Pages

Monday, August 24, 2009

“အချစ်နဲ့ အိမ်ထောင်ရေး”

“ဒီဆောင်းပါးလေး ရေးသားရာမှာ understanding backward စိတ်ထားနဲ့ ရေးသားတာမဟုတ်ဘဲ understanding forward စိတ်ထားနဲ့ ရေးသားထားကြောင်း ကြိုတင် အသိပေးလိုပါတယ်။ 'Understanding Backward' ဆိုတဲ့ စကားဟာ “အသေမှတ်ထားခြင်း၊ တစ်ယူသန်အယူအဆများ” ကို ဆိုလိုပြီး၊ 'Understanding Forward' စကားဟာ အတွေးအခေါ်၊ စိတ်ကူးကို ဖွင့်ပြီး နားလည်မှု တည်ဆောက်ခြင်းကို ဆိုလိုပါတယ်။”


သာယာအဆင်ပြေသော အိမ်ထောင်ရေးတွင် အချစ်သည် အရေးအပါဆုံးအချက်ဖြစ်သည်ဟု ယုံကြည်သူများ ရှိသလို အချစ်သည် စိတ်ကူးယဉ်သမားများအတွက်သာ ဖြစ်သည်၊ စနစ်တကျ စီစဉ် ပြင်ဆင် တည်ဆောက်သော အိမ်ထောင်ရေးဆိုလျှင် အချစ်သည် အဓိကမကျ အရေးမကြီးလှဟု ဆိုသူများကလည်း ဒုနဲ့ဒေး။

အိမ်ထောင်ရေးတွင် အချစ်သည် အဓိကမဟုတ်ဟု ဆိုသူများက အထောက်အထားအဖြစ် ရာသက်ပန် ခိုင်မြဲနေသော အိမ်ထောင်ရှင်စုံတွဲအချို့ ကို လက်ညှိုးထိုးပြကြသည်။ ယင်းစုံတွဲများမှာ လက်မထပ်မီက တစ်ဦးနှင့် တစ်ဦး ချစ်ကြိုက်ခြင်း မရှိခဲ့ရုံမက လူးချင်းလည်းမသိ၊ လူကြီးမိဘများက သင့်တော်လို့ ဓာတ်ပုံပြ စေ့စပ်စီစဉ်ချက်ဖြင့် ထိမ်းမြားလက်ထပ်ခဲ့သူများ ဖြစ်ပေသည်။ ထိုသို့ လူကြီးမိဘစီမံရာကို နာခဲ့ပြီး လက်ထပ်ခဲ့သူများ (မူလက တစ်ယောက်ကို တစ်ယောက် ချစ်ကြိုက်ခြင်း မရှိပါဘဲလျက်) အိမ်ထောင်သက် ရှည်ကြာခိုင်မြဲနေခြင်းကို ထောက်၍ အိမ်ထောင်ရေးတွင် အချစ်သည် အဓိကမဟုတ်ဟု ဆိုကြခြင်း ဖြစ်ဟန်တူပေသည်။

စင်စစ်အားဖြင့် ဤကိစ္စကို ရှုထောင့် တစ်ခုတည်းမှနေ၍ ယထာဘူတ ကျမည်မဟုတ်ပေ။ ရှုထောင့်အမျိုးမျိုးမှ စုံလင်အောင် ကြည့်ပါမှ မှန်ကန်သော အဖြေထွက်လာမည် ဖြစ်ပေသည်။

လူကြီးမိဘများက သင့်တော်သည်ထင်၍ စေ့စပ်စီစဉ်သော အိမ်ထောင်ရေးကို လူငယ်များက လက်ခံထိမ်းမြားခဲ့ရာမှ အိမ်ထောင်သက်ရှည်ကြာတည်တံ့ခြင်းကို မည်သည်အကြောင်းများကြောင့်နည်းဟု စိစစ်သုံးသပ်ကြည့်ရန် လိုပေလိမ့်မည်။
*လက်ထပ်ပြီးနောက်နှစ်ရှည်လများ အတူတကွ နေလာရ၍ လူချင်းနီးစပ်ရာမှ ဖြစ်ပေါ်လာသည့် သံယောဇဉ်မျိုး တွယ်တာခြင်း၊ သားသမီးများ ရလာ၍ ကလေးများအပေါ် မိဘ၏ ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်ခြင်း စသည်တို့ ရှိလင့်ကစား ဇနီးမောင်နှံ၏ အိမ်ထောင်ရေးဘ၀သည် တကယ့်အနှစ်သာရ ပြည့်စုံခြင်း မရှိနိုင်ဟုလည်း ဆိုနိုင်ပေသည်။
*လက်ထပ်ပြီးနောက် လင်မယားကွာရှင်း ပြတ်စဲခြင်းမရှိဘဲ အိမ်ထောင်တည်မြဲနေခြင်းများလည်း ရှိတတ်ပေသည်။ သို့ရာတွင် ဇနီးမောင်နှံ အတူတကွ ဆက်လက်ပေါင်းသင်းနေရုံနှင့် သူတို့၏ အိမ်ထောင်ရေး သာယာအဆင်ပြေကာ ပျော်ရွှင်ဖွယ်ကောင်းနေပြီဟု အလွယ်တကူ မှတ်ချက်ချ၍ မဖြစ်သေးချေ။ မကြာခဏ လင်နှင့်မယား စိတ်သဘောထားချင်း မတိုက်ဆိုင်မှု တစ်ယောက်အပေါ် တစ်ယောက် အပြစ်မြင်မှု စသည်တို့ ရှိသော်လည်း မိဘဆွေမျိုါ်မျက်နှာကြောင့်လည်းကောင်း၊ အခြားသော လူမှုရေးအကြောင်းများကြောင့် ရရှိနေသော သားသမီးများကို ငဲ့ကွက်၍သော်လည်းကောင်း၊ လင်မယား ကွာရှင်းပြတ်စဲသည့် အဆင့်သို့ မရောက်ဘဲ ရေလိုက် ငါးလိုက် နေကြရသည့် ဇနီးမောင်နှံမျိုးတွေကိုလည်း တွေ့ရတတ်ပေသည်။ လင်မယား ပေါင်းသင်းနေလင့်စကား နှစ်ဦးစလုံးတွင် စိတ်ကျေနပ် ချမ်းမြေ့မှု မရရှိဘဲ ဖြစ်နေတတ်ပေသည်။
*လူချင်း ပဋိပက္ခမဖြစ်ဘဲ နေသည်ထားဦး။ လင်နှင့်မယား ပေါင်းသင်းရာတွင် အသည်းနှလုံးထဲမှ လှိုက်လှိုက်လှဲလှဲ ချစ်ကြသော ဇနီးမောင်နှံတို့၏ ဘ၀ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ကျေနပ်မှု၊ သာယာပီတိဖြစ်မှုတို့ မရရှိနိုင်ဘဲ “ဆားမပါသည့် ဟင်း စားရသလို ပေါ့ပြက်ပြက်နှင့် အရသာမပြည့်စုံ” ဖြစ်နေ တတ်၏။

နိုင်ငံခြားမှ လိင်ပညာပေး ပါရဂူများနှင့် အိမ်ထောင်ရေး အကြံပေး ပုဂ္ဂိုလ်ကြီးများကမူ သာယာချမ်းမြေ့မှု ပြည့်စုံသည့် အိမ်ထောင်ရေးတွင် အချစ်သည် မရှိလျှင် မဖြစ်လောက်အောင် အရေးအကြီးဆုံး လိုအပ်ချင်ပင် ဖြစ်သည်ဟု ဆိုကြပေသည်။ အချို့ ပွင့်ပွင့်လင်းလင်း ရေးတတ်သော ဆရာကြီးများကဆိုလျှင်
“အချစ်မပါဘဲ အိမ်ထောင်ပုခြင်းသည် ယောက်ျားနှင့် မိန်းမ ခန္ဓာကိုယ်ချင်း ဆက်ဆံခြင်းသက်သက်ဖြစ်၍ တိရစ္ဆာန်များ အထီးအမ မိတ်လိုက်ခြင်းနှင့်မခြား”ဟုပင် ဆိုကြ၏။

မိန်းကလေးနှင့် ယောက်ျားလေးတို့ တကယ်စစ်မှန်သော အချစ်ဖြင့် နှစ်နှစ်ကာကာ ချစ်ခင်မေတ္တာသက်ဝင်ပြီးမှ အခြေအနေပေး၍ အိမ်ထောင်ပြုလိုက်သောအခါ စာဖြင့်ရေးသာ ဖော်ပြခြင်းငှာ မစွမ်းနိုင်အောင် ထူးခြားပြည့်စုံသည့် အိမ်ထောင်ရေးအရသာကို ခံစားရပေလိမ့်မည်။ သူတို့နှစ်ဦးအဖို့ ခန္ဓာကိုယ်ချင်း ဆက်ဆံပေါင်းသင်းခြင်းတည်းဟူသော ရာဂစိတ်ပြေငြိမ်းရာ လိင်ကိစ္စတစ်ခုတည်းမဟုတ်တော့။ ထိုထက်ပို၍ ပြီးပြည့်စုံကာ အနှစ်သာရ ရှိသော အိမ်ထောင်မှုသုခသည် ရှိလာမည်သာ ဖြစ်ပါသည်။

ဤနေရာတွင် စိတ်က ရုပ်ကို လွှမ်းမိုးသည်ဟူသော သဘောတရားကိုပါ ဆက်စပ်ဆွေးနွေးကြည့်ရအောင်။

မိန်းကလေးတစ်ယောက်သည် ယောက်ျားလေးတစ်ယောက်အား လှိုက်လှိုက်လှဲလှဲချစ်နေပြီဆိုလျှင် သူ၏ စိတ်ထဲ၌ ချစ်သူအပေါ် စေတနာ၊ မေတ္တာ၊ ကရုဏာ၊ မြတ်နိုးမှု၊ ကြည်ညိုလေးစားမှု၊ အလိုလိုက်ချင်မှု စသည်တို့ အပြည့်အ၀ ရှိနေမည်ဖြစ်၏။ မိမိချစ်သူအား အခါခပ်သိမ်း အလိုလိုက်ချင်သည့် စေတနာလည်း အပြည့်အ၀ရှိ နေသဖြင့် လက်ထပ်ပြီး လင်မယားဘ၀တွင် ယင်းစေတနာကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားပြီးသာ ဖြစ်၏။ ယင်းဆုံးဖြတ်ချက် စေတနာတို့သည် လက်ထပ်ပြီး၍ အကြင်လင်မယားဖြစ်လာသောအခါ၌ တကယ်လည်း အကောင်အထည်ပေါ်လာတော့၏။ ထိုအချိန်၌ မိန်းကလေးအဖို့ ချစ်သူအား အလိုလိုက်ရခြင်း။ စိတ်ရောကိုယ်ပါ ပုံအပ်ရခြင်း၊ မိမိချစ်သူနှင့် အသည်းနှလုံးချင်း ရောယှက် နီးစပ်ထိကပ်နေရဘိကဲ့သို့ ထင်ရခြင်း၊ မိမိမြတ်နိုးသောသူ၏ အလိုဆန္ဒပြည့်ဝအောင် ဖန်တီးဖြည့်စွက်ပေးရခြင်း စသော စိတ်လှုပ်ရှားမှု အာရုံများနှင့်အတူ ကြည်နူးသာယာ ပီတိဖြာမှု အရသာကို ခံစားရမည်ဖြစ်သည်။

ယောက်ျားလေးအနေနှင့်လည်း မိမိချစ်မြတ်နိုးသော မိန်းကလေးနှင့် ထိမ်းမြာလက်ထပ်ပြီး၍ ဆက်ဆံ ပေါင်းသင်းရသောအခါ သာမန်ဆက်ဆံရေးသဘောမျိုး မဖြစ်ဘဲ မိမိ အသက်ပေးချစ်ရသူ၏ အသည်းနှလုံးကို ကာယကံမြောက် တကယ်ပင် ဆုပ်ကိုင်ရယူရဘိသကဲ့သို့ ကျေနပ်မှုအရသာကို ခံစားရပါသည်။ ချစ်သူ၏ စိတ်ရောကိုယ်ပါ ပိုင်ဆိုင်ရယူကာ လက်ဝယ်ရောက်ရှိသကဲ့သို့ အားရ တင်းတိမ်တတ်ပါသည်။

ဤသည်ကား အချစ်မပါသော အိမ်ထောင်ရေးမျိုးနှင့် အချစ်ဖြင့် အရင်းတည်သော အိမ်ထောင်ရေး တွင် လက်ထပ်ပြီးခါစ ကာယကံမြောက် ပေါင်းသင်းရသည့်အခါ ကြုံတွေရမည့် ထူးခြားချက် တစ်စိတ်တဒေသပင် ဖြစ်ပါသည်။

*****

အိမ်ထောင်ဦး အခါသမယ လွန်မြောက်၍ နောက်ပိုင်းအချိန်ကာလများတွင်လည်း ချစ်သူချင်း လက်ထပ် ထိမ်းမြားရသည့် အကျိုးထူးများသည် ဆက်လက်၍ ထင်ရှားပေါ်လွင် လာဦးမည် ဖြစ်ပေသည်။ အထူးသဖြင့် စိတ်သဘေားထား တိုက်ဆိုင်မှု ကိစ္စတွင် အချစ်ဖြင့် တည်ဆောက်သော အိမ်ထောင်ရေးက များစွာ သာမည် ဖြစ်ပေသည်။

အိမ်ထောင်သည်ဘ၀တွင် ချစ်သူရည်းစားဘ၀ဖြင့် နေရသည်နှင့် လုံးဝမတူဘဲ ဟန်ဆောင်မှုများ ကင်းလာမည် ဖြစ်လေရာ ဇနီးမောင်နှံနှစ်ဦးစလုံး၏ ပင်ကိုသဘာဝ စရိုက် စိတ်နေသဘောထားတို့သည် အမှန်အတိုင်း ဘွင်းဘွင်း ပေါ်လာမည်ဖြစ်၍ လူသားတို့ ထုံးစံအတိုင်း ချို့ ယွင်းချက်ကလေးများသည်လည်း အသီးသီး ပေါ်ထွက်လာတတ်၏။

သည်လိုအခါများတွင် တစ်ယောက်နှင့်တစ်ယောက် ချစ်ကြိုက်ပြီး ယူကြသူများနှင့် မိဘပေးစား၍ လက်ထပ်ရသော ဇနီးမောင်နှံအဖို့ အကြီးအကျယ် ကွာခြားမှုရှိကြောင်း တွေ့ရပေလိမ့်မည်။ တစ်ယောက်ကို တစ်ယောက် သီးခံခွင့်လွတ်ခြင်း၊ တစ်ယောက်ကို တစ်ယောက် အပြစ်မမြင်ခြင်း၊ တစ်ယောက်၏အလိုကို တစ်ယောက်က လိုက်လျောခြင်း စသည်တို့ကို တကယ်ချစ်သော ဇနီးမောင်နှံတို့တွင်သာ မုချ မြင်ရ ပေလိမ့်မည်။ ငါ့ချစ်သူ စိတ်ချမ်းသာလျှင် ပြီးရောဟူသော အတွေးက ၀င်လာတော့သည်။ အကြောင်းမူကား ချစ်သူအပေါ် အမှန်ထားရှိသော မေတ္တာဓာတ်က အပြစ်ဟူသမျှကို ဖုံးလွှမ်း ပပျောက်စေနိုင်သောကြောင့် မဟုတ်ပါလား။

မေတ္တာသက်ဝင် ချစ်ခင်ခြင်းမရှိဘဲ စီးပွားရေး ကုန်ရောင်းကုန်ဝယ်လုပ်သလို အပေးအယူတည့်အောင် စေ့စပ်ခြင်းဖြင့် အကောင်အထည်ဖော်ကာ တည်ဆောက်လိုက်သော အိမ်ထောင်ရေးများတွင်ကား အချစ်ဟူသော မေတ္တာဓာတ်ဖြင့် အခြေခံ တည်ဆောက်ထားခြင်းမရှိသောကြောင့် သာယာချမ်းမြေ့ဖွယ် အဆင်ပြေမှုမျိုးရှိရန် မလွယ်ကူလှချေ။ သည်လို အိမ်ထောင်ရေးမျိုးကို ယခုခေတ် လူငယ်များ မည်သည့်နည်း နှင့်မျှ အားကျခြင်း မသင့်ပေ။

လက်ထပ်ပေါင်းသင်းပြီး စိတ်သဘောထားချင်း မတိုက်ဆိုင်၍ ကွာရှင်းပြတ်စဲပြီး နောက်အိမ်ထောင်သစ်ထူရင် ရသားပဲဟု စောဒက တက်ချင်သူများလည်း ရှိကြပေမည်။ အခုညား အခုကွာ။ အခုနောက်တစ်ယောက် ထပ်ယူကြသည့်ဓလေ့ အလွန်ခေတ်စာနေသော အနောက်နိုင်ငံများ၌ပင်လျှင် ယခုအခါ လူမှုရေးသိပ္ပံ ပညာပါရဂူများက အိမ်ထောင်ရေး တည်တံ့ခိုင်မြဲမှု ရှိမှသာလျှင် စိတ်၏ချမ်းသာမှုကို ပေးစွမ်းနိုင်သည်ဟု ဆိုနေကြပေပြီ။ အိမ်ထောင်ရေးသာယာရေး၊ အိမ်ထောင်သက် တည်တံခိုင်မြဲရေးအတွက် အကြံပေးပုဂ္ဂိုလ်များ Marriage Counsellor များ ပေါ်ပေါက်လျက်ရှိရာ အနောက်နိုင်ငံသား လူငယ်ပေါင်းများစွာက ယင်းအကြံပေး ပုဂ္ဂိုလ်များထံ ချဉ်းကပ် အကူအညီတောင်းနေကြသည်။ အခကြေးငွေပေး၍ အိမ်ထောင်မှု ဆိုင်ရာ အကြံဥာဏ်များ၊ ညွှန်ကြားချက်များ ရယူနေကြပေသည်။ အဓိပ္ပာယ်ကား လက်ထပ်ပြီးမှ လင်မယား ကွဲခြင်းထက် အိမ်ထောင်ရေးသာယာ တည်တံ့ရေးကို ပိုမိုလိုလားကြသည်ဟူသော သဘောပင်တည်း။

ဒါကြောင့် အိမ်ထောင်ရေးတွင် အချစ်သည် အရေးကြီးဆုံးသော အခြေခံအုတ်မြစ် တစ်ခုဖြစ်ကြောင်း ထင်ရှားပေါ်လွင်လောက်ပေသည်။

အချစ်ဆိုသော်လည်း အရွယ်ရောက်က ကျောင်းသူကျောင်းသားဘ၀တွင် မိန်းကလေးနှင့် ယောက်ျားလေး မျက်စိကျပုံမျိုး (သို့) ဆယ်ကျော်သက်တို့၏ အချစ်မျိုးနှင့် ရောထွေးအထင်မမှားစေရန်လည်း အရေးကြီးလှ ပါသည်။

အချစ်ဟူသည် အလွယ်တကူ ပေါ့ပေါ့ဆဆ သဘောထား၍ရသော အရာမျိုးမဟုတ်ပေ။ ဆန့်ကျင်ဘက် လိင်ကို တောင့်တ မက်မောခြင်းမျိုး၊ ရုပ်ရည်ချောမောလှပခြင်းကြောင့် နှစ်သက်သဘောကျပုံမျိုးများကိုလည်း အချစ်စစ်အချစ်မှန်ဟု အလောတကြီး ဆုံးဖြတ်၍ မရနိုင်ပေရာ မိမိအတွက် တကယ့်အချစ်ကို ရှာတွေ့ရန် မလွယ်ကူလှပါဟု ဆိုရပေမည်။
“အချစ်ကို တိုင်းတာမှတ်ကျောက်တင်စစ်ရန် အကောင်းဆုံးနည်း၊ အမှန်ကန်ဆုံးသော စမ်းသပ်ချက်မှာ အချိန်ကာလပင်ဖြစ်ပါသည်။”

သို့ဖြစ်ပါ၍ ချစ်သူတွေ့ထားပြီဆိုသည်နှင့် တစ်ပြိုင်နက် အချိန်ကာလ၏ မှတ်ကျောက်တင် စစ်ဆေးခြင်းကို ခံကြည်ရန် စိတ်ကူးရပေမည်။ ထိုအတောအတွင်း ချစ်သူနှင့် ပက်သက်မေးခွန်းပေါင်းများစွာကိုလည်း ကိုယ့်ဘာသာကိုယ် ထုတ်၊ ကိုယ့်ဘာသာကို ဖြေဆို ကြည့်ရပေမည်။

အဓိကအားဖြင့် ငါသည် ငါ့ချစ်သူနှင့် အသက်ထက်ဆုံး ဘ၀ခရီးလမ်းတစ်လျှောက် အတူတွဲသွားရန် အဆင်သင့် ရှိပါ၏လော၊ လူချင်းစရိုက်ချင်း ကွာခြားမှု ရှိသင့်သလောက် ရှိကြသဖြင့် နှစ်ရှည်လများ အတူတကွ ပေါင်းသင်းနေထိုင်သွားနိုင်မည်လော၊ ငါ့ချစ်သူတွင် ဘာချို့ ယွင်းချက်ရှိရှိ၊ ဘယ်လို အပြစ်မျိုးပဲလုပ်လုပ် ငါက ချစ်ခင်ကြည်ဖြူစွာ ထာဝရ ခွင့်လွှတ်နိုင်မည်လော စသည့် မေးခွန်းများသည် အရေးကြီးပါသည်။

ယင်းမေးခွန်းများ၏ အဖြေကို မထောက်မညှာ အမှန်အတိုင်း ဆုံးဖြတ်ရရှိ၍ ချစ်သူအပေါ် တကယ့်မေတ္တာ စေတနာများ အခါမရွေး ထားနိုင်မည်ဆိုလျှင်ကား မိမိ၏ အချစ် မှတ်ကျောက်တင် စာမေးပွဲ အောင်မြင်သည်ဟု ဆုံးဖြတ်နိုင်ပြီ ဖြစ်ပါတော့သည်။


ဝန်ခံချက်။ ။ ကျွန်တော်နဲ့ မဟေသီ တို့အတွက် ဒေါက်တာလွဏ်းဆွေ၏ မိခင်၊ မြှားနတ်မောင် မဂ္ဂဇင်း၏ အယ်ဒီတာချုပ် ဦးလွဏ်းမောင်၏ ဇနီး၊ ကျွန်တော်၏ ဆရာမ ဒေါ်သင်းသင်းဝေ က မင်္ဂလာ လက်ဖွဲ့အဖြစ်ပေးလာပါသော စာအုပ်များထဲမှ စာသားများနဲ့ ကိုယ်တိုင် သုံးသတ်ချက်များကို ဖော်ပြ ပေးထားခြင်း ဖြစ်ပါသည်။

ကျေးဇူးတင်စွာဖြင့်
yu ya

27 comments:

kiki said...

နေရာ လာဦးတာ ၁....
အချစ်တွေ အိမ်ထောင်ရေးတွေ ဘာမှန်းတော့ မသိပါ။။
ဆော တီးးး

မြစ်ကျိုးအင်း said...

အချစ်ပါတဲ့ အိမ်ထောင်ရေး တည်ဆောက်နိင်ရင်တော့
အတိုင်းထက်အလွန်ပေါ့....။
ကဗျာဆရာကြီးတယောက်ရေးတာ ဖတ်ဖူးတယ်
အချစ်ဆိုတာ လူနဲ့လူချင်း ပလပ်ပေါက်ထိုးတာတဲ့
သေသေချာချာစာတွေးတွေးရင် အဓိပ္ပါယ်ရှိတယ်ဗျ။
ပလပ်ပေါက်တခုထဲလည်း ရပ်တည်လို့မရသလို ပလပ်ခေါင်းတခုထဲလည်း အသုံးမ၀င်ဘူး
အဲဒီနှစ်ခုပေါင်းစပ်မှ တန်ဖိုးရှိတဲ့ အရာတွေဖြစ်လာတယ်
အဲလိုပဲ ချစ်သူနှစ်ဦးပေါင်းဖက်ခွင့်ရခဲ့ရင် တန်ဖိုးရှိတဲ့ လူအများအားကျတဲ့ မိသားစုလေးဖြစ်လာမှာလေ။

ကိုယုတို့ဇနီးမောင်နှံလည်း ထာဝစဉ်ပျော်ရွှင်ချမ်းမြေ့ပါ စေဗျာ။

ဝက်ဝံလေး said...

နေရာ လာဦးတာ ၃ ကွ

ယွန်း said...

တို့ကတော့ ၄ ပဲ...

သားကြီး said...

ကိုယုယရေ ရှုထောင့်အမျိုးမျိုးကနေသုံးသပ်ပြသွားတာ
မှတ်သားလောက်ပါပေတယ်ဗျာ
“အချစ်ကို တိုင်းတာမှတ်ကျောက်တင်စစ်ရန် အကောင်းဆုံးနည်း၊ အမှန်ကန်ဆုံးသော စမ်းသပ်ချက်မှာ အချိန်ကာလပင်ဖြစ်ပါသည်။” ဆိုတဲ့စာလေးကို တော်တော်သဘောကျတယ်
အခုခေတ်က ဟောဟောဒိုင်းဒိုင်းတွေများတယ်မဟုတ်လားဗျ
မစူးစမ်းမဆင်ခြင်ဘဲ ချစ်လိုက်ကြ
အကြောင်းမယ်မယ်ရရမရှိဘဲကွဲလိုက်ကြနဲ့
တော်တော်လေးဆိုးပါတယ်
နှစ်ဘက်မိဘပေးစားလို့ယူလိုက်ရပြီး ခိုင်မြဲနေပါတယ်ဆိုတဲ့ အိမ်ထောင်ရေးတဲ့
နှစ်ဦးသားချစ်ခင်စုံမက် ပေါင်းဖက်ကြတဲ့
အိမ်ထောင်ရေးက အဆများစွာ သာလွန်ကောင်းမွန် အဓိပ္ပါယ်တွေ ပြည့်ဝနေမယ်လို့ ကျနော်တော့ ကိုယုယနဲ့ ထပ်တူ ယုံကြည်မိပါတယ်
ကိုယုယနဲ့ မဟေသီ ရာသက်ပန်ပျော်ရွှင်နိုင်ပါစေဗျာ

yangonthar said...

“အချစ်ကို တိုင်းတာမှတ်ကျောက်တင်စစ်ရန် အကောင်းဆုံးနည်း၊ အမှန်ကန်ဆုံးသော
စမ်းသပ်ချက်မှာ အချိန်ကာလပင်ဖြစ်ပါ
သည်။”

ဒီအတွေးလေးသိပ်သဘောကျတယ် ငြီးငွေ့ မှု ဆိုတာ အချိန်ကသာ ပြသလို့ မြင်နိုင်တာမို့ 
သိပ်ကောင်းတဲ့ ဒဿနစကား တစ် ခု အဖြစ် မှတ်သားသွားပါတယ် ကိုယုယရေ ကျေးဇူးပါ။
ချစ်သူအများ ကမ္ဘာတည်သရွေ့ မငြီးမငွေ့ 
ချစ်နိုင်ကြပါစေဗျာ
လေးစားခင်မင်လျှက်
ညီငယ် ရန်ကုန်သား :D

chitpalone said...

တော်တော်ကို ထောက်ဖို့ကောင်းတဲ့ ပို့စ်လေးပါ ပါးလုံးကို ကော်ပီလုပ်ခွင့်ပေးပါနော်။ ပါးလုံးကတော့ မချစ်တဲ့သူကို မယူနိုင် အပျိုကြီးပဲ လုပ်လိုက်ပါတော့မည်။ နှစ်ယောက်လုံးသာ ချစ်နေမယ်ဆိုရင် တယောက်ကိုတယောက် နားလည်အောင် ကြိုးစားရင်း ညှိသွားလို့ရတယ်လို့ ယုံကြည်ပါတယ်။ ဆက်တောင် မမန့်တတ်တော့ဘူး အချက်အလက်တွေ စုံလွန်းလို့ တော်တော်ကိုကြိုက်တယ်ဗျာ။ ဒီနေ့ အိမ်စာမရှိလို့ အိမ်လိုက်လည်တာ။ တော်တော်များများအကျိုးရှိတယ်ဗျာ။
ဒီလင်ဒီမယား အိုအောင်မင်းအောင် ရာသက်ပန်ရိုးမြေကျ နားလည်မှုအပြည့်အဝနဲ့ ပျော်ရွှင်စရာကောင်းသော မိသားစုလေး ဖြစ်ပါစေဗျာ။ ( အဟိ ကြားဖူးသမျှ)
PS ရင်ထဲက ပါပါသည်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

မငုံ said...

လေ့လာမှတ်သားသွားတယ်။ :) ကိုယုယနဲ့မဟေသီတို့ အိုအောင်မင်းအောင် ပေါင်းရပါစေသားနော်။

WWKM said...

မောင်ယုယရေ..သုံးသပ်ပြသွားတာတွေ တကယ်ဖတ်လို့
ကောင်းပါတယ်။အစ်မကလည်း အချစ်ပါတဲ့ အိမ်ထောင်
ရေးလေးတွေပဲတည်ဆောက်ကြဘို့ တိုက်တွန်းချင်ပါ
တယ်။
မောင်ယုယနဲ့ မဟေသီတို့ မင်္ဂလာနှစ်ပေါင်း ၁၀၀ တိုင်
အတ္တ ၊မာနတွေကင်းစွာနဲ့ ချစ်ခင်နိုင်ကြပါစေ။း)

အိန္ဒြာ said...

အချစ်နဲ့အချစ်တေ့တေ့ဆိုင်ဆိုင်ကြုံကြိုက် လက်ထပ်ပေါင်းသင်းခွင့်ဆိုတာ..ဒုလ္လဘတစ်မျိုးပါပဲ...။

အဲဒီ့ရခဲဖြင်းကို..တန်ဖိုးထားတတ်ကြရမှာ...

subuueain said...

ကိုယုယရေ လေ့လာမှတ်သားသွားပါတယ်။ ကိုယုယ
တို့ ဇနီးမောင်နှံ အမြဲတမ်းနားလည်မှုရှိပြီး ပျော်ရွှင်ချမ်းမြေ့ပါစေနော်။ နွေးထွေးတဲ့မိသားစုဘဝလေးကို လူတိုင်းလိုချင်ကြမှာပါ။

Unknown said...

အချစ်နဲ့ အိမ်ထောင်ရေး....

အိမ်ထောင်ရေးနဲ့ အချစ်....

ဒီပို့စ်လေးအတွက် ကျေးဇူးပါ ကိုယုယ.....

Unknown said...

အိမ်ထောင်ရေးဆိုတာကြီးက ကိုယ့်အတွက်တော့ အရမ်းကို အလှမ်းဝေးလွန်းတဲ့ အရာကြီးတစ်ခုလိုပါပဲ...။
ဗဟုသုတလေးတွေ နဲ့ သင့်သိသိအပ်တဲ့ အကြောင်းအရာလေးတွေကို ခုလိုမျှဝေပေးတာ ကျေးဇူးပါ အစ်ကို ယုယရေ....။
ကိုယုယ နဲ့ မဒီတို့ ဇနီးမောင်နှံရဲ့ သာယာလှပ တဲ့ဘ၀ခရီးလမ်းလေး ထာဝရဖြောင့်တန်းနိုင်ပါစေလို့ .....ဆန္ဒပြုရင်း
ခင်မင်စွာဖြင့်

sweety said...

ကိုယုယရေ..ဒီပို့စ်လေး ကိုတော်တော်သဘောကျတယ်..မှန်တယ်ဗျ..ဒါပေမဲ့ အခုကချစ်တဲ့ သူတိုင်း ပေါင်းရ ဖို့ဆိုတာမလွယ်တော့ဘူး..ပေါင်းရတဲ့ သူကိုပဲချစ်နိုင်ဖို့ပဲကြိုးစားရမလိုဖြစ်နေပြီ..ဘာလို့လဲ ဆိုတော့ မြင်ရသမျှက တွက်ချက်မှုတွေသိပ်များနေတယ်..ကိုယုယတို့ကအရမ်း ကံကောင်းပါတယ်ဗျာ..ကိုယုယနဲ့ မဟေသီတို့ မင်္ဂလာနှစ်ပေါင်း များစွာ ဘ၀ကိုပျော်ရွှင်စွာ ရင်ဆိုင်ဖြတ်သန်းနိုင်ပါစေ...

မယ့်ကိုး said...

သူများပြောလို့ သံယောင်လိုက်တာ မဟုတ်ပါဘူး။
ချစ်ခြင်းနဲ့ တည်ဆောင်ထားတဲ့ ကိုယုယတို့ အိမ်ထောင်မှု ပိုလို့ချစ်လို့ ပျော်ရွှင်ချမ်းမြေ့ပါစေလို့.....

မိုးစက်အိမ် said...

ကောင်းတယ် အကိုရာ တန်ဖိုးလည်း ရှိတယ်
ဗဟုသုတလည်း ရတယ် တချို.အပိုင်းတွေမှာ
လည်း ပွင်.ပွင်.လင်းလင်းလေး ရှင်းပြထားတာ
ဒီပို.စ်ကိုလေးနက်စေတယ်ဗျာ...ကိုယုလည်း
မဟေသီလည်း ထာဝရ ပျော်ရွှင်ပါစေဗျာ...

ကောင်းကင်ပြာ said...

အမ ဒီပို့စ်လေးကို အမ စာမျက်နှာပေါ် တင်ထားပါရစေ၊ ခွင့်တောင်းသွားတယ်နော်း)

ဝက်ဝံလေး said...

အော် ဒွက်ခ ငါ့နှယ်နော် အပျိုကြီးကို ဘာတွေလာပြောနေတာတုံး ကိုယုယရေ ဟွင်းးးးး

ဖတ်ပြီးကြောင်း သတင်းပို့ပါတယ် မနေ့က နေရာလာဦးတာ ဂနေ့ ဖတ်ပြီးလို့ လာပြောတာ ဟွန်းးးးးး

rose of sharon said...

အချစ်ပါတဲ့အိမ်ထောင်ရေးကိုဘဲ လက်ခံတယ်...

မင်းနေဝေး said...

လူအမျိုးမျိုးပဲကိုယုယရေ .... ဈေးတွက်တော့ မတွက်ပါဘူး .... :D
သူချစ် ကိုယ်ချစ်လေးဆိုရင်တော့ သာယာတဲ့ အိမ်ထောင်တစ်ခု ဖြစ်မှာပါ ... ကျွန်တော်လည်း အချစ်ဘက်ကပါတယ်နော် .... ပျော်ရွှင်ပါစေဗျာ ..

မျက်မှန်လေး said...

အမှန်ဘဲ...
ကိုယ်မချစ်လို့ယူလိုက်ရတဲ့အိမ်ထောင်ရေးဆို
လုံးဝအဆင်ပြေမှာ မဟုတ်ဘူး.။
စဉ်းစားကြည့်လေ။
ကိုယ်ချစ်တဲ့သူနဲ့ယူတာတောင်တစ်ခါတစ်ခါ ကတောက်ကဆ ဖြစ်သေးတာ။သူ့ကို ချစ်တဲ့စိတ်နဲ့ကိုယ်ကခွင့်လွှတ်လို့ရချင်ရမယ်။ ကိုယ်မချစ်တဲ့သူများဆိုရင်တော့ ရကိုရမှာမဟုတ်ဘူး။
လူ့ဘ၀တိုတိုလေးမှာ စိတ်ချမ်းသာစွာနဲ့ဘဲနေသွားချင်တယ်။

မိုးအိမ့်ဖြူ ၁ said...

အသိနောက်ကျလိုက်တာဗျာ အခုမှဖတ်လိုက်ရလို့ပါ...။ ကောင်းပါ၏ စာသားတွေက တော်တော် ကောင်းတယ်ဗျာ...။

ငှက်ငယ်လေး said...

ဖတ်လည်းဖတ် မှတ်လည်းမှတ်သွားပါတယ်ရှင့်

2mar said...

မှန်လိုက်လေ ယုယရယ်
အိမ်ထောင်တခုကိုတည်ဆောက်တာ အချစ်သာမပါရင် မလွယ်ပါ တစ်ဦးပေါ်တစ်ဦး နားလည်မှုလဲမရနိုင်ပါ

Angel Shaper said...

အချစ်နဲ့ အိမ်ထောင်ရေးးးး
ဟုတ်ကဲ့ ကိုယုကြီး အင်မတန် တန်ဖိုးရှိတဲ့ ဒီဆောင်းပါးအတွက် အလွန်ကျေးဇူးတင် ၀မ်းသာတာ ကိုယုကြီးညီမ သမီးကြီးပါ။
တကယ်ကြိုက်ပါတယ်။ ကူးယူရမယ်ဗျ။ အိမ်ထောင်ရေး စဉ်းစားမဲ့ တစ်နေ့  မေ့သွားရင် ပြန်ဖတ်ဖို့ ။ ဟဲဟဲ
အဟုတ်ကြိုက်တယ်။
ကိုယုကြီးနဲ့ မဟေသီ ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေနော်။

ပုံ့မေ said...

နာယူသွားပါတယ် အစ်ကိုရေ့ ။ ကျေးဇူးတင်ပါတယ်

မင်းအိမ်ဖြူ said...

သေချာလာဖတ်ပါတယ်

မှတ်သားစရာများမို့မှတ်သားသွားပါကြောင်းနှင့်

အတွေအထူးပြောစရာမရှိသည်မို့

လေးစားစွာဖြင့်

မင်းအိမ်ဖြူ