိန် မရှိလို့ Trial Test သွားမဖြေချင်ဘူးဆိုရင်တော့ BTT Test ကို တစ်ကြိမ်တည်း အောင်မြင်ဖို့အတွက် Online Test တွေကို ရွေးချယ်သင့်ပါတယ်။ စာဘယ်လောက် ရရ မေးခွန်းတွေအတွက် Practice မရှိဘူးဆိုရင် တကယ်ဖြေတဲ့နေ့မှာ အခက်အခဲ များစွာ တွေနိုင်ပါတယ်။ Online Test တွေ လေ့ကျင့်ချင်ရင်တော့
http://www.sgdriving.net ကို သွားပြီး လေ့ကျင့်နိုင်ပါတယ်။ Free အနေနဲ့ကတော့ မေးခွန်း ၁၀ခု ပါတဲ့ Test ၁ခုချင်းကိုသာ ဖြေဆိုနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ $10 Online သွင်းပြီး Full Access Test တွေကို (၆)လ လေ့ကျင့်နိုင်မှာပါ။

BTT Test
BTT Test ဟာ Computerize (Touch Screen) ဖြေဆိုရပါတယ်။ Test မှာ မေးခွန်းအားလုံး (၅၀) ဖြေရပါတယ်။ Multiple Choice တွေပါပဲ။ ဖြေဆိုချိန်ကတော့ မိနစ်(၅၀)ပါ။ အဲဒီမေးခွန်းအခု (၅၀)မှာ (၃)ခု ဒါမှမဟုတ် (၅)ခု မှားခွင့်ရှိပါတယ်။ မေးခွန်းအားလုံး ဖြေဆိုပြီးသွားတာနဲ့ စက္ကန့် ၃၀ နေရင် Result တစ်ခါတည်းထွက်ပေါ် လာပါတယ်။ PASS ဒါမှမဟုတ်ရင် FAIL ပေါ့။

ကိုယ့် Result က PASS ဆိုတာနဲ့ တစ်ခါတည်း Convert လုပ်လို့ရပါပြီ။ Convert လုပ်ရာမှာ အောက်ဖော်ပြပါ စာရွက်စာတမ်းများကို မူရင်းတစ်စုံ နှင့်အတူ မိတ္တူတစ်စုံ လိုအပ်ပါတယ်။
  • Passport and Entry Permit/Employment Pass/Dependant Pass
  • မူရင်း Myanmar Driving Licence
  • MOFA ပါသော Notary မူရင်း
  • Passport Photo (နောက်ခံ အဖြူ)
  • $50 (Net / Cashcard)
အဲဒီ စာရွက်စာတမ်းတွေအပြင် ပန်းရောင်စာရွက်လေးတစ်ရွက် Application For A Driving Licence To Drive မှာ Particular Data အနည်းငယ် ဖြည့်ရတယ်။ အဲဒီစာရွက်လေးကိုတော့ Centre မှာရယူနိုင်ပါတယ်။ ပြီးရင်တော့ ကိုယ့် Queue အလှည့်ရောက်ရင် တင်လိုက်ပေတော့။ တာဝန်ရှိသူက စာရွက်စာတမ်းတွေ အားလုံး ကို သေချာစစ်ပြီး MOFA တုံးပါတဲ့ Notary မူရင်းက လွဲရင် ကျန်တဲ့ မူရင်းစာရွက် စာတမ်းတွေကို ပြန်ပေးပါတယ်။ ပန်းရောင် စာရွက်လေးရဲ့ အောက်ပိုင်းကို ဖြတ်ပြီး ပြန်ပေးပါသေးတယ်။ နောက်ပြီး ခဏထိုင်စောင့်ဖို့၊ သူ့ရဲ့ Colleague က ငွေသွင်းဖို့ အတွက် မိမိရဲ့ နာမည်ကို ခေါ်ပါလိမ့်မယ်ဆိုတဲ့အကြောင်း ပြောပြပါလိမ့်မယ်။
နာရီဝက်၊ ၁ နာရီလောက်စောင့်ပြီးရင်တော့ ငွေသွင်းဖို့ ခေါ်ပါလိမ့်မယ်။ ငွေသွင်း ပြီးရင် အဲဒီ Officer က Driving Licence Photo Card ပို့ပေးဖို့အတွက် လိပ်စာ ထပ်ဖြည့်ခိုင်းပါတယ်။ မမှားဖို့ အထူးသတိချပ်ပါ။ ပြီးရင်တော့ Officer က Class 3 အဆင့် Temporary Driving Licence Slip လေးထုတ်ပေးပါလိမ့်မယ်။ အဲဒီ Temporary Slip လေးနဲ့ ကား စတင် မောင်းနိုင်ပါပြီ။ Driving Licence Photo Card ကိုတော့ (၁) လ အတွင်း Dispatch လုပ်ပေးပါတယ်။ Dippatch လုပ်တာ မစောင့်နိုင်ဘူးဆိုရင်တော့ ကိုယ်တိုင် Centre မှာ သွားယူလို့ ရပါတယ်။ ဒါပေမယ့် Temporary Slip လေးပေးတဲ့ အချိန်မှာ Officer ကို Self Collect လုပ်ချင်တယ် ဆိုတဲ့အကြောင်းကိုတော့ Request လုပ်ဖို့ လိုအပ်ပါတယ်။

P.S ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Driving Licence ဆိုရင် ဆိုင်ကယ်ကော မောင်းလို့ရပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ Driving Licence ကို Singapore မှာ Convert လုပ်ရင် Class 3 အဆင့် တစ်ခုပဲရပါတယ်။ Class 3 ဆိုတာ ၃ တန် အောက် မည်သည့် မော်တော်ကားမဆို မောင်းနှင်ခွင့် ရှိပါတယ်။ တကယ်လို့ ကျွန်တော်တို့က မော်တော် ဆိုင်ကယ် မောင်းချင်တယ်ဆိုရင်တော့ ကိုယ်မောင်း ချင်တဲ့ မော်တော်ဆိုင်ကယ်ရဲ့ အင်ဂျင်ပါဝါပေါ်မူတည်ပြီး အောက်ပါအတိုင်း Test တွေ ထပ်ဖြေရပါမယ်။

Classes of Vehicles
2B Motorcycle not exceeding 200cc
2A Motorcycle not exceeding 400cc
2 Motorcycle exceeding 400cc

3A Motor Car (Auto)
3 Motor Car
4A Omnibus
4 Heavy Motor Car and Motor Tractor
5 Light Locomotive and Heavy Locomotive

Best Regards,
Yu Ya