Pages

Saturday, August 22, 2009

“ကျွန်တော်နဲ့ မဟေသီ ဆုံစည်းခြင်း”




အချိန်က ၂၀၀၀ ခုနှစ် ။

စက်မှုတက္ကသိုလ် ဆိုတဲ့ အမည်နာမတစ်ခုကနေ နည်းပညာတက္ကသိုလ်ဆိုတဲ့ အခြားအမည်နာမ တစ်ခုကို အသွင်သဏ္ဍာန်ပြောင်းလို့ အရှိန်ကောင်းကောင်းနဲ့ ခရီးဆန့်နေတဲ့ အချိန်အခါ။

ပထမနှစ်နဲ့ ဒုတိယနှစ် (ကျွန်တော်တို့ အခေါ်အဝေါ် - ၁ တန်း နဲ့ ၂ တန်း) ကို သက်ဆိုင်ရာ GTC တွေမှာ သက်ဆိုင်ရာ တက္ကသိုလ်က ဆရာ၊ဆရာမတွေ လာရောက်သင်ကြားဖို့ချနေတဲ့ အချိန်။

တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ် (၃ တန်း၊ ၄ တန်း၊ ၅ တန်း၊ ၆ တန်း) တွေကိုတော့ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ ပြည်နည်းပညာ တက္ကသိုလ်၊ မန္တလေးနည်းပညာ တက္ကသိုလ် တို့မှာ ဆက်လက် ပညာဆည်းပူးခွင့် ပေးထားတဲ့ အချိန်အခါသမယ။

ပထမနှစ် GTC ကျောင်းရဲ့ စာသင်ခန်းလေးထဲမှာ စာသင်ချိန်တစ်ချိန် သွားထိုင်မိခဲ့တယ်။ ခဏပါပဲ.. တကယ့်ကို ခဏလေးပါပဲ.. ။ ဘယ်လိုမှ လက်ခံလို့မရဘူး။ ဘာကိုလက်ခံလို့မရဘူးလဲလို့ ကိုယ့်ဖာသာကို ပြန်မေးကြည့်တယ်။ သင်ရိုးညွှန်းတမ်းက လွဲရင် ကျန်တာ အကုန်ပါပဲဗျာ။ ခံစားဖူးခဲ့တဲ့သူတွေ ဒီခံစားချက်ကို နားလည်နိုင်မယ် ထင်ပါတယ်။

စာသင်ခန်းကို မနက်သွားလိုက် ခဏလေးပဲထိုင်ပြီး ပြန်ထွက်လာလိုက်။ ဒါနဲ့ပဲ စာသင်ခန်းဆိုတာ ကျွန်တော်ရဲ့ ခပ်ဝေးဝေးကို မသိမသာရောက်လာပါတော့တယ်။

ဒီလိုနဲ့ စာသင်ခန်းမသွားပဲ အားနေတဲ့ အချိန်တွေကို ဘယ်လို အသုံးချဖြစ်သွားလဲဆိုတော့ ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့တဲ့ English စာလေ့လာတဲ့ဖက်ကို ရောက်သွားတော့ပါတယ်။ အဲဒီအချိန်တုန်းက လေ့လာစရာ လစဉ်ထုတ် Bilingual စာအုပ်တွေဖြစ်တဲ့ The Best of English, The Light of English, English for All နဲ့ International စာအုပ်တွေကို စတင်ပြီး ဖတ်မိပါတော့တယ်။

(The Best of English ကတော့ ၁၀ တန်းကျောင်းသားတွေအတွက် အထူးသင့်တော်တဲ့ စာအုပ်ပါ။ ကျန်တဲ့စာအုပ်တွေကတော့ Intermediate Learning တွေအတွက် လေ့လာဖို့ သင့်တော်ပါတယ်။)

၃ လလောက်ဝယ်ဖတ်ပြီးတဲ့အခါ အဲဒီအထဲမှာပါတဲ့ ဘာသာပြန်ကဏ္ဍ (မြန်မာကနေပြီးတော့ အင်္ဂလိပ်လိုပြန်ရတာပါ) တွေမှာ ၀င်ပြိုင်ချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာခဲ့မိပါတော့တယ်။ သူများတကာတွေ ဆုရတာ၊ သူတို့ရဲ့ ပထမရတဲ့ အရေးအသားလက်စွမ်းပြတာတွေကို ကြည့်ပြီး တကယ့်ကို အားကျခဲ့မိတယ်။ ဒါနဲ့ ကျွန်တော်လည်း လိုအပ်တဲ့ စာအုပ်စာတမ်းတွေလိုက်ဝယ်ပါတယ်။
English - English Dictionary,
English-Myanmar Dictionary,
Myanmar-English Dictionary အစုံပဲ။

ဒါနဲ့ပဲ ကိုယ်ဖာသာကိုယ် အထင်ကြီးပြီး ပထမဦးဆုံးအနေနဲ့ The Light of English ရဲ့ ဘာသာပြန်ပြိုင်ပွဲကို ၀င်ပြိုင်မိတယ်ဗျ။ The Light of English ရဲ့ ဆုပေးပုံက ဒီလိုဗျ.။
ပထမ၊ ဒုတိယ၊ တတိယ
အထူးလက်ရွေးစင်စာမူများ
လက်ရွေးစင်(က)စာမူများ
လက်ရွေးစင်(ခ)စာမူများ

ကျွန်တော်ဝင်ပြိုင်ခဲ့တဲ့ ပထမဦးဆုံးစာမူက ဘယ်လိုမှ ထင်မထားတဲ့ လက်ရွေးစင်(ခ)ထဲမှာ။ ကိုယ့်ဖာသာကိုယ်လည်း မကျေမနပ်ဖြစ်သွားတယ်။ ဟုတ်တယ်လေ။ ၁၀ တန်းတုန်းကဆို ကိုယ့်ဖာသာကိုယ် Essay တွေရေးပြီး အမှတ်ကောင်းကောင်းရနေတာဆိုတော့ ရုတ်တရက် ထွက်လာတဲ့ Result ကို မကျေနပ်ဘူး။ ဒါနဲ့ပဲ ကိုယ့်စာမူနဲ့ ပထမရတဲ့ စာမူကို ယှဉ်ကြည့်တော့မှ အားပါး.ပါး.. ရေရေလည်လည်ကို ကွာထွက်နေတာ။ ဘာသာပြန် စာမူစိစစ်ရွေးချယ်ရေးအဖွဲ့မှာကလည်း ဦးသာနိုး၊ ဘ၀သစ်ဦးအောင်ကျော်၊ ဦးသိန်းလွင် အစရှိတဲ့ လူတွေ ပါဝင်နေတော့ ဆင်ခြေမတက်ရဲဘူး။

အဲဒါနဲ့ ကိုယ့်အားနည်းချက်ကို ရှာကြည့်တယ်ဗျ။ ဘယ်လိုသွားတွေ့လည်းဆိုတော့ မြန်မာလိုရေးထားတာကို အင်္ဂလိပ်လို ဘာသာပြန်ရတယ်ဆိုတော့ အဓိက လိုအပ်တာက Myanmar-English Dictionary ကောင်းကောင်းတစ်အုပ်။ ရှိနေတဲ့ စာအုပ်လေးက ဟင်းလေးအိုးကြီးက ထုတ်တဲ့ Pocket သာသာ စာအုပ်လေး။ တစ်ချို့ တစ်ချို့ သော မြန်မာအရေးအသားများကို ဘာသာပြန်ရတာ အရမ်းနဲ့ကို ခက်ခဲပါတယ်။ တစ်ခါတစ်လေ ဘာကိုဆိုလိုတယ် ဘယ်လိုအဓိပ္ပါယ် ဆိုတာကိုတောင် မနည်းစဉ်းစားရတယ်။ အဲဒါကို အင်္ဂလိပ်လို ဘာသာသွားပြန်တဲ့အခါမှာ တစ်ခါတစ်လေ ဆိုလိုတဲ့ အဓိပ္ပါယ်တွေပျောက်ပြီး အမြှီးအမောက် မတည့်တာတွေ ဖြစ်သွားတတ်ပါတယ်။ ဒါ့အပြင် ဘာသာပြန်တဲ့အခါမှ မူလစာရေးဆရာရဲ့ ရသ မပျောက်ဖို့ကလည်း အင်မတန်မှ အရေးကြီးပါတယ်။ ကိုယ်ဘာသာပြန်လိုက်တဲ့အခါမှာ သူ့ပေးချင်တဲ့ ရသပျောက်သွားရင် မူလစာရေးဆရာ ဘယ်ကျေနပ်မလဲဗျာ။

ဥပမာ “မင်းဝတ္တုကို စိတ်ဝင်တစား ဖြစ်သွားရပြီး အဆုံးထိ ဆက်ဖတ်နေခဲ့မိတယ်” ဆိုတာလေးကို ကြည့်ပါ။
ဒါကို အင်္ဂလိပ်လို ဘာသာပြန်မယ်ဆိုရင် အများအားဖြင့် မြန်မာဆန်ဆန်ပဲတွေးမယ်။ ဒီလိုလေးပြန်မိကြမယ်.
* I was interested in your novel and I happened to continue reading it to the end.
ဒီလို ဘာသာပြန်ထားတာကို ကိုယ့်ဖာသာကိုယ် ကျေနပ်နေခဲ့မိမှာပေါ့။ မြန်မာလိုတွေးပြီး အင်္ဂလိပ်လို ဘာသာပြန်တော့ မြန်မာဆန်ဆန်ထွက်သွားတာပေါ့ဗျာ။ ဒီလိုဘာသာပြန်ကို အင်္ဂလိပ်ဆန်ဆန်ရေးမယ်ဆိုရင်
* I was completely gripped by your novel from start to finish.
Grip ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပါယ်ကို Oxford Dictionary မှာ သွားကြည့်ရင် သူ့ရဲ့ Usage ကို အထက်ပါအတိုင်း တွေ့ရမှာပါ။

အဲဒီလိုပေါ့.. ကျွန်တော်က Dictionary တွေကို စုံအောင် မမွှေတော့ ပထမရတဲ့သူရဲ့ စာမူနဲ့ယှဉ်လိုက်ရင် ရီစရာကြီး ဖြစ်နေပါရော။ ဒါနဲ့ပဲ ဒုတိယ စာမူအတွက် ပြင်ဆင်ဖို့ Myanmar - English Dictionary ကောင်းကောင်းကို မမျှော်လင့်ပဲ ရလိုက်တယ်ဗျ။ မြန်မာစာအဖွဲ့ ဦးစီးဌာန က ထုတ်ဝေတဲ့ စာအုပ်ပါ။ အင်မတန်ကို ကောင်းတဲ့စာအုပ်။ ဒါနဲ့ပဲ အဲဒီလ စာမူရေးတာ ၁၅ ရက်လောက်ကြာသွားတယ်။ ဘာသာပြန်လိုက်။ အသုံးအနှုန်းမကြိုက်လို့ ပြင်လိုက်။ စကားလုံး အားနည်းနေလို့ အားကောင်းတဲ့ စကားလုံးရှာလိုက်နဲ့။

ဒီနေရာလေးမှာ ကြုံကြိုက်လို့ အားကောင်းတဲ့ စကားလုံးဆိုတာကို နည်းနည်းရှင်းပြချင်ပါတယ်။ ကျွန်တော်တို့က အင်္ဂလိပ်စာလုံးတစ်လုံးတွေ့ရင် သူ့ရဲ့ Synonyms ကို လေ့လာရပါတယ်။ အဲဒီလို Synonyms ကိုရှာဖို့ဆိုရင် Thesaurus Dictionary ကောင်းကောင်းတစ်အုပ် လိုပြန်ရော။ ပြီးရင် ထွက်လာတဲ့ synonyms တွေကို အဆင့်ခွဲဖို့ Activator Dictionary လိုအပ်ပါတယ်။ အဟဲ... ဘာသာပြန်တာ ဒီလောက်တောင်ပဲလားဆိုရင် ဒီထက်မကပါဘူးလို့ ဆိုချင်ပါတယ်ဗျာ။

ဒါနဲ့ပဲ ဒုတိယစာမူလေးကို စိတ်တိုင်းကျလို့ စာတိုက်ကနေပြီး Light Magazine တိုက်ရှိရာ ၃၉ လမ်းကို ပို့ပြီးသကာလ ကျွန်တော်တို့ ယခုကဲ့သို့ ဘလော့တွေ မပေါ်သေးပေမယ့် အဲဒီအချိန်တုန်းက Pen Friend ဆိုတဲ့ ကဏ္ဍပေါ်လာခဲ့တယ်ဗျ.။ English စာလေ့လာတဲ့သူတွေအချင်းချင်း ကိုယ့်ဗဟုသုတ၊ ကိုယ့်ဘာသာပြန်မှုအခြေအနေ၊ လေ့လာဖြစ်တဲ့ စာအုပ်အကြောင်းတွေကို တစ်မြို့ နဲ့တစ်မြို့ စာရေးဆက်သွယ်ကြတယ်ဗျ.။ အများအားဖြင့်တော့ ပထမ၊ ဒုတိယ၊ တတိယ နဲ့ လက်ရွေးစဉ်ရထားတဲ့သူတွေ ကတော့ အကုန်လုံး English လိုပဲရေးတာ။ တစ်ချို့ ၀ါသနာရှင်တွေလောက်ပဲ မြန်မာလို ရေးတယ်။ Letter Writing ရေးတော့လည်း အရေးအသားကို အရမ်းနဲ့ ဂရုစိုက်ရပြန်ပါရော။ ဘာဖြစ်လို့လဲဆိုတော့ ပထမ၊ ဒုတိယ၊ တတိယ နဲ့ အထူးလက်ရွေးစင် ရထားတဲ့သူတွေက အများအားဖြင့် ကိုယ့်ထက်ကြီးတဲ့သူတွေ-တစ်ခါတစ်ခါ ပါမောက္ခတွေ၊ ဦးဇင်းတွေ၊ ကျောင်းဆရာတွေ ပါတယ်လေ။ အဲဒီလို စာတွေရေးရင်နဲ့ အသိမိတ်ဆွေတွေ အများကြီးရလာတယ်။ လေ့လာဖြစ်တဲ့ စာအုပ်တွေ များလာတယ်ဆိုပါတော့။

ဒါနဲ့ ဒုတိယစာမူပါတဲ့ The Light of English စာအုပ်လေးရဲ့ ၂၀၀၀ ခုနှစ် မေလထုတ်ကလေးကို သူငယ်ချင်းတစ်ယောက် လမ်းကြုံလို့ ၀င်ဝယ်ခိုင်းလိုက်တယ်။ အိမ်ကို လာပို့လို့ ဘာသာပြန်ဆုရတဲ့ သူကိုလည်း ကြည့်လိုက်ရော... ဘာသာပြန်ခေါင်းစဉ်လေးက “ပုဂံ ဆည်းဆာ” ၊ ပထမဆုကို ရရှိသွားတဲ့သူအမည်ကတော့ ကျွန်တော် နာမည်ဖြစ်နေတယ် ...Bravo!!!.. ကျွန်တော်ဘ၀ရဲ့ တသက်တာမှာ အခန်းနားဆုံးတွေထဲက တစ်ရက်လေးပေါ့။

ကျွန်တော် အဲဒီလောက်ထိ မထင်ထားဘူး။ အကောင်းဆုံးကိုတော့ ကြိုးစားခဲ့တယ်။ ရလာဒ်ကိုတော့ အထူးလက်ရွေးစင်လောက်သာ မျှော်မှန်းခဲ့တာပါ။ အဲ့ဒီအချိန်ကစပြီး အကောင်းဆုံး ကြိုးစားခဲ့ခြင်းရဲ့ ရလာဒ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသဘောပေါက်သွားခဲ့တာလေ -
“အကောင်းဆုံး ကြိုးစားခဲ့သူတိုင်းမှာ အကောင်းဆုံး ရလာဒ်ဆိုတာ ရှိစမြဲပါပဲ”

၂၀၀၀ခုနှစ် စက်တင်ဘာလထုတ်မှာ “ဆေးရုံကလေး” ခေါင်းစဉ်နဲ့ ပထမထပ်ရလိုက်၊ ကျန်တဲ့ လတွေမှာ ဒုတိယ၊ တတိယ နဲ့ အထူးလက်ရွေးစဉ်တွေဖြစ်လိုက်နဲ့ English စာပေလေ့လာမှုကို ၁နှစ်လောက် တစိုက်မတ်မတ် လုပ်လာခဲ့မိတယ်။ တဖက်မှာလည်းပဲ ဆုရတဲ့သူတွေအချင်းချင်း ရန်ကုန်မှာ တွေ့ဆုံပွဲလေးတွေကို Light Magazine က ဖန်တီးပေးပါသဖြင့် မကြာခဏ တက်ရောက်ရလေ့ရှိပါတယ်။ ဒီနေ့ English စာပေလောကမှာ နာမည်ရလာပြီဖြစ်တဲ့ ချမ်းဇော်ထက်၊ မမိုးစက်၊ ကိုတင့်ဇော်မိုးနဲ့ မအေးအေးသင်း တို့အပါအ၀င် ၂၀၀၁ခုနှစ်မှာ ကျွန်တော် မဟေသီလေးနဲ့ပါ တစ်ကြိမ်ဆုံတွေ့ဖူးခဲ့ပါတယ် (သူက တစ်ခါပဲ ဆုရဖူးလို့)။

မမျှော်လင့်ပဲ စကားတွေပြောမိရင်း သူမကလည်း နည်းပညာတက္ကသိုလ်ကပဲဆိုတာသိလိုက်ရပါတယ်။ ဖြစ်ချင်တော့ ကျွန်တော်နဲ့ မဟေသီနဲ့က အတန်းတူတွေ ဖြစ်နေတယ်ဗျ။ မဟေသီက ပုသိမ်ကဆိုတော့ ပုသိမ် GTC မှာ ၁တန်း၊ ၂ တန်း တက်ရတာပေါ့။ ကျွန်တော်ကလည်း တောင်ငူ GTC မှာ။ ဒီလိုနဲ့ ၃ တန်းကစပြီး ၆တန်းအထိကို (Electronics) မေဂျာတူ အတန်းတူ အခန်းတူအဖြစ်နဲ့ ပြည်နည်းပညာတက္ကသိုလ်ကြီးမှာ ပညာတွေ အတူသင်လာခဲ့တာပဲပေါ့ဗျာ။

ဒီမှာ ဒီမှာ.. ခင်ဗျားတို့ အထင်မလွဲနဲ့အုံးဗျနော်။ မေဂျာတူ၊ အတန်းတူ၊ အခန်းတူဆိုပေမယ့် သံစဉ်တွေ မတူခဲ့ပါဘူးဗျာ။ ကျွန်တော်က စာမှာ စိတ်မပါလို့ အမြဲတမ်း Roll က တ၀က်ကျော်။ မဟေသီက အမြဲတမ်း Roll ထိပ်ပိုင်းမှာ။ ရှုတည်တည်နေတတ်တဲ့ ကျွန်တော်နဲ့ သိပ်တောင်မခင်ခဲ့ပါဘူး။ သူငယ်ချင်းဆိုတာထက် အသိမိတ်ဆွေအဆင့်လောက်ပဲ ရှိနေခဲ့တာပါ။ ကျွန်တော်သူငယ်ချင်းတွေက ကျွန်တော်ကို သူနဲ့ ၀ိုင်းစကြတယ်ဗျ။ အဟဲ... ကျွန်တော်ကလည် သစ်ငုတ်တို။ တုတ်တုတ်မျှ မလုပ်။ မလှုပ်ဆို.. ဒီလိုမျိုး ချစ်ရေးချစ်ရာ ကိစ္စတွေကို စဉ်းစားဖို့ ကျွန်တော်ဘ၀က အခွင့်မသာခဲ့ဘူးဗျ။ ချစ်ရေးချစ်ရာ ကိစ္စဆိုတာက ပိုက်ဆံရှိရမယ်၊ အချိန်ရှိရမယ်..ဒါမှ ဒီကိစ္စကို စဉ်းစားနိုင်မှာလေ။ ဒီလိုမှ မဟုတ်ဘဲ ချစ်ရေးချစ်ရာကိစ္စကို သွားစဉ်းစားရင် “အမိုက်နင့်ပြင် ရှိလေလိမ့်လား” လို့ အပြောခံရရင်တောင် နည်းပါလိမ့်မယ်။ လူပဲဗျာ.. အသည်းနှလုံးပါတာ ချစ်တတ်တယ်၊ ခံစားတတ်တယ်၊ လွမ်းတတ်တယ်၊ ဆွေးတတ်တယ်၊ ကြေကွဲတတ်တယ်။ ဒါပေမယ့် အသည်းနှလုံးရဲ့ ခြေလှမ်းကို ဦးနှောက်က ထိန်းချုပ်ထားခဲ့တယ်။

အတိုပြောရရင် အဲဒီလိုနဲ့ပဲ ၂၀၀၃ ခုနှစ် အောက်တိုဘာမှာ ကျောင်းပြီးသွားလို့ ကိုယ့်နေရာကိုယ်စီ ပြန်သွားခဲ့ကြတယ်ပေါ့။

ကဲ..ကော်မန့်မှာ ကြံကြံဖန်ဖန် Tag လာတဲ့ ကိုမြစ်ကျိုးအင်း၊ ကိုသားကြီး၊ မမယ်ကိုး၊ ဂျစ်တူးလေး၊ အနော်၊ ကာရံဆူး တို့ရေ.. “ကျွန်တော်နဲ့ မဟေသီ ဆုံစည်းခြင်း”ကို စပြီးတင်လိုက်ပါပြီဗျာ။

“ကျွန်တော်နဲ့ မဟေသီ ပေါင်းစုံခြင်း” ကို မကြာမီ လာမည် မျှော်...

ကျေးဇူးတင်စွာဖြင့်
yu ya


24 comments:

နှင်းနဲ့မာယာ said...

ကိုယုယရေ
Light ရဲ့ ဘာသာပြန်ကဏ္ဍလေးကို အမြဲဖတ်တယ်။
Light ရဲ့ ပင်တိုင် စာဖတ်သူပေါ့နော်။
ကိုယုယရဲ့ မဟေသီနဲ့ တွေ့ဆုံခန်းလေးက စိတ်ဝင်စားစရာလေးနော်.
အဆင်ပြေ ပျော်ရွှင်ပါစေ..
ခင်တဲ့
နှင်း

အနော် said...

အကိုရေ ဆက်ဖတ်နေမယ်နော်
အကိုက မဟေသီနဲ့တွေ့ဆုံခဲ့တာကို အကို ကြိုးစားခဲ့တာတွေနဲ့ ယှဉ်ရေးထားတော့ ဖတ်ရတာ တကယ့်ကို အားအင်ဖြစ်စေတယ်အကိုရေ
စောင့်ဖတ်နေပါ့မယ်ဗျို့
ဆက်ရန် ဒန့်တန်တန် :)

jr.lwinoo said...

ကိုယုယရေ..
တန်းလန်းဂျီး..
ခင်ဗျားတော်တော်နောက်တယ်..
မြန်ရေးဗျာ..း)

မမသီရိ said...

ယုယ က လူတော်လေးပဲ
အင်္ဂလိပ်စာ တော်တဲ့သူတွေ အားကျတယ်
မမ နဲ့ အင်္ဂလိပ်စာ အကြောင်းကတော့
ကျမနဲ့ အင်္ဂလိပ်စာ ဖတ်ကြည့်လိုက်ပါတော့..း)

မဟေသီနဲ့ တွေ့ ပုံလေး ရိုးရိုးစင်းစင်းလေး
ကျန်တာတွေ ဆက်ရေးလေ
မောင်လေး က စာရေးကောင်းတာပဲ

ကိုလူထွေး said...

မဟေသီအကြောင်းနည်းနည်းပဲ ပါသလားလို့...

းဝ)

အချစ်မဲ့ဂစ်တာ said...

စောင့်နေမယ်ဗျို့... အပိုင်း (၂) ကို...

မိုးအိမ့်ဖြူ said...

ကိုယုယ လိုတော်တဲ့သူတွေကို တော်တော်လေးစားပါတယ်..။ ဒါပေမယ့် ကျွန်တော်ဘ၀င်မကျတာပြောရရင် တော့ ဇာတ်လမ်းကို အပိုင်းဖြတ်ပြီး တန်းလန်းကြီးထားခြင်းက ကျွန်တော့်အတွက် တော်တော်ကို အောင့်သက်သက်ကြီးဗျာ..။ ကောင်းခန်းရောက်မှ မီးပျက်၊ တရုပ်ကားတွေလိုတော့ အပိုင်း ပိုင်းနဲ့ မလုပ်ပါနဲ့ဗျာ.. နောက်ထပ်လာဖို့စောင့်ရတာ လည်ရှည်လို့ပါဗျာ...။

maylay said...

အစ်ကိုယုယ မဟေသီအကြောင်း နည်းနည်းပဲ ပါသလားလို့နော်။ လာပြန်လည်တယ်အစ်ကို ကျေးဇူး နောက် စောင့်ဖတ်မယ်နော် ပေါင်းဆုံခြင်းကို ။

ပုံ့မေ said...

ဟုတ်တယ် မဟေသီနဲ့ ဆုံတာရေးတာနဲလိုက်တာ..အဟီး ပေါင်းဆုံခြင်းကိုစောင့်နေပါ့မယ်

ခင်တဲ့
မေသူ

မယ့်ကိုး said...
This comment has been removed by the author.
မယ့်ကိုး said...

ကျွန်မကတော့ ရန်ကုန်လှိုင်သာယာကပေါ့။အစ်မကတော့ ကိုယုယသူငယ်ချင်း ကိုမင်းအိမ်တို့နဲ့ အတူတူပြည်က။ သူလည်း E.C ပဲ။
ကျောင်းတုန်းက ခံစားချက်တွေကို နားလည်ပါတယ်။
ချစ်ဇနီးမဟေသီနဲ့ တွေ့ဆုံပုံလေးက စိတ်ဝင်စားဖို့ကောင်းပါတယ်။
အချစ်စစ်မှန်တော့ ဘယ်လိုနီးစပ်လာမလဲ စောင့်ဖတ်နေမယ်နော်။

FTC said...

ဇာတ်လမ်းကို လာဖတ်သွားတယ်

ကောင်းသောညပါ

ကာရံဆူး said...

အယ်...ကိုယုယကြီးရေ...နောက်ကျပြန်ပြီ..လည်လည်သွားနေလို့ ..တန်းလန်းကြီး တော်တော် နောက်တယ်..ကလဲ့စား ချေတာပေါ့လေ...အင်း..ကိုရီးယားကားတွေအားကျလို့ ထင်ပါ့...ဘလော့ဂ် တိုင်း ဆက်ရန်များတယ်...ကာရံအပါအ၀င်ပေါ့ ဟိဟိ...

လသာည said...

light ကို တို့လည်း အမြဲဖတ်ဖြစ်တယ်။(မပြိုင်တော့ မပြိုင်ဖူးဘူး၊ ကိုယုယကို ကြောက်လို့ ၊ :P နောက်တာပါ။)

ဒုတိယပိုင်း ဆက်ဖတ်ရန် မျှော်နေပါတယ်။

အစ်မ

မေဇင် said...

ကိုယုယ ရေ....မဟေသီ အကြောင်းလဲ နဲနဲပဲ ပါတယ်... နောက် တစ်ခါ များများလေး ထည့်ပါဗျို့ စိတ်ဝင်တစား စောင့်နေပါတယ်နော်....း))

Anonymous said...

ကိုယုယကြီးတို့က အစကတည်းက စာအရေးကောင်းကိုး မဟေသီလည်း စာတွေနဲ့ကြွေသွားစေခဲ့တာလား စောင့်ဖတ်နေပါမယ်ဗျာ

မြစ်ကျိုးအင်း said...

အင်္ဂလိပ်စာကြိုးစားတော့ ဆုတွေလည်းရ မဟေသီနဲ့ လည်းတွေ့တော့တာကိုးဗျ....။အချစ်အကြောင်း
ဆိုပေမယ့် ဗဟုသုတ ရစရာ အားတက်စရာ လေးတွေ လည်းပါနေတော့ စိတ်ဝင်တစားနဲ့ ဖတ်ဖြစ်တယ်...။

နောက်တပိုင်းကို မျှော်နေပါအုံးမယ်...။

subuueain said...

ကိုယုယရေ မဟေသီနဲ့အတူ ပျော်ရွှင်ဖွယ်နေ့ရက်များကို အမြဲ ပိုင်ဆိုင်နိုင်ပါစေနော်။ မဟေသီလေးကို မြင်ဖူးသလိုဘဲ :P

TOEFL 600 ကျော်တာတော့ လေးစားတယ်ဗျို့

WWKM said...

ဖတ်ရတာ အားကျလိုက်တာ.
အင်္ဂလိပ်တော်တဲ့သူတွေကို အရမ်းအားကျတယ်.
အစ်မက လေ့လာမှု အရမ်းအားနည်းနေတယ်လေ။
ဂျပန်မှာက ဂျပန်စကားပြောရနေရင်အဆင်ပြေနေတော့ ပိုဆိုးပဲ။ အင်္ဂလိပ်စာ နဲ့ အင်္ဂလိပ်စကားကို အရမ်းထူးချွန်
ခြင်ပါတယ်။ အားကျစွာဖတ်သွားခဲ့ပါတယ်။း)

သားကြီး said...

ကိုယုယရေ
ကျနော့စက် ဗိုင်းရပ်ကိုက်သွားတယ်ဗျာ
အဲဒါကြောင့်ဘလော့မလည်ဖြစ်တော့တာပါ
ခုတော့ ပြန်ကောင်းသွားလို့ ဘလော့တခွင်ပြဲပြဲစင်အောင်မွှေနေပြီဗျိုးးး
အခုပိုစ်အတွက် ကွန်မန့်ကို ကျနော် ဒုတိယပိုစ်မှာမန့်ထားလိုက်တယ်နော်

နှင်းဟေမာ said...

ကိုယုယရေ....
အကြွေးတွေ ဆပ်နေရတာ ....
ဒီပို့စ်လေးဖတ်လိုက်ရတာ အစ်ကို့ ကို တော်တော်လေးစားမိတယ်...။
အရမ်းကြိုးစာခဲ့သူတစ်ယောက်အဖြစ်၊ တစ်ကယ်ထူးချွန်သူတစ်ယောက်အဖြစ်....။
ဒီ့ထက်မက လည်း အောင်မြင်ပျော်ရွှင်နိုင်ပါစေ အစ်ကိုရေ....။
ခင်မင်စွာနဲ့
နှင်း

မင်းအိမ်ဖြူ said...

စိတ်ဝင်စားစရာပါလား ဟာဟ

အင်းယားကန်မှာတွေပြီး မနက်စာသွားစားတဲ့နေ့က အ၀ါရောင်ဝမ်းဆက်နဲ့ဆိုတာလေးလည်း ထည့်အုံးလေ

ဟာဟ

ပျော်ရွှင်ပါစေဗျာ

မင်းအိမ်ဖြူ

Yu Ya said...

ဟော်ဗျာ..ကိုမင်းအိမ်ရေ..
မလုပ်နဲ့လေဗျာ.. ဒါက ဆင်ဆာ..ဆင်ဆာ..

Unknown said...

က​လောင်​​သွေး​ပြောင်​​မြောက်​​ပေတယ်