Pages

Thursday, August 27, 2009

“ဘ၀ရဲ့ ဦးတည်ချက်”


Not perfection is a final goal, but ever-enduring process of perfecting, maturing, refining, is the aim of living. [ John Dewey (1859-1952) ]

“ပြည့်စုံခြင်းဆိုတာ နောက်ဆုံးပန်းတိုင် မဟုတ်ပါဘူး။ ဒါပေသည့် ပြည့်စုံသည်ထက် ပိုပြီးပြည့်စုံအောင်၊ ရင့်ကျက်သည်ထက် ရင့်ကျက်အောင်၊ ကောင်းသည်ထက်ကောင်းအောင် ခံနိုင်ရည်ရှိရှိ ဆောင်ရွက်ဖို့ရာကတော့ ဘ၀ရဲ့ ဦးတည်ချက်ပါပဲ”

ဆန္ဒမွန်ဖြင့်
yu ya

Monday, August 24, 2009

“အချစ်နဲ့ အိမ်ထောင်ရေး”

“ဒီဆောင်းပါးလေး ရေးသားရာမှာ understanding backward စိတ်ထားနဲ့ ရေးသားတာမဟုတ်ဘဲ understanding forward စိတ်ထားနဲ့ ရေးသားထားကြောင်း ကြိုတင် အသိပေးလိုပါတယ်။ 'Understanding Backward' ဆိုတဲ့ စကားဟာ “အသေမှတ်ထားခြင်း၊ တစ်ယူသန်အယူအဆများ” ကို ဆိုလိုပြီး၊ 'Understanding Forward' စကားဟာ အတွေးအခေါ်၊ စိတ်ကူးကို ဖွင့်ပြီး နားလည်မှု တည်ဆောက်ခြင်းကို ဆိုလိုပါတယ်။”


သာယာအဆင်ပြေသော အိမ်ထောင်ရေးတွင် အချစ်သည် အရေးအပါဆုံးအချက်ဖြစ်သည်ဟု ယုံကြည်သူများ ရှိသလို အချစ်သည် စိတ်ကူးယဉ်သမားများအတွက်သာ ဖြစ်သည်၊ စနစ်တကျ စီစဉ် ပြင်ဆင် တည်ဆောက်သော အိမ်ထောင်ရေးဆိုလျှင် အချစ်သည် အဓိကမကျ အရေးမကြီးလှဟု ဆိုသူများကလည်း ဒုနဲ့ဒေး။

အိမ်ထောင်ရေးတွင် အချစ်သည် အဓိကမဟုတ်ဟု ဆိုသူများက အထောက်အထားအဖြစ် ရာသက်ပန် ခိုင်မြဲနေသော အိမ်ထောင်ရှင်စုံတွဲအချို့ ကို လက်ညှိုးထိုးပြကြသည်။ ယင်းစုံတွဲများမှာ လက်မထပ်မီက တစ်ဦးနှင့် တစ်ဦး ချစ်ကြိုက်ခြင်း မရှိခဲ့ရုံမက လူးချင်းလည်းမသိ၊ လူကြီးမိဘများက သင့်တော်လို့ ဓာတ်ပုံပြ စေ့စပ်စီစဉ်ချက်ဖြင့် ထိမ်းမြားလက်ထပ်ခဲ့သူများ ဖြစ်ပေသည်။ ထိုသို့ လူကြီးမိဘစီမံရာကို နာခဲ့ပြီး လက်ထပ်ခဲ့သူများ (မူလက တစ်ယောက်ကို တစ်ယောက် ချစ်ကြိုက်ခြင်း မရှိပါဘဲလျက်) အိမ်ထောင်သက် ရှည်ကြာခိုင်မြဲနေခြင်းကို ထောက်၍ အိမ်ထောင်ရေးတွင် အချစ်သည် အဓိကမဟုတ်ဟု ဆိုကြခြင်း ဖြစ်ဟန်တူပေသည်။

စင်စစ်အားဖြင့် ဤကိစ္စကို ရှုထောင့် တစ်ခုတည်းမှနေ၍ ယထာဘူတ ကျမည်မဟုတ်ပေ။ ရှုထောင့်အမျိုးမျိုးမှ စုံလင်အောင် ကြည့်ပါမှ မှန်ကန်သော အဖြေထွက်လာမည် ဖြစ်ပေသည်။

လူကြီးမိဘများက သင့်တော်သည်ထင်၍ စေ့စပ်စီစဉ်သော အိမ်ထောင်ရေးကို လူငယ်များက လက်ခံထိမ်းမြားခဲ့ရာမှ အိမ်ထောင်သက်ရှည်ကြာတည်တံ့ခြင်းကို မည်သည်အကြောင်းများကြောင့်နည်းဟု စိစစ်သုံးသပ်ကြည့်ရန် လိုပေလိမ့်မည်။
*လက်ထပ်ပြီးနောက်နှစ်ရှည်လများ အတူတကွ နေလာရ၍ လူချင်းနီးစပ်ရာမှ ဖြစ်ပေါ်လာသည့် သံယောဇဉ်မျိုး တွယ်တာခြင်း၊ သားသမီးများ ရလာ၍ ကလေးများအပေါ် မိဘ၏ ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်ခြင်း စသည်တို့ ရှိလင့်ကစား ဇနီးမောင်နှံ၏ အိမ်ထောင်ရေးဘ၀သည် တကယ့်အနှစ်သာရ ပြည့်စုံခြင်း မရှိနိုင်ဟုလည်း ဆိုနိုင်ပေသည်။
*လက်ထပ်ပြီးနောက် လင်မယားကွာရှင်း ပြတ်စဲခြင်းမရှိဘဲ အိမ်ထောင်တည်မြဲနေခြင်းများလည်း ရှိတတ်ပေသည်။ သို့ရာတွင် ဇနီးမောင်နှံ အတူတကွ ဆက်လက်ပေါင်းသင်းနေရုံနှင့် သူတို့၏ အိမ်ထောင်ရေး သာယာအဆင်ပြေကာ ပျော်ရွှင်ဖွယ်ကောင်းနေပြီဟု အလွယ်တကူ မှတ်ချက်ချ၍ မဖြစ်သေးချေ။ မကြာခဏ လင်နှင့်မယား စိတ်သဘောထားချင်း မတိုက်ဆိုင်မှု တစ်ယောက်အပေါ် တစ်ယောက် အပြစ်မြင်မှု စသည်တို့ ရှိသော်လည်း မိဘဆွေမျိုါ်မျက်နှာကြောင့်လည်းကောင်း၊ အခြားသော လူမှုရေးအကြောင်းများကြောင့် ရရှိနေသော သားသမီးများကို ငဲ့ကွက်၍သော်လည်းကောင်း၊ လင်မယား ကွာရှင်းပြတ်စဲသည့် အဆင့်သို့ မရောက်ဘဲ ရေလိုက် ငါးလိုက် နေကြရသည့် ဇနီးမောင်နှံမျိုးတွေကိုလည်း တွေ့ရတတ်ပေသည်။ လင်မယား ပေါင်းသင်းနေလင့်စကား နှစ်ဦးစလုံးတွင် စိတ်ကျေနပ် ချမ်းမြေ့မှု မရရှိဘဲ ဖြစ်နေတတ်ပေသည်။
*လူချင်း ပဋိပက္ခမဖြစ်ဘဲ နေသည်ထားဦး။ လင်နှင့်မယား ပေါင်းသင်းရာတွင် အသည်းနှလုံးထဲမှ လှိုက်လှိုက်လှဲလှဲ ချစ်ကြသော ဇနီးမောင်နှံတို့၏ ဘ၀ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ကျေနပ်မှု၊ သာယာပီတိဖြစ်မှုတို့ မရရှိနိုင်ဘဲ “ဆားမပါသည့် ဟင်း စားရသလို ပေါ့ပြက်ပြက်နှင့် အရသာမပြည့်စုံ” ဖြစ်နေ တတ်၏။

နိုင်ငံခြားမှ လိင်ပညာပေး ပါရဂူများနှင့် အိမ်ထောင်ရေး အကြံပေး ပုဂ္ဂိုလ်ကြီးများကမူ သာယာချမ်းမြေ့မှု ပြည့်စုံသည့် အိမ်ထောင်ရေးတွင် အချစ်သည် မရှိလျှင် မဖြစ်လောက်အောင် အရေးအကြီးဆုံး လိုအပ်ချင်ပင် ဖြစ်သည်ဟု ဆိုကြပေသည်။ အချို့ ပွင့်ပွင့်လင်းလင်း ရေးတတ်သော ဆရာကြီးများကဆိုလျှင်
“အချစ်မပါဘဲ အိမ်ထောင်ပုခြင်းသည် ယောက်ျားနှင့် မိန်းမ ခန္ဓာကိုယ်ချင်း ဆက်ဆံခြင်းသက်သက်ဖြစ်၍ တိရစ္ဆာန်များ အထီးအမ မိတ်လိုက်ခြင်းနှင့်မခြား”ဟုပင် ဆိုကြ၏။

မိန်းကလေးနှင့် ယောက်ျားလေးတို့ တကယ်စစ်မှန်သော အချစ်ဖြင့် နှစ်နှစ်ကာကာ ချစ်ခင်မေတ္တာသက်ဝင်ပြီးမှ အခြေအနေပေး၍ အိမ်ထောင်ပြုလိုက်သောအခါ စာဖြင့်ရေးသာ ဖော်ပြခြင်းငှာ မစွမ်းနိုင်အောင် ထူးခြားပြည့်စုံသည့် အိမ်ထောင်ရေးအရသာကို ခံစားရပေလိမ့်မည်။ သူတို့နှစ်ဦးအဖို့ ခန္ဓာကိုယ်ချင်း ဆက်ဆံပေါင်းသင်းခြင်းတည်းဟူသော ရာဂစိတ်ပြေငြိမ်းရာ လိင်ကိစ္စတစ်ခုတည်းမဟုတ်တော့။ ထိုထက်ပို၍ ပြီးပြည့်စုံကာ အနှစ်သာရ ရှိသော အိမ်ထောင်မှုသုခသည် ရှိလာမည်သာ ဖြစ်ပါသည်။

ဤနေရာတွင် စိတ်က ရုပ်ကို လွှမ်းမိုးသည်ဟူသော သဘောတရားကိုပါ ဆက်စပ်ဆွေးနွေးကြည့်ရအောင်။

မိန်းကလေးတစ်ယောက်သည် ယောက်ျားလေးတစ်ယောက်အား လှိုက်လှိုက်လှဲလှဲချစ်နေပြီဆိုလျှင် သူ၏ စိတ်ထဲ၌ ချစ်သူအပေါ် စေတနာ၊ မေတ္တာ၊ ကရုဏာ၊ မြတ်နိုးမှု၊ ကြည်ညိုလေးစားမှု၊ အလိုလိုက်ချင်မှု စသည်တို့ အပြည့်အ၀ ရှိနေမည်ဖြစ်၏။ မိမိချစ်သူအား အခါခပ်သိမ်း အလိုလိုက်ချင်သည့် စေတနာလည်း အပြည့်အ၀ရှိ နေသဖြင့် လက်ထပ်ပြီး လင်မယားဘ၀တွင် ယင်းစေတနာကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားပြီးသာ ဖြစ်၏။ ယင်းဆုံးဖြတ်ချက် စေတနာတို့သည် လက်ထပ်ပြီး၍ အကြင်လင်မယားဖြစ်လာသောအခါ၌ တကယ်လည်း အကောင်အထည်ပေါ်လာတော့၏။ ထိုအချိန်၌ မိန်းကလေးအဖို့ ချစ်သူအား အလိုလိုက်ရခြင်း။ စိတ်ရောကိုယ်ပါ ပုံအပ်ရခြင်း၊ မိမိချစ်သူနှင့် အသည်းနှလုံးချင်း ရောယှက် နီးစပ်ထိကပ်နေရဘိကဲ့သို့ ထင်ရခြင်း၊ မိမိမြတ်နိုးသောသူ၏ အလိုဆန္ဒပြည့်ဝအောင် ဖန်တီးဖြည့်စွက်ပေးရခြင်း စသော စိတ်လှုပ်ရှားမှု အာရုံများနှင့်အတူ ကြည်နူးသာယာ ပီတိဖြာမှု အရသာကို ခံစားရမည်ဖြစ်သည်။

ယောက်ျားလေးအနေနှင့်လည်း မိမိချစ်မြတ်နိုးသော မိန်းကလေးနှင့် ထိမ်းမြာလက်ထပ်ပြီး၍ ဆက်ဆံ ပေါင်းသင်းရသောအခါ သာမန်ဆက်ဆံရေးသဘောမျိုး မဖြစ်ဘဲ မိမိ အသက်ပေးချစ်ရသူ၏ အသည်းနှလုံးကို ကာယကံမြောက် တကယ်ပင် ဆုပ်ကိုင်ရယူရဘိသကဲ့သို့ ကျေနပ်မှုအရသာကို ခံစားရပါသည်။ ချစ်သူ၏ စိတ်ရောကိုယ်ပါ ပိုင်ဆိုင်ရယူကာ လက်ဝယ်ရောက်ရှိသကဲ့သို့ အားရ တင်းတိမ်တတ်ပါသည်။

ဤသည်ကား အချစ်မပါသော အိမ်ထောင်ရေးမျိုးနှင့် အချစ်ဖြင့် အရင်းတည်သော အိမ်ထောင်ရေး တွင် လက်ထပ်ပြီးခါစ ကာယကံမြောက် ပေါင်းသင်းရသည့်အခါ ကြုံတွေရမည့် ထူးခြားချက် တစ်စိတ်တဒေသပင် ဖြစ်ပါသည်။

*****

အိမ်ထောင်ဦး အခါသမယ လွန်မြောက်၍ နောက်ပိုင်းအချိန်ကာလများတွင်လည်း ချစ်သူချင်း လက်ထပ် ထိမ်းမြားရသည့် အကျိုးထူးများသည် ဆက်လက်၍ ထင်ရှားပေါ်လွင် လာဦးမည် ဖြစ်ပေသည်။ အထူးသဖြင့် စိတ်သဘေားထား တိုက်ဆိုင်မှု ကိစ္စတွင် အချစ်ဖြင့် တည်ဆောက်သော အိမ်ထောင်ရေးက များစွာ သာမည် ဖြစ်ပေသည်။

အိမ်ထောင်သည်ဘ၀တွင် ချစ်သူရည်းစားဘ၀ဖြင့် နေရသည်နှင့် လုံးဝမတူဘဲ ဟန်ဆောင်မှုများ ကင်းလာမည် ဖြစ်လေရာ ဇနီးမောင်နှံနှစ်ဦးစလုံး၏ ပင်ကိုသဘာဝ စရိုက် စိတ်နေသဘောထားတို့သည် အမှန်အတိုင်း ဘွင်းဘွင်း ပေါ်လာမည်ဖြစ်၍ လူသားတို့ ထုံးစံအတိုင်း ချို့ ယွင်းချက်ကလေးများသည်လည်း အသီးသီး ပေါ်ထွက်လာတတ်၏။

သည်လိုအခါများတွင် တစ်ယောက်နှင့်တစ်ယောက် ချစ်ကြိုက်ပြီး ယူကြသူများနှင့် မိဘပေးစား၍ လက်ထပ်ရသော ဇနီးမောင်နှံအဖို့ အကြီးအကျယ် ကွာခြားမှုရှိကြောင်း တွေ့ရပေလိမ့်မည်။ တစ်ယောက်ကို တစ်ယောက် သီးခံခွင့်လွတ်ခြင်း၊ တစ်ယောက်ကို တစ်ယောက် အပြစ်မမြင်ခြင်း၊ တစ်ယောက်၏အလိုကို တစ်ယောက်က လိုက်လျောခြင်း စသည်တို့ကို တကယ်ချစ်သော ဇနီးမောင်နှံတို့တွင်သာ မုချ မြင်ရ ပေလိမ့်မည်။ ငါ့ချစ်သူ စိတ်ချမ်းသာလျှင် ပြီးရောဟူသော အတွေးက ၀င်လာတော့သည်။ အကြောင်းမူကား ချစ်သူအပေါ် အမှန်ထားရှိသော မေတ္တာဓာတ်က အပြစ်ဟူသမျှကို ဖုံးလွှမ်း ပပျောက်စေနိုင်သောကြောင့် မဟုတ်ပါလား။

မေတ္တာသက်ဝင် ချစ်ခင်ခြင်းမရှိဘဲ စီးပွားရေး ကုန်ရောင်းကုန်ဝယ်လုပ်သလို အပေးအယူတည့်အောင် စေ့စပ်ခြင်းဖြင့် အကောင်အထည်ဖော်ကာ တည်ဆောက်လိုက်သော အိမ်ထောင်ရေးများတွင်ကား အချစ်ဟူသော မေတ္တာဓာတ်ဖြင့် အခြေခံ တည်ဆောက်ထားခြင်းမရှိသောကြောင့် သာယာချမ်းမြေ့ဖွယ် အဆင်ပြေမှုမျိုးရှိရန် မလွယ်ကူလှချေ။ သည်လို အိမ်ထောင်ရေးမျိုးကို ယခုခေတ် လူငယ်များ မည်သည့်နည်း နှင့်မျှ အားကျခြင်း မသင့်ပေ။

လက်ထပ်ပေါင်းသင်းပြီး စိတ်သဘောထားချင်း မတိုက်ဆိုင်၍ ကွာရှင်းပြတ်စဲပြီး နောက်အိမ်ထောင်သစ်ထူရင် ရသားပဲဟု စောဒက တက်ချင်သူများလည်း ရှိကြပေမည်။ အခုညား အခုကွာ။ အခုနောက်တစ်ယောက် ထပ်ယူကြသည့်ဓလေ့ အလွန်ခေတ်စာနေသော အနောက်နိုင်ငံများ၌ပင်လျှင် ယခုအခါ လူမှုရေးသိပ္ပံ ပညာပါရဂူများက အိမ်ထောင်ရေး တည်တံ့ခိုင်မြဲမှု ရှိမှသာလျှင် စိတ်၏ချမ်းသာမှုကို ပေးစွမ်းနိုင်သည်ဟု ဆိုနေကြပေပြီ။ အိမ်ထောင်ရေးသာယာရေး၊ အိမ်ထောင်သက် တည်တံခိုင်မြဲရေးအတွက် အကြံပေးပုဂ္ဂိုလ်များ Marriage Counsellor များ ပေါ်ပေါက်လျက်ရှိရာ အနောက်နိုင်ငံသား လူငယ်ပေါင်းများစွာက ယင်းအကြံပေး ပုဂ္ဂိုလ်များထံ ချဉ်းကပ် အကူအညီတောင်းနေကြသည်။ အခကြေးငွေပေး၍ အိမ်ထောင်မှု ဆိုင်ရာ အကြံဥာဏ်များ၊ ညွှန်ကြားချက်များ ရယူနေကြပေသည်။ အဓိပ္ပာယ်ကား လက်ထပ်ပြီးမှ လင်မယား ကွဲခြင်းထက် အိမ်ထောင်ရေးသာယာ တည်တံ့ရေးကို ပိုမိုလိုလားကြသည်ဟူသော သဘောပင်တည်း။

ဒါကြောင့် အိမ်ထောင်ရေးတွင် အချစ်သည် အရေးကြီးဆုံးသော အခြေခံအုတ်မြစ် တစ်ခုဖြစ်ကြောင်း ထင်ရှားပေါ်လွင်လောက်ပေသည်။

အချစ်ဆိုသော်လည်း အရွယ်ရောက်က ကျောင်းသူကျောင်းသားဘ၀တွင် မိန်းကလေးနှင့် ယောက်ျားလေး မျက်စိကျပုံမျိုး (သို့) ဆယ်ကျော်သက်တို့၏ အချစ်မျိုးနှင့် ရောထွေးအထင်မမှားစေရန်လည်း အရေးကြီးလှ ပါသည်။

အချစ်ဟူသည် အလွယ်တကူ ပေါ့ပေါ့ဆဆ သဘောထား၍ရသော အရာမျိုးမဟုတ်ပေ။ ဆန့်ကျင်ဘက် လိင်ကို တောင့်တ မက်မောခြင်းမျိုး၊ ရုပ်ရည်ချောမောလှပခြင်းကြောင့် နှစ်သက်သဘောကျပုံမျိုးများကိုလည်း အချစ်စစ်အချစ်မှန်ဟု အလောတကြီး ဆုံးဖြတ်၍ မရနိုင်ပေရာ မိမိအတွက် တကယ့်အချစ်ကို ရှာတွေ့ရန် မလွယ်ကူလှပါဟု ဆိုရပေမည်။
“အချစ်ကို တိုင်းတာမှတ်ကျောက်တင်စစ်ရန် အကောင်းဆုံးနည်း၊ အမှန်ကန်ဆုံးသော စမ်းသပ်ချက်မှာ အချိန်ကာလပင်ဖြစ်ပါသည်။”

သို့ဖြစ်ပါ၍ ချစ်သူတွေ့ထားပြီဆိုသည်နှင့် တစ်ပြိုင်နက် အချိန်ကာလ၏ မှတ်ကျောက်တင် စစ်ဆေးခြင်းကို ခံကြည်ရန် စိတ်ကူးရပေမည်။ ထိုအတောအတွင်း ချစ်သူနှင့် ပက်သက်မေးခွန်းပေါင်းများစွာကိုလည်း ကိုယ့်ဘာသာကိုယ် ထုတ်၊ ကိုယ့်ဘာသာကို ဖြေဆို ကြည့်ရပေမည်။

အဓိကအားဖြင့် ငါသည် ငါ့ချစ်သူနှင့် အသက်ထက်ဆုံး ဘ၀ခရီးလမ်းတစ်လျှောက် အတူတွဲသွားရန် အဆင်သင့် ရှိပါ၏လော၊ လူချင်းစရိုက်ချင်း ကွာခြားမှု ရှိသင့်သလောက် ရှိကြသဖြင့် နှစ်ရှည်လများ အတူတကွ ပေါင်းသင်းနေထိုင်သွားနိုင်မည်လော၊ ငါ့ချစ်သူတွင် ဘာချို့ ယွင်းချက်ရှိရှိ၊ ဘယ်လို အပြစ်မျိုးပဲလုပ်လုပ် ငါက ချစ်ခင်ကြည်ဖြူစွာ ထာဝရ ခွင့်လွှတ်နိုင်မည်လော စသည့် မေးခွန်းများသည် အရေးကြီးပါသည်။

ယင်းမေးခွန်းများ၏ အဖြေကို မထောက်မညှာ အမှန်အတိုင်း ဆုံးဖြတ်ရရှိ၍ ချစ်သူအပေါ် တကယ့်မေတ္တာ စေတနာများ အခါမရွေး ထားနိုင်မည်ဆိုလျှင်ကား မိမိ၏ အချစ် မှတ်ကျောက်တင် စာမေးပွဲ အောင်မြင်သည်ဟု ဆုံးဖြတ်နိုင်ပြီ ဖြစ်ပါတော့သည်။


ဝန်ခံချက်။ ။ ကျွန်တော်နဲ့ မဟေသီ တို့အတွက် ဒေါက်တာလွဏ်းဆွေ၏ မိခင်၊ မြှားနတ်မောင် မဂ္ဂဇင်း၏ အယ်ဒီတာချုပ် ဦးလွဏ်းမောင်၏ ဇနီး၊ ကျွန်တော်၏ ဆရာမ ဒေါ်သင်းသင်းဝေ က မင်္ဂလာ လက်ဖွဲ့အဖြစ်ပေးလာပါသော စာအုပ်များထဲမှ စာသားများနဲ့ ကိုယ်တိုင် သုံးသတ်ချက်များကို ဖော်ပြ ပေးထားခြင်း ဖြစ်ပါသည်။

ကျေးဇူးတင်စွာဖြင့်
yu ya

Sunday, August 23, 2009

ဥာဏ်စမ်းပဟေဠိ အဖြေညှိချင်လား


ငှက်ငယ်လေး နဲ့ ၀က်ဝံလေးရဲ့ စံမြန်းရာ
တို့ နှစ်ယောက် ပေါင်း Tag ထားတဲ့ ဥာဏ်စမ်းပဟေဠိ အဖြေညှိရအောင်တဲ့။

တော်သေးတာပေါ့ (၃) ခုစီပဲ မေးပေးရမှာမို့။ မဟုတ်ရင် ဆံပင်တွေ ဖြူသွားနိုင်တယ်..အဟီး။

ကဲပါလေ..အလှည့်ကျတော့ မနွဲ့စတမ်းလေး မေးလိုက်ရအောင်ဗျား....









ပုံမှာ ပြထားတဲ့ ? နေရာလေးမှာ မှန်ကန်တဲ့ နံပါတ်လေးတွေ ထည့်ပေးရမှာပါ။

ဖြေနိုင်အောင်လို့ အရိပ်အမြွက် (Hint) လေးတွေ ပေးထားပါမယ်။ ဒါဆိုရင် လွယ်သွားမယ်လို့ ထင်ပါတယ်။

(A). ထိပ်ကနေပြီး စစဉ်းစားပါ။ ၉ နဲ့ ၇၂ ဘယ်လို ဆက်စပ်နေလဲဆိုပြီး.. တဖြည်းဖြည်းနဲ့ အောက်ကိုဆင်းသွားရင်.. အဖြေထွက်ပါပြီ။

(B). ဒီမေးခွန်းကတော့ သိပ်လွယ်ပါတယ်။ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ အပေါင်း နဲ့ အစား ၂ခုနိုင်ရင် ရပါပြီ။

(C). ဂဏန်း ၃လုံးလေးတွေကို ဂဏန်း ၂ လုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားလိုက်ရင် ရပါပြီ။

အဖြေများကို အားလုံး ဖြေဆိုနိုင်ကြမယ်လို့ ထင်ပါတယ်။

ဒါကြောင့်မို့ ညီအစ်ကို မောင်နှမတွေ အားလုံးကို ချစ်ခင်ပါသော်လည်း ဘယ်သူကို ဆက် Tag ရမည်မသိ၍ .... ဆက်ပြီး မTag တော့ပါလို့ သတင်းကောင်း ပါးအပ်ပါတယ်ခင်ဗျား...။

ငှက်ငယ်လေး နဲ့ ၀က်ဝံလေးရဲ့ စံမြန်းရာ တို့ ကျေနပ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ကျေးဇူးတင်စွာဖြင့်
yu ya

“ကျွန်တော်နဲ့ မဟေသီ ပေါင်းစုံခြင်း”

အတိုပြောရရင် အဲဒီလိုနဲ့ပဲ ၂၀၀၃ ခုနှစ် အောက်တိုဘာမှာ ကျောင်းပြီးသွားလို့ ကိုယ့်နေရာကိုယ်စီ ပြန်သွားခဲ့ကြတယ်ပေါ့။

မဟေသီလည်း ပုသိမ်ပြန်၊ ကိုယ်လည်း တောင်ငူပြန်။ သိပ်မကြာပါဘူး အောင်စာရင်းတွေထွက်ပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာမှာ ကျွန်တော်လည်း တစ်ခြားသင်တန်းတွေတက်ဖို့ ရန်ကုန်ကို ထွက်လာခဲ့တော့တယ်။ မဟေသီလည်း ရန်ကုန်နည်းပညာတက္ကသိုလ်က ပထမဦးဆုံးအကြိမ်ပြန်ခေါ်ခဲ့တဲ့ Master of Engineering တက်ဖို့ ရန်ကုန်ကို ရောက်လာခဲ့ပါတယ်။ (အိမ်ထောင် ကျပြီးပြန်ပြောပြမှ သိခဲ့ရတာပါ)။

ကျွန်တော်လည်း Computer Networking သင်တန်းတွေ၊ Web Developer သင်တန်းတွေ၊TOEFL ဖြေဖို့ USIS မှာ သင်တန်းတွေ တက်နေခဲ့တယ်။ မဟေသီလည်း M.E ဆက်တက်နေခဲ့တယ်လို့ အတူနေ သူငယ်ချင်း တစ်ယောက်ဆီကနေ သိခဲ့ရပါတယ်။ တစ်ခါတုန်းက MICT Park က သင်တန်းပြီးလို့အပြန် ရန်ကုန်နည်းပညာ တက္ကသိုလ် (ကြို့ ကုန်း) မှာ ဘွဲ့လက်မှတ်သွားအထုတ် မမျှော်လင့်ပဲ မဟေသီကို ကျောင်းမှာ တွေ့လိုက်ပါတယ်။ ဒါပေမယ့် နှလုံးသားကလွဲလို့ ဘာမှ အဆင်သင့်မဖြစ်သေးတဲ့ ကျွန်တော် ပြေးရှောင်ပုန်းနေလိုက်ရတာပေါ့။ နှလုံးသားတွေ မနာကျင်စေဖို့ အသိမဲ့တဲ့ နှလုံးသားရဲ့ ခြေလှမ်းကို တားရမယ်လေ။

ဒါနဲ့ပဲ ကျွန်တော်ရဲ့ မဟာရည်ရွယ်ချက်ဖြစ်တဲ့ America မှာ Scholarhip နဲ့ကျောင်းတက်နိုင်ရေးကို ရှေးရှု့ ပြီး TOEFL ကို အမှတ်ကောင်းကောင်းရဖို့ အသည်းအသန်ကြိုးစားခဲ့ပါတော့တယ်။ ၂၀၀၅ခုနှစ်မှာ TOEFL ကို Paper Based ဖြေဆိုခဲ့ပြီး (၆၂၃) မှတ်ရခဲ့တယ်။ (ကြုံကြွားလေးဗျ..အဟီး)။ Boston ကျောင်းမှာ Undergrad ကို Computer Science ဘာသာရပ်နဲ့ Full Scholarship ရခဲ့တယ်။ ကျွန်တော်ဘ၀အတွက် အပြောင်းအလဲ တစ်ခု ဖြစ်ချိန်တန်ပြီလို့ မှတ်ယူခဲ့ပြီး ပျော်ရွှင်နေခဲ့မိတယ်ဗျာ။ အဲဒီအချိန်မှာပဲ မမျှော်လင့်တဲ့ ကြမ္မာဆိုးက ကျွန်တော်ကို ကျောင်းသွားတက်ရမယ့် အခြေအနေကနေပြီး ဖယ်ရှားလိုက်ပါတယ်ဗျာ။ American Consul (ကိုရီးယားမကြီး) နဲ့ visa ရဖို့ USIS သင်တန်းက သူငယ်ချင်း (၄) ယောက် ၀င်တွေ့တဲ့အခါမှာ Reject ထိသွားခဲ့တယ်ဗျာ။ အမေရိကန်နဲ့ မြန်မာ နိုင်ငံရေးတွေ ရုပ်ထွေးနေချိန်ဆိုတော့ ဘယ်လောက်ပဲ ကျွန်တော်ဖက်က တောင်းဆိုတောင်းဆို.. အဲဒီကိုရီးယားမကြီးကျွန်တော်ကို နောက်ဆုံးပြောသွားခဲ့တဲ့ စကားလေးက - “စိတ်ဆန္ဒပြင်းပြစွာ ပညာသင်ကြားနေချင်တဲ့ လူငယ်တစ်ယောက်အနေနဲ့ နေရာဒေသဆိုတာ အရေးမကြီးပါဘူး၊ အဓိက က ပညာပါ၊

အခုဆိုရင် မြန်မာနိုင်ငံမှာ Library တွေ၊ Internet တွေ ပေါပေါသီသီ ရနေပြီလေတဲ့”။ International Student တွေအနေနဲ့ Consul Fee (USD 100) ပေးရပြီးတော့ စကားပြောဖို့ ၁၀ မိနစ်သာ ရတဲ့အချိန်အခါလေးမှာ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးတဲ့ ကျွန်တော်ဘက်က ဘယ်လိုမျိုး အစွမ်းထက်တဲ့ စကားလုံးတွေနဲ့ Debate လုပ်ရမလဲဗျာ။ စကားပြောရတာက မှန်ခန်းကြီးထဲမှာဗျ။ သူနဲ့ ကိုယ်နဲ့က မှန်ကြီးကာထားသေးတယ်။ သူ့အသံကို စပီကာကနေပြီးပဲ ကြားရတာ။ သူငယ်ချင်းတစ်ယောက်ဆိုရင် ဒေါသတွေထွက်ပြီး မှန်ကြီးကို ပြေးကန်ပစ်လိုက်တယ်။

ဒါနဲ့ပဲ ခေါင်းငိုက်စိုက်အိမ်ပြန်အလာ စောင့်နေတဲ့ သူငယ်ချင်းများက အဆင်ပြေခဲ့လားတဲ့။ ကျွန်တော်လည်း အဆင်မပြေခဲ့တဲ့အကြောင်း ပြောပြခဲ့ပြီး လူက ကြောင်တောင်တောင် ဖြစ်သွားခဲ့တယ်။ တစ်ရက်၊ နှစ်ရက်လောက် ဘာမှ မလုပ်ဖြစ်ခဲ့ဘူး။ အဲဒီမှာပဲ အိမ်ကို ဖုန်းဆက်ပြောတော့ ကျွန်တော် ပါပါးက အိမ်ကို ပြန်လာခဲ့ဖို့။ ရန်ကုန်မှာ ဆက်မနေတော့ဖို့ ပြောပါတယ်။ တစ်လတစ်လပေးရတဲ့ စားရိတ်က မသေးတဲ့အတွက် အိမ်ပြန်လာပြီး အိမ်အလုပ်ကို လုပ်ဖို့ပဲ တွင်တွင်ပြောနေခဲ့တော့တယ်။ ကျွန်တော်ကလည်း စိတ်ညစ်နေတဲ့အချိန်ဆိုတော့ အိမ်ကို မပြန်ချင်သေးဘူး။ ရှင်းရှင်းပြောရရင် သားအဖတွေ စကားများကြတာပေါဗျာ။ အဲဒါနဲ့ ပါပါးက မင်းဘ၀ မင်းဖာသာမင်း စီစဉ်တော့ဆိုပြီး ဖုန်းချသွားတယ်။

အဲဒီလိုနဲ့ ၂ လလောက် အချိန်တွေကုန်သွားတယ်။ စိတ်ဓာတ်တွေကျနေတဲ့ ကျွန်တော် သူငယ်ချင်းတွေက အားပေးခဲ့တယ်။ အဲဒီမှာပဲ အလုပ်စ၀င်လုပ်နေပြီဖြစ်တဲ့ အတူနေသူငယ်ချင်း (ကိုမင်းအိမ်ဖြူ) က ကျွန်တော်ကို အလုပ်လုပ်ဖို့ စတင်အားပေးတော့တာပါပဲ။ ကျွန်တော်အတွေးထဲကို အလုပ်လုပ်ရမယ်ဆိုတဲ့ အတွေး စတင်ဝင်ရောက်စေခဲ့သူပါ။ အလုပ်တွေလိုက်လျှောက်တော့လည်း ကျွန်တော်ကို အဖော်လိုက်ပေးခဲ့သူပါ။ အခုလို ကျွန်တော်ကို Blog ရေးဖြစ်နေစေခဲ့တဲ့ သူဆိုလည်း မမှားပါဘူး။ အစစ အရာရာအတွက် ကျေးဇူးပါ ကိုမင်းအိမ်ဖြူ။

လိုရင်းပြောရရင် Company တစ်ခုမှာ ကျွန်တော် Director တစ်ယောက်ရဲ့ P.A ဖြစ်သွားခဲ့တယ်ဆိုပါတော့။ Probation ၃ လ ကျော်လွန်လို့ လခလေးလဲ ကောင်းလာတယ်။ ဒီလိုနဲ့ ၂၀၀၅ခုနှစ် ဒီဇင်ဘာလ တနင်္ဂနွေနေ့တစ်ရက် မမျှော်လင့်ပဲ လမ်းမတော် ၉ လမ်းထိပ်မှာ ကျွန်တော် မဟေသီလေးနဲ့ ပက်ပင်းသွားတိုးတော့တာပါပဲ။ လူကသေးသေးလေး လက်ထဲမှာ ကိုင်ထားတဲ့ စာအုပ်တွေက တပုံတပင်နဲ့။ နှုတ်ဆက်ကြတာပေါ့နော်... Hello Dear! Long time no see!! အစရှိသည်ပေါ့ဗျာ။ ပြောရင်းနဲ့မှ ကျွန်တော်မဟေသီက NUS မှာ ကျောင်းသွားတက်ခွင့် ရထားတဲ့အကြောင်း၊ လာမယ့် ဒီဇင်ဘာ ၂၆ ရက်နေ့ စင်ကာပူ သွားတော့မှာ ဖြစ်ကြောင်းသိလိုက်ရပါတယ်။ လမ်းပေါ်မှာပဲ စကားတွေ ဖောင်ဖွဲ့ပြီး ၁ နာရီလောက်အကြာမှာ Adios!! ဆိုပြီး လမ်းခွဲလိုက်တယ်။ အတွေးပေါင်း မြောက်များစွာနဲ့ အိမ်ပြန်လာခဲ့တာပေါ့ဗျာ။

အဲဒီအချိန်မှာ ကျွန်တော်ဘက်က အများကြီး စဉ်းစားနေရင် တသက်လုံး နောင်တ ရနေရမယ့် အဖြစ်မျိုး ကျွန်တော် မလိုလားတော့ပြီလေ။ သန့်ရှင်းစင်ကြယ်တဲ့ အားကောင်းကောင်း အသည်းနှလုံးကလည်း အဆင်သင့်၊ အိမ်ထောင်တစ်ခုကို ထူထောင်နိုင်တဲ့ လခမျိုးလည်း ရရှိနေပြီးမှတော့ ကျွန်တော် ဘာလို့ မရဲဝံ့နိုင်ရတော့မှာလည်းဗျာ။ ကျွန်တော် ရဲဝံ့ဖို့ အချိန်တန်ပြီ။

ဒါကြောင့်နောက်တစ်ပတ် စနေနေ့ ညဖက်မှာ ဟိုတနေ့က ရလာတဲ့ ဖုန်းနံပါတ်လေးကို ဆက်ပြီး မဟေသီကို မနက်ဖန် Breakfast ကျွေးချင်တဲ့အကြောင်း ခွင့်တောင်းလိုက်ပါတော့တယ်။ မဟေသီကလည်း ကျွန်တော်ပန်ကြားချက်ကို ကြည်ကြည်ဖြူဖြူ လက်ခံပေးခဲ့ပါတယ်။ ဒါနဲ့ပဲ တနင်္ဂနွေနေ့ မနက် ရ နာရီ ခွဲလောက် မဟေသီနေတဲ့ လမ်းမတော် လှည်းတန်းလမ်းကို သွားခေါ်ခဲ့ပြီ Breakfast အတွက် Oriental House ဆီသို့ ရောက်လာခဲ့ပါတော့တယ်။ Breakfast စားအပြီး မနက် ၉း၃၀ လောက်မှာ ကျွန်တော်တို့ အင်းယျားကန်ဘောင်ပေါ်ကိုထွက်လာခဲ့ပါတော့တယ်။ မနက်ခင်းဆိုတော့ လူလည်းသိပ်မရှိဘူးပေါ့။ ရဲဝံဖို့ ကျွန်တော်အတွက် ကန်ဘောင်လေးက ပံ့ပိုးပေးနေသယောင်။

ကန်ဘောင်ပေါ်မှာ လမ်းအနည်းငယ်လျှောက်ပြီး ဟိုရောက်ရင် ကျန်းမာရေးဂရုစိုက်ဖို့၊ အိမ်ကို ဖုန်းအမြဲဆက်ဖို့ အစရှိတာတွေနဲ့ နိဒါန်းပျိုးခဲ့ပြီး လက်ဆောင်ပေးဖို့ ရည်ရွယ်ချက်နဲ့ ၀ယ်လာတဲ့ Boss ဘောပန်လေးရယ်၊ Chicken Soup စာအုပ်လေးတစ်အုပ်ရယ်၊ Fancy ကဒ်လေးတစ်ခုရယ်ပေးလိုက်ပြီးတော့ ကျွန်တော်ဘ၀မှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပြောဘူးတဲ့ စကားလုံးလေးတွေ ခုန်ပေါက်ထွက်ပေါ်သွားပါတော့တယ်။ ကျွန်တော်သိလိုက်ပြီလေ.. ယောက်ျားတွေ လုပ်ဆောင်တတ်တဲ့ အရဲဝံ့ဆုံးသော အရာကို ကျွန်တော် ဂုဏ်ယူစွာ လုပ်ပြီးသွားပြီလို့။
(Dialogue တွေကတော့ ဆင်ဆာနဲ့ မလွတ်လို့ အဖြတ်ခံလိုက်ရပါတယ် ထဲ့ပေးချင်ပါသော်လည်း ဆင်ဆာလူကြီး မဟေသီက ခွင့်မပြု...အဟီး)။

မဟေသီက ကျွန်တော်ကို အချိန်တစ်ခု စောင့်ဖို့၊ သူမအနေနဲ့ ကျောင်းပြီးအောင် အရင်တက်ချင်ကြောင်း၊ ပြီးမှ ဒီကိစ္စကို စဉ်းစားနိုင်မည် ဖြစ်တဲ့အကြောင်း ..စတာတွေနဲ့ ကျွန်တော်ကို နားလည်ပေးပါရန် တောင်းဆိုလာပါတော့တယ်။ လိုရင်းပြောရရင် ရဲဝံ့ခြင်းရဲ့ အကောင်းဆုံး Certificate ကိုတော့ ကျွန်တော် မဟေသီ စင်ကာပူမှာ ကျောင်းတက်နေတုန်း ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ရရှိခဲ့တာပါ။ ကျွန်တော် ဘ၀လေးထဲက အခမ်းနားဆုံး နေ့လေးတစ်နေ့ပါ။ ဒါနဲ့ ကျွန်တော်လည်း Company က ဒါရိုက်တာကို ခွင့်တောင်းပြီး ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ မဟေသီလောင်းလေးရှိရာ စင်ကာပူကို တစ်လ အလည်ရောက်လာခဲ့ပါတော့တယ်။

မှတ်မှတ်ရရ ကျွန်တော်ကို စိတ်ကောက်ဖူးခဲ့တာ ဒီဇင်ဘာလ (၃၁) ရက်နေ့ကြီးပါ။ နှစ်သစ်ကူးကို သူမနဲ့ အတူ Countdown လုပ်ဖို့ ညနေ ၆ နာရီချိန်းထားတာ ကျွန်တော်က သူငယ်ချင်းတွေနဲ့ အပြင်သွားနေတော့ အချိန်မှီ မရောက်နိုင်ဘူးဖြစ်သွားတယ်။ စိတ်ကောင်းပြီး ကျွန်တော်ကို လာမခေါ်တော့ဘူး။ လာမခေါ်တော့ ကျွန်တော်ကလည်း မသွားတတ်.အဟီး။ သူငယ်ချင်းတွေက ၀ိုင်းပြီး တစ်ခြားသူတွေဆီက လိပ်စာတွေတောင်း၊ Handphone ထဲမှာ လိပ်စာရိုက်ထဲ့ပေးပြီး Taxi သမားကို အဲဒီလိပ်စာအတိုင်း သွားခိုင်းလိုက်တယ်။ တော်သေးတယ်ဗျာ.. ရောက်သွားလို့။ အဲဒီနေ့ညက Countdown လုပ်ရတာ အရမ်းပျော်ဖို့ကောင်းတဲ့ နေ့လေးပေါ့ဗျာ။

ဒါနဲ့ပဲ စင်ကာပူမှာရှိတုန်း စေ့စပ်ပွဲရက်တွေ သတ်မှတ်၊ လက်ထပ်ပွဲရက်တွေ သတ်မှတ်ပြီး ရန်ကုန်ကို ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ ကျွန်တော် တစ်ယောက်ထဲ ပြန်လာခဲ့ရပါတော့တယ်။

ကြိုတင်သတ်မှတ်ထားတဲ့အတိုင်း
*၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ကို စေ့စပ်မင်္ဂလာပွဲ

*၂၀၀၇ ခုနှစ် မေလ (၁၆) ရက်နေ့ (ကျွန်တော် မဟေသီရဲ့ မွေးနေ့) မှာတော့ လက်ထပ်မင်္ဂလာပွဲလေး
ကို Sumit Parkview Hotel ၊ Yangon မှာ အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါတော့တယ်။



“ကျွန်တော်နဲ့ မဟေသီ ပေါင်းစုံခြင်း” ကို ခင်မင်ရီးနှီးစွာဖြင့် တောင်းဆိုထားကြပါသော ကျွန်တော် ညီအစ်ကို မောင်နှမများအားလုံး ကျေနပ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း...။

ကျေးဇူးတင်စွာဖြင့်
yu ya

Saturday, August 22, 2009

“ကျွန်တော်နဲ့ မဟေသီ ဆုံစည်းခြင်း”




အချိန်က ၂၀၀၀ ခုနှစ် ။

စက်မှုတက္ကသိုလ် ဆိုတဲ့ အမည်နာမတစ်ခုကနေ နည်းပညာတက္ကသိုလ်ဆိုတဲ့ အခြားအမည်နာမ တစ်ခုကို အသွင်သဏ္ဍာန်ပြောင်းလို့ အရှိန်ကောင်းကောင်းနဲ့ ခရီးဆန့်နေတဲ့ အချိန်အခါ။

ပထမနှစ်နဲ့ ဒုတိယနှစ် (ကျွန်တော်တို့ အခေါ်အဝေါ် - ၁ တန်း နဲ့ ၂ တန်း) ကို သက်ဆိုင်ရာ GTC တွေမှာ သက်ဆိုင်ရာ တက္ကသိုလ်က ဆရာ၊ဆရာမတွေ လာရောက်သင်ကြားဖို့ချနေတဲ့ အချိန်။

တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ် (၃ တန်း၊ ၄ တန်း၊ ၅ တန်း၊ ၆ တန်း) တွေကိုတော့ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ ပြည်နည်းပညာ တက္ကသိုလ်၊ မန္တလေးနည်းပညာ တက္ကသိုလ် တို့မှာ ဆက်လက် ပညာဆည်းပူးခွင့် ပေးထားတဲ့ အချိန်အခါသမယ။

ပထမနှစ် GTC ကျောင်းရဲ့ စာသင်ခန်းလေးထဲမှာ စာသင်ချိန်တစ်ချိန် သွားထိုင်မိခဲ့တယ်။ ခဏပါပဲ.. တကယ့်ကို ခဏလေးပါပဲ.. ။ ဘယ်လိုမှ လက်ခံလို့မရဘူး။ ဘာကိုလက်ခံလို့မရဘူးလဲလို့ ကိုယ့်ဖာသာကို ပြန်မေးကြည့်တယ်။ သင်ရိုးညွှန်းတမ်းက လွဲရင် ကျန်တာ အကုန်ပါပဲဗျာ။ ခံစားဖူးခဲ့တဲ့သူတွေ ဒီခံစားချက်ကို နားလည်နိုင်မယ် ထင်ပါတယ်။

စာသင်ခန်းကို မနက်သွားလိုက် ခဏလေးပဲထိုင်ပြီး ပြန်ထွက်လာလိုက်။ ဒါနဲ့ပဲ စာသင်ခန်းဆိုတာ ကျွန်တော်ရဲ့ ခပ်ဝေးဝေးကို မသိမသာရောက်လာပါတော့တယ်။

ဒီလိုနဲ့ စာသင်ခန်းမသွားပဲ အားနေတဲ့ အချိန်တွေကို ဘယ်လို အသုံးချဖြစ်သွားလဲဆိုတော့ ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့တဲ့ English စာလေ့လာတဲ့ဖက်ကို ရောက်သွားတော့ပါတယ်။ အဲဒီအချိန်တုန်းက လေ့လာစရာ လစဉ်ထုတ် Bilingual စာအုပ်တွေဖြစ်တဲ့ The Best of English, The Light of English, English for All နဲ့ International စာအုပ်တွေကို စတင်ပြီး ဖတ်မိပါတော့တယ်။

(The Best of English ကတော့ ၁၀ တန်းကျောင်းသားတွေအတွက် အထူးသင့်တော်တဲ့ စာအုပ်ပါ။ ကျန်တဲ့စာအုပ်တွေကတော့ Intermediate Learning တွေအတွက် လေ့လာဖို့ သင့်တော်ပါတယ်။)

၃ လလောက်ဝယ်ဖတ်ပြီးတဲ့အခါ အဲဒီအထဲမှာပါတဲ့ ဘာသာပြန်ကဏ္ဍ (မြန်မာကနေပြီးတော့ အင်္ဂလိပ်လိုပြန်ရတာပါ) တွေမှာ ၀င်ပြိုင်ချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာခဲ့မိပါတော့တယ်။ သူများတကာတွေ ဆုရတာ၊ သူတို့ရဲ့ ပထမရတဲ့ အရေးအသားလက်စွမ်းပြတာတွေကို ကြည့်ပြီး တကယ့်ကို အားကျခဲ့မိတယ်။ ဒါနဲ့ ကျွန်တော်လည်း လိုအပ်တဲ့ စာအုပ်စာတမ်းတွေလိုက်ဝယ်ပါတယ်။
English - English Dictionary,
English-Myanmar Dictionary,
Myanmar-English Dictionary အစုံပဲ။

ဒါနဲ့ပဲ ကိုယ်ဖာသာကိုယ် အထင်ကြီးပြီး ပထမဦးဆုံးအနေနဲ့ The Light of English ရဲ့ ဘာသာပြန်ပြိုင်ပွဲကို ၀င်ပြိုင်မိတယ်ဗျ။ The Light of English ရဲ့ ဆုပေးပုံက ဒီလိုဗျ.။
ပထမ၊ ဒုတိယ၊ တတိယ
အထူးလက်ရွေးစင်စာမူများ
လက်ရွေးစင်(က)စာမူများ
လက်ရွေးစင်(ခ)စာမူများ

ကျွန်တော်ဝင်ပြိုင်ခဲ့တဲ့ ပထမဦးဆုံးစာမူက ဘယ်လိုမှ ထင်မထားတဲ့ လက်ရွေးစင်(ခ)ထဲမှာ။ ကိုယ့်ဖာသာကိုယ်လည်း မကျေမနပ်ဖြစ်သွားတယ်။ ဟုတ်တယ်လေ။ ၁၀ တန်းတုန်းကဆို ကိုယ့်ဖာသာကိုယ် Essay တွေရေးပြီး အမှတ်ကောင်းကောင်းရနေတာဆိုတော့ ရုတ်တရက် ထွက်လာတဲ့ Result ကို မကျေနပ်ဘူး။ ဒါနဲ့ပဲ ကိုယ့်စာမူနဲ့ ပထမရတဲ့ စာမူကို ယှဉ်ကြည့်တော့မှ အားပါး.ပါး.. ရေရေလည်လည်ကို ကွာထွက်နေတာ။ ဘာသာပြန် စာမူစိစစ်ရွေးချယ်ရေးအဖွဲ့မှာကလည်း ဦးသာနိုး၊ ဘ၀သစ်ဦးအောင်ကျော်၊ ဦးသိန်းလွင် အစရှိတဲ့ လူတွေ ပါဝင်နေတော့ ဆင်ခြေမတက်ရဲဘူး။

အဲဒါနဲ့ ကိုယ့်အားနည်းချက်ကို ရှာကြည့်တယ်ဗျ။ ဘယ်လိုသွားတွေ့လည်းဆိုတော့ မြန်မာလိုရေးထားတာကို အင်္ဂလိပ်လို ဘာသာပြန်ရတယ်ဆိုတော့ အဓိက လိုအပ်တာက Myanmar-English Dictionary ကောင်းကောင်းတစ်အုပ်။ ရှိနေတဲ့ စာအုပ်လေးက ဟင်းလေးအိုးကြီးက ထုတ်တဲ့ Pocket သာသာ စာအုပ်လေး။ တစ်ချို့ တစ်ချို့ သော မြန်မာအရေးအသားများကို ဘာသာပြန်ရတာ အရမ်းနဲ့ကို ခက်ခဲပါတယ်။ တစ်ခါတစ်လေ ဘာကိုဆိုလိုတယ် ဘယ်လိုအဓိပ္ပါယ် ဆိုတာကိုတောင် မနည်းစဉ်းစားရတယ်။ အဲဒါကို အင်္ဂလိပ်လို ဘာသာသွားပြန်တဲ့အခါမှာ တစ်ခါတစ်လေ ဆိုလိုတဲ့ အဓိပ္ပါယ်တွေပျောက်ပြီး အမြှီးအမောက် မတည့်တာတွေ ဖြစ်သွားတတ်ပါတယ်။ ဒါ့အပြင် ဘာသာပြန်တဲ့အခါမှ မူလစာရေးဆရာရဲ့ ရသ မပျောက်ဖို့ကလည်း အင်မတန်မှ အရေးကြီးပါတယ်။ ကိုယ်ဘာသာပြန်လိုက်တဲ့အခါမှာ သူ့ပေးချင်တဲ့ ရသပျောက်သွားရင် မူလစာရေးဆရာ ဘယ်ကျေနပ်မလဲဗျာ။

ဥပမာ “မင်းဝတ္တုကို စိတ်ဝင်တစား ဖြစ်သွားရပြီး အဆုံးထိ ဆက်ဖတ်နေခဲ့မိတယ်” ဆိုတာလေးကို ကြည့်ပါ။
ဒါကို အင်္ဂလိပ်လို ဘာသာပြန်မယ်ဆိုရင် အများအားဖြင့် မြန်မာဆန်ဆန်ပဲတွေးမယ်။ ဒီလိုလေးပြန်မိကြမယ်.
* I was interested in your novel and I happened to continue reading it to the end.
ဒီလို ဘာသာပြန်ထားတာကို ကိုယ့်ဖာသာကိုယ် ကျေနပ်နေခဲ့မိမှာပေါ့။ မြန်မာလိုတွေးပြီး အင်္ဂလိပ်လို ဘာသာပြန်တော့ မြန်မာဆန်ဆန်ထွက်သွားတာပေါ့ဗျာ။ ဒီလိုဘာသာပြန်ကို အင်္ဂလိပ်ဆန်ဆန်ရေးမယ်ဆိုရင်
* I was completely gripped by your novel from start to finish.
Grip ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပါယ်ကို Oxford Dictionary မှာ သွားကြည့်ရင် သူ့ရဲ့ Usage ကို အထက်ပါအတိုင်း တွေ့ရမှာပါ။

အဲဒီလိုပေါ့.. ကျွန်တော်က Dictionary တွေကို စုံအောင် မမွှေတော့ ပထမရတဲ့သူရဲ့ စာမူနဲ့ယှဉ်လိုက်ရင် ရီစရာကြီး ဖြစ်နေပါရော။ ဒါနဲ့ပဲ ဒုတိယ စာမူအတွက် ပြင်ဆင်ဖို့ Myanmar - English Dictionary ကောင်းကောင်းကို မမျှော်လင့်ပဲ ရလိုက်တယ်ဗျ။ မြန်မာစာအဖွဲ့ ဦးစီးဌာန က ထုတ်ဝေတဲ့ စာအုပ်ပါ။ အင်မတန်ကို ကောင်းတဲ့စာအုပ်။ ဒါနဲ့ပဲ အဲဒီလ စာမူရေးတာ ၁၅ ရက်လောက်ကြာသွားတယ်။ ဘာသာပြန်လိုက်။ အသုံးအနှုန်းမကြိုက်လို့ ပြင်လိုက်။ စကားလုံး အားနည်းနေလို့ အားကောင်းတဲ့ စကားလုံးရှာလိုက်နဲ့။

ဒီနေရာလေးမှာ ကြုံကြိုက်လို့ အားကောင်းတဲ့ စကားလုံးဆိုတာကို နည်းနည်းရှင်းပြချင်ပါတယ်။ ကျွန်တော်တို့က အင်္ဂလိပ်စာလုံးတစ်လုံးတွေ့ရင် သူ့ရဲ့ Synonyms ကို လေ့လာရပါတယ်။ အဲဒီလို Synonyms ကိုရှာဖို့ဆိုရင် Thesaurus Dictionary ကောင်းကောင်းတစ်အုပ် လိုပြန်ရော။ ပြီးရင် ထွက်လာတဲ့ synonyms တွေကို အဆင့်ခွဲဖို့ Activator Dictionary လိုအပ်ပါတယ်။ အဟဲ... ဘာသာပြန်တာ ဒီလောက်တောင်ပဲလားဆိုရင် ဒီထက်မကပါဘူးလို့ ဆိုချင်ပါတယ်ဗျာ။

ဒါနဲ့ပဲ ဒုတိယစာမူလေးကို စိတ်တိုင်းကျလို့ စာတိုက်ကနေပြီး Light Magazine တိုက်ရှိရာ ၃၉ လမ်းကို ပို့ပြီးသကာလ ကျွန်တော်တို့ ယခုကဲ့သို့ ဘလော့တွေ မပေါ်သေးပေမယ့် အဲဒီအချိန်တုန်းက Pen Friend ဆိုတဲ့ ကဏ္ဍပေါ်လာခဲ့တယ်ဗျ.။ English စာလေ့လာတဲ့သူတွေအချင်းချင်း ကိုယ့်ဗဟုသုတ၊ ကိုယ့်ဘာသာပြန်မှုအခြေအနေ၊ လေ့လာဖြစ်တဲ့ စာအုပ်အကြောင်းတွေကို တစ်မြို့ နဲ့တစ်မြို့ စာရေးဆက်သွယ်ကြတယ်ဗျ.။ အများအားဖြင့်တော့ ပထမ၊ ဒုတိယ၊ တတိယ နဲ့ လက်ရွေးစဉ်ရထားတဲ့သူတွေ ကတော့ အကုန်လုံး English လိုပဲရေးတာ။ တစ်ချို့ ၀ါသနာရှင်တွေလောက်ပဲ မြန်မာလို ရေးတယ်။ Letter Writing ရေးတော့လည်း အရေးအသားကို အရမ်းနဲ့ ဂရုစိုက်ရပြန်ပါရော။ ဘာဖြစ်လို့လဲဆိုတော့ ပထမ၊ ဒုတိယ၊ တတိယ နဲ့ အထူးလက်ရွေးစင် ရထားတဲ့သူတွေက အများအားဖြင့် ကိုယ့်ထက်ကြီးတဲ့သူတွေ-တစ်ခါတစ်ခါ ပါမောက္ခတွေ၊ ဦးဇင်းတွေ၊ ကျောင်းဆရာတွေ ပါတယ်လေ။ အဲဒီလို စာတွေရေးရင်နဲ့ အသိမိတ်ဆွေတွေ အများကြီးရလာတယ်။ လေ့လာဖြစ်တဲ့ စာအုပ်တွေ များလာတယ်ဆိုပါတော့။

ဒါနဲ့ ဒုတိယစာမူပါတဲ့ The Light of English စာအုပ်လေးရဲ့ ၂၀၀၀ ခုနှစ် မေလထုတ်ကလေးကို သူငယ်ချင်းတစ်ယောက် လမ်းကြုံလို့ ၀င်ဝယ်ခိုင်းလိုက်တယ်။ အိမ်ကို လာပို့လို့ ဘာသာပြန်ဆုရတဲ့ သူကိုလည်း ကြည့်လိုက်ရော... ဘာသာပြန်ခေါင်းစဉ်လေးက “ပုဂံ ဆည်းဆာ” ၊ ပထမဆုကို ရရှိသွားတဲ့သူအမည်ကတော့ ကျွန်တော် နာမည်ဖြစ်နေတယ် ...Bravo!!!.. ကျွန်တော်ဘ၀ရဲ့ တသက်တာမှာ အခန်းနားဆုံးတွေထဲက တစ်ရက်လေးပေါ့။

ကျွန်တော် အဲဒီလောက်ထိ မထင်ထားဘူး။ အကောင်းဆုံးကိုတော့ ကြိုးစားခဲ့တယ်။ ရလာဒ်ကိုတော့ အထူးလက်ရွေးစင်လောက်သာ မျှော်မှန်းခဲ့တာပါ။ အဲ့ဒီအချိန်ကစပြီး အကောင်းဆုံး ကြိုးစားခဲ့ခြင်းရဲ့ ရလာဒ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသဘောပေါက်သွားခဲ့တာလေ -
“အကောင်းဆုံး ကြိုးစားခဲ့သူတိုင်းမှာ အကောင်းဆုံး ရလာဒ်ဆိုတာ ရှိစမြဲပါပဲ”

၂၀၀၀ခုနှစ် စက်တင်ဘာလထုတ်မှာ “ဆေးရုံကလေး” ခေါင်းစဉ်နဲ့ ပထမထပ်ရလိုက်၊ ကျန်တဲ့ လတွေမှာ ဒုတိယ၊ တတိယ နဲ့ အထူးလက်ရွေးစဉ်တွေဖြစ်လိုက်နဲ့ English စာပေလေ့လာမှုကို ၁နှစ်လောက် တစိုက်မတ်မတ် လုပ်လာခဲ့မိတယ်။ တဖက်မှာလည်းပဲ ဆုရတဲ့သူတွေအချင်းချင်း ရန်ကုန်မှာ တွေ့ဆုံပွဲလေးတွေကို Light Magazine က ဖန်တီးပေးပါသဖြင့် မကြာခဏ တက်ရောက်ရလေ့ရှိပါတယ်။ ဒီနေ့ English စာပေလောကမှာ နာမည်ရလာပြီဖြစ်တဲ့ ချမ်းဇော်ထက်၊ မမိုးစက်၊ ကိုတင့်ဇော်မိုးနဲ့ မအေးအေးသင်း တို့အပါအ၀င် ၂၀၀၁ခုနှစ်မှာ ကျွန်တော် မဟေသီလေးနဲ့ပါ တစ်ကြိမ်ဆုံတွေ့ဖူးခဲ့ပါတယ် (သူက တစ်ခါပဲ ဆုရဖူးလို့)။

မမျှော်လင့်ပဲ စကားတွေပြောမိရင်း သူမကလည်း နည်းပညာတက္ကသိုလ်ကပဲဆိုတာသိလိုက်ရပါတယ်။ ဖြစ်ချင်တော့ ကျွန်တော်နဲ့ မဟေသီနဲ့က အတန်းတူတွေ ဖြစ်နေတယ်ဗျ။ မဟေသီက ပုသိမ်ကဆိုတော့ ပုသိမ် GTC မှာ ၁တန်း၊ ၂ တန်း တက်ရတာပေါ့။ ကျွန်တော်ကလည်း တောင်ငူ GTC မှာ။ ဒီလိုနဲ့ ၃ တန်းကစပြီး ၆တန်းအထိကို (Electronics) မေဂျာတူ အတန်းတူ အခန်းတူအဖြစ်နဲ့ ပြည်နည်းပညာတက္ကသိုလ်ကြီးမှာ ပညာတွေ အတူသင်လာခဲ့တာပဲပေါ့ဗျာ။

ဒီမှာ ဒီမှာ.. ခင်ဗျားတို့ အထင်မလွဲနဲ့အုံးဗျနော်။ မေဂျာတူ၊ အတန်းတူ၊ အခန်းတူဆိုပေမယ့် သံစဉ်တွေ မတူခဲ့ပါဘူးဗျာ။ ကျွန်တော်က စာမှာ စိတ်မပါလို့ အမြဲတမ်း Roll က တ၀က်ကျော်။ မဟေသီက အမြဲတမ်း Roll ထိပ်ပိုင်းမှာ။ ရှုတည်တည်နေတတ်တဲ့ ကျွန်တော်နဲ့ သိပ်တောင်မခင်ခဲ့ပါဘူး။ သူငယ်ချင်းဆိုတာထက် အသိမိတ်ဆွေအဆင့်လောက်ပဲ ရှိနေခဲ့တာပါ။ ကျွန်တော်သူငယ်ချင်းတွေက ကျွန်တော်ကို သူနဲ့ ၀ိုင်းစကြတယ်ဗျ။ အဟဲ... ကျွန်တော်ကလည် သစ်ငုတ်တို။ တုတ်တုတ်မျှ မလုပ်။ မလှုပ်ဆို.. ဒီလိုမျိုး ချစ်ရေးချစ်ရာ ကိစ္စတွေကို စဉ်းစားဖို့ ကျွန်တော်ဘ၀က အခွင့်မသာခဲ့ဘူးဗျ။ ချစ်ရေးချစ်ရာ ကိစ္စဆိုတာက ပိုက်ဆံရှိရမယ်၊ အချိန်ရှိရမယ်..ဒါမှ ဒီကိစ္စကို စဉ်းစားနိုင်မှာလေ။ ဒီလိုမှ မဟုတ်ဘဲ ချစ်ရေးချစ်ရာကိစ္စကို သွားစဉ်းစားရင် “အမိုက်နင့်ပြင် ရှိလေလိမ့်လား” လို့ အပြောခံရရင်တောင် နည်းပါလိမ့်မယ်။ လူပဲဗျာ.. အသည်းနှလုံးပါတာ ချစ်တတ်တယ်၊ ခံစားတတ်တယ်၊ လွမ်းတတ်တယ်၊ ဆွေးတတ်တယ်၊ ကြေကွဲတတ်တယ်။ ဒါပေမယ့် အသည်းနှလုံးရဲ့ ခြေလှမ်းကို ဦးနှောက်က ထိန်းချုပ်ထားခဲ့တယ်။

အတိုပြောရရင် အဲဒီလိုနဲ့ပဲ ၂၀၀၃ ခုနှစ် အောက်တိုဘာမှာ ကျောင်းပြီးသွားလို့ ကိုယ့်နေရာကိုယ်စီ ပြန်သွားခဲ့ကြတယ်ပေါ့။

ကဲ..ကော်မန့်မှာ ကြံကြံဖန်ဖန် Tag လာတဲ့ ကိုမြစ်ကျိုးအင်း၊ ကိုသားကြီး၊ မမယ်ကိုး၊ ဂျစ်တူးလေး၊ အနော်၊ ကာရံဆူး တို့ရေ.. “ကျွန်တော်နဲ့ မဟေသီ ဆုံစည်းခြင်း”ကို စပြီးတင်လိုက်ပါပြီဗျာ။

“ကျွန်တော်နဲ့ မဟေသီ ပေါင်းစုံခြင်း” ကို မကြာမီ လာမည် မျှော်...

ကျေးဇူးတင်စွာဖြင့်
yu ya


Thursday, August 20, 2009

ပန်ကြားချက်



မင်းကို တွေ့ပြီးမှ ငါ့ရင်ထဲက
သော့ခတ်ထားတဲ့ ဂစ်တာကလေး
အသက်ဝင်လာခဲ့ရတယ်....။

ဂစ်တာလေးရဲ့ သံစဉ်တွေက
“မင်းကို ချစ်တယ်...မင်းကိုချစ်တယ် တဲ့...။”

ကောင်မလေးရေ...
ဂစ်တာကလေးရဲ့ သံစဉ်တွေကို
မင်းနှလုံးသားနဲ့ နားဆင်
ငါ့အချစ်တွေကို အသိအမှတ်ပြု Certificate
ထုတ်ပေးပါလားကွယ်...။

*** အတိတ်က ကောင်မလေးတစ်ယောက်အတွက် အမှတ်တရ ရေးဖွဲ့မိထားတဲ့ ကဗျာမပီ စာမပီလေးပါ***

ကျေးဇူးတင်စွာဖြင့်
yu ya

Wednesday, August 19, 2009

ကျောင်းတော်ဆီသို့ အလည်တစ်ခေါက်


လူတို့သည် တစ်နေရာမှ အခြားတစ်နေရာသို့ ပျော်ရွှင်မှုအဖြစ်၎င်း၊ လိုအပ်ချက်တစ်ခုအဖြစ်၎င်း ခရီးများ သွားလာနေကြရပါသည်။ ဆိုလိုသည်မှာ အလုပ်အတွက် ခရီးသွားခြင်း၊ ကျောင်းတတ်ရန်အတွက် ခရီးသွားခြင်း၊ စီးပွားရေးအတွက် ခရီးသွားခြင်း၊ သူငယ်ချင်းများဆီသို့ လည်ပတ်ရန် ခရီးသွားခြင်း စသည်တို့အပြင် Shopping အတွက် ခရီးသွားခြင်းများအထိ ပါဝင်ပါသည်။ လူတော်တော် များများအတွက်တော့ ခရီးသွားခြင်းဟာ လူအများနှစ်သက်မြတ်နိုးသော ၀ါသနာများထဲမှ တစ်ခုဆိုရင် မမှားပါဘူး။ ဒါကြောင့် လည်းပဲ အားလပ်ရက် Holiday များမှာ ခရီးသွားလာကြခြင်းဖြင့် အချိန်များကို ကုန်ဆုံးစေကြပါသည်။

ကျွန်တော်သည်လည်းပဲ အပျော်ခရီး စဉ်များကို အတော်အတန် သွားလာဖြစ်ခဲ့ဖူးပါသည်။ ၁၀တန်း အောင်ပြီးနောက်တစ်နှစ် တက္ကသိုလ်ကျောင်းများပိတ်ထားစဉ်ကာလ ၁၉၉၈ ခုနှစ်တွင် ကျွန်တော်၏ သူငယ်ချင်းများဖြစ်ကြသော KTA ၊ WSTM ၊ MM ၊ MMMM ၊ HT၊ THZ ၊ TTW တို့ဖြင့် ကမ်းသာယာ နှင့် ငပလီ ကမ်းခြေများသို့ မိမိတို့ ကိုယ်တိုင်သာ အုပ်ထိန်းသူများအဖြစ် အပျော်ခရီး သွားခဲ့ကြပါသည်။ ထိုမှတစ်ဖန် တက္ကသိုလ်များပြန်ဖွင့်တဲ့အခါမှာလည်း ကျောင်းအဖွဲ့များဖြင့် အပျော်ခရီး များစွာ ထွက်ခဲ့ဖြစ်ပါသည်။ တက္ကသိုလ်များပြီးဆုံး၍ ရန်ကုန်ရွှေမြို့ တော်ကြီး၌ သင်တန်းများ တက်နေစဉ် အခါတွင်လည်း သူငယ်ချင်းများဖြစ်ကြတဲ့ MT ၊ HKA ၊ MMMM စသည့် သူငယ်ချင်းများဖြင့်လည်း ချောင်းသာသို့ အပျော်ခရီး ထွက်ဖူးခဲ့ပါသည်။

ဤကဲ့သို့ အပျော်ခရီးများစွာကို ထွက်နေဖူးသူ ကျွန်တော်အတွက် အချိန်တန်လို့ အလုပ်ဝင်တဲ့အခါတွင်လည်း အလုပ်သဘောသဘာဝကိုက ကျွန်တော်ကို ခရီးများစွာ ထွက်နေစေပါသည်။ တစ်ရံရောအခါ ကျွန်တော်တို့ Company သစ်လုံးများထုတ်ယူခွင့် ရရှိတဲ့ Permit သည် ပဲခူတိုင်း အတွင်းရှိ သစ်ဆိပ်များမှ ရယူရန်ဆိုပြီး မြန်မာ့သစ်လုပ်ငန်း GM က ယေဘူယျသာမှတ်ချက်ပေးခဲ့ ပါသဖြင့် ကျွန်တော်သည် ပဲခူးတိုင်းအတွင်းရှိ သစ်ဆိပ်များသို့ လှည့်လည်သွားရောက်ခဲ့ရပါသည်။ ပဲခူးတိုင်းတွင် ပဲခူးအရှေ့ နှင့် ပဲခူးအနောက်ဟူ၍ တိုင်းဒေသ (၂)ခု ခွဲထား ပါသည်။ ပဲခူးအရှေ့ ဆိုသည်မှာ ပဲခူးရိုးမတောင်တန်းကြီး၏ အရှေ့ ဖက်ခြမ်းဖြစ်သော ပဲခူးမြို့ ၊ ဘုရားကြီး၊ ညောင်လေးပင်၊ ဖြူး၊ တောင်ငူ၊ ဆွာ စသည့် သစ်ဆိပ်ရှိသည့် မြို့ များ ဖြစ်ပါသည်။

မြန်မာ့သစ်လုပ်ငန်းမှ ကျွန်တော်ကို ပဲခူးတိုင်းအတွင်းမှ သစ်များယူခိုင်းလျှင် ကျွန်တော်သည် အများအားဖြင့်ကျွန်တော် ဇာတိမြို့ ဖြစ်သည့် တောင်ငူမြို့ အနီးရှိ သစ်ဆိမ်များကို ရွေးချယ်ပါတယ်။ တောင်ငူမြို့ အနီးတွင်ရှိသော သစ်ဆိပ်များမှာ ပဲခူးတိုင်းအတွင်းတွင် အကြီးဆုံးလည်း ဖြစ်သောကြောင့် သစ်များ Quality ကောင်းကောင်း ရရှိနိုင်သည်ကလည်း တစ်ကြောင်း၊ အလုပ်ကိစ္စများပြီးစီးပါကလည်း မိဘများအိမ်မှာပင် နေထိုင်စားသောက် နိုင်သည်ကတစ်ကြောင်း၊ သူငယ်ချင်းများနဲ့ အလွယ်တစ်ကူ တွေ့ဆုံနိုင်ခြင်းများ ကြောင့် အမြဲလိုလို တောင်ငူသစ်ဆိပ်များကို ရွေးချယ်မိပါတယ်။ ဒီအခါမှာတော့ တောင်ငူသစ်ဆိမ်များရှိ သစ်များကို နိုင်ငံတော် Project တစ်ခုအတွက် ယူထားတဲ့အတွက်ကြောင့် ပဲခူးတိုင်း အရှေခြမ်းရပါသော်လည်း တိုင်းမန်နေဂျာက “ဘော်ဒါသစ်ဆိပ်” မှ ရွေးချယ်ပေး ပါရန် မေတ္တာရပ်ခံလာပါသဖြင့် ကျွန်တော်အနေဖြင့် ဘော်ဒါသစ်ဆိပ်သို့ တစ်ကြိမ်တစ်ခါမျှ ရောက်ဖူးခြင်း မရှိသော်ငြားလည်းပဲ လက်ခံလာခဲ့ရပါသည်။ (လက်မခံလို့မှ မရတော့ဘဲကိုး... )

ဘော်ဒါသစ်ဆိပ်သည် ပဲခူးတိုင်း အရှေ့ ခြမ်းရှိ အုတ်တွင်းမြို့ နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ပေါက်ခေါင်းမြို့ ကြား ပဲခူးရိုးမတောင်တန်းကြီး၏ အလယ်တွင် တည်ရှိပါသည်။ ဘော်ဒါသစ်ဆိပ်သို့ ရောက်ရှိရန် ပထမဦးစွာ ရန်ကုန်မှ ပြည်မြို့ သို့ သွားရမည် ဖြစ်ပါသည်။ ထိုမှတဆင့် ၂၈မိုင်အကွာ ပေါက်ခေါင်းမြို့ သို့ခရီးဆက်ပြီး ပေါက်ခေါင်းမြို့ မှတဆင့် ပဲခူးရိုးမ တောင်တန်းကို ၃၅မိုင်ခန့် တတ်မှ ဘော်ဒါသစ်ဆိပ်သို့ ရောက်မည်ဖြစ်ပါသည်။ ခရီးဝေးလွန်း၍ သယ်ယူစရိတ်မြင့်မားခြင်း၊ ဆက်သွယ်ရေး ခက်ခဲခြင်းများကြောင့် အများအားဖြင့် Company များသည် ထိုသစ်ဆိမ်မှ သစ်များကို မယူချင် ကြပေ။ ကျွန်တော်သည်လည်း ထိုအချက်များစွာကို ကျွန်တော်၏ Director ဖြစ်သူနဲ့ အသေအချာ ဆွေးနွေးပြီးမှ ထိုသစ်ဆိပ်မှ သစ်များသယ်ယူရန် ဆုံးဖြတ်ခဲ့ကြပါသည်။

ထိုအခါ ကျွန်တော်၏ သူငယ်ချင်း ပြည်မြို့ သားဖြစ်သူ WYH ကို သတိရသွားကာ ပြည်မြို့ သို့ ခရီးစဉ်ရှိကြောင်း၊ လိုက်ခဲ့ချင်က လိုက်ခဲ့လို့ ရကြောင်းပြောပြခဲ့ရာ သူငယ်ချင်း WYH ကလည်း ကျွန်တော်၏ အလုပ်သဘောသဘာဝကို လေ့လာချင်၍ လိုက်ခဲ့မည်ဟု ဆိုပါသည်။ ပြည်မြို့ သို့ မထွက်ခွာမီ ညတွင်ပင် ကံကောင်းစွာဖြင့် ကျွန်တော်၏ သူငယ်ချင်းတစ်ယောက် ဖြစ်တဲ့ MKK (သူငယ်ချင်း ဘလော့ဂါ - အဟီး. မကြိုက်မှာစိုးလို့ နာမည်ထဲ့မပြောတော့ဘူး) နဲ့ ဖုန်းပြောမိပါသည်။ သူလည်း ယခု သူ၏ဇာတိမြို့ ဖြစ်တဲ့ ဆင်မြီးဆွဲမြို့ သို့ အလည်အပတ်ရောက်နေကြောင်း၊ ကျွန်တော်တို့ ပေါက်ခေါင်းမှ အပြန်သူ့အိမ်တွင် ထမင်းဝင်စားဖို့ ဖိတ်ပါတယ်ဆိုတဲ့အကြောင်း၊ ရန်ကုန်ပြန်ရင် သူလည်း ကျွန်တော်တို့နဲ့ အတူပြန်လိုက်ခဲ့မယ် ဆိုတဲ့ အကြောင်းများ ပြောဖြစ်ခဲ့ကြပါတယ်။

ကျွန်တော်နဲ့ သူငယ်ချင်း WYH လည်း နောက်နေ့ မနက်စောစော ရန်ကုန်မြို့ မှ ထွက်ခွာလာခဲ့သည်။ ပြည်မြို့သို့ မနက် ၁၀နာရီတွင် ရောက်ရှိကာ WYH အိမ်၌ ခဏနား၊ နေ့လည်စာ စားသောက်ပြီး ပြည်မြို့ မှ အေးအေးလူလူ ထွက်ခွာခဲ့ပါတယ်။ သံတစ်ချောင်းလမ်းဆုံးလို့ ဗိုလ်ချုပ်လမ်းကို ကွေ့သည်အထိ မိမိရဲ့ စိတ်ထဲမှာ မည်သို့မျှ မခံစားမိပေ။ သိုပါသော်လည်း သံလမ်းကျော်၍ “ခိုင်ကံကော်” (ကျွန်တော်မဟေသီတို့ နေခဲ့ပါသောအဆောင်) အဆောင်လမ်းထိပ်နားအရောက် ယခင်ကျောင်းကြိုကားရပ်နေကြ နေရာအရောက်၌ စိတ်ထဲတွင် တစ်မျိုးခံစားလာမိပါသည်။ လွန်ခဲ့သော ၄ နှစ် ၅ နှစ်ကျော်က အမြဲသွားနေကျ လမ်းလေးတစ်ခုကို ယခု ပြန်ရောက်တော့မည့်အခါ စိတ်ထဲတွင် ဖြစ်ပေါ်လာသော ခံစားချက်ကို ရုတ်တရက် ခေါင်းစဉ်ရှာ မရအောင်ကို ဖြစ်နေခဲ့ပါသည်။ Toll Gate အကျော် လမ်းခွဲအရောက် တစ်ခါတုန်းက တက္ကသိုလ် ကျောင်းတော်ကြီးဆီမှာဘက် ချိုးအကွေ့တွင် ကျွန်တော်ရဲ့ စိတ်များ အတိတ်ဆီ ပျံလွင့်မတတ် ကစဥ့်ကလျား ဖြစ်ခဲ့ရပါတယ်။

သူငယ်ချင်း KZT ၏ အသံကျယ်ကျယ်မြည်သော ဆိုင်ကယ်ကိုခွကာ သွားလာနေကြ လမ်းကလေးကို စိတ်ထဲ ပြန်မြင်ရောင်လာ မိခဲ့ရပါတယ်။ ဤနေရာ ဤဒေသ ဤကျောင်းတော်ကြီးဆီ ဤကဲ့သို့ ပြန်လည်၍ ရောက်ရှိလိမ့်မည်ဟု ဘယ်တုန်းကမျှ တွေးမထင်ခဲ့၊ စိတ်မကူးခဲ့၊ အိပ်မက်မျှ မမက်ခဲ့။ ရှေးဟောင်းပြတိုက် လမ်းဆုံလေးအကျော်မှာတော့ ကျွန်တော်ရဲ့ သူငယ်ချင်းဖြစ်သူ WYH အား ကျွန်တော် ကိုယ်စား အမှတ်တရ ဓာတ်ပုံများရိုက်ယူပေးရန် အကူအညီ တောင်းခဲ့ပါသည်။ အောက်ဖော်ပြပါ ပုံလေးများအား WYH ၏ ရိုက်ချက်များ (သို့) အမှတ်တရကျောင်းတော်သို့ တမ်းချင်း အဖြစ် တင်ပြ ပေးလိုက်ပါတယ်။


လက်ခုပ်ပင်ရွာကလေးအ၀င်


နေခဲ့ဖူးတဲ့ “မြတ်နိုး”အဆောင် (ယခုတော့ မေနိုင်းတဲ့)



တစ်ခါတုန်းက တက္ကသိုလ်ကျောင်းတော်ကြီး

ဓာတ်ပုံများ ရိုက်ယူကြပြီးနောက် ပေါက်ခေါင်းသို့ ခရီးဆက်ခဲ့ကြပါသည်။ ပေါက်ခေါင်းမှ တဆင့် ဘော်ဒါသစ်ဆိပ်သို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး အလုပ်ကိစ္စများအားလုံး ညနေ (၆)နာရီဝန်းကျင်တွင် လက်စသတ်၍ ကျွန်တော်တို့ သူငယ်ချင်း MKK ရှိရာ ဆင်မြီးဆွဲ မြို့ သို့ နှစ်ဦးသား ချီတက်ခဲ့ကြပါတော့သည်။ သူငယ်ချင်း MKK တည်ခင်းဧည့်ခံ ကျွေးမွေးတဲ့ ညစာကို အားရပါးရ သုံးဆောင်ကြပြီး မနက်ဖန်ည မပြန်မီ သူငယ်ချင်း MKK အားဝင်ခေါ်မည်ဟု အသိပေးခဲ့ကာ ကျွန်တော်နဲ့ WYH တို့ ပြည်မြို့ ဆီသို့ တစ်ညတာ အိပ်စက်နားနေဖို့အတွက် ည ၈နာရီ ကျော်ကျော်တွင် ပြန်ခဲ့ပါတော့တယ်။

ညချမ်းအချိန်တွင် ပေါင်းတလည်မြို့ သည်လည်း မြို့ သူမြို့ သားများဖြင့် စည်ကားနေပေသည်။ ကျွန်တော်လည်း ကားကို အေးအေးဆေးဆေးမောင်းလာပြီး ကျောင်းနား အရောက်တွင် သူငယ်ချင်း နှစ်ယောက် ခဏဆင်း၍ မီးရောင်များအောက်တွင် ညချမ်းအလှဖြင့် ခံ့ညားတင့်တယ်နေသော ကျောင်းတော်ကြီးကို ဓာတ်ပုံရိုက်ယူ ခဲ့ကြပါတော့သည်။




နောက်တစ်နေ့ နံနက်စောစောထကာ ဘော်ဒါသစ်ဆိပ်သို့သွား၍ သစ်များသယ်ယူရန် စီစဉ်ပေးခဲ့ပါသည်။ သူငယ်ချင်း WYH က အတွေ့အကြုံ ယူချင်သည်ဟုဆိုကာ သစ်ကားဖြင့် ရန်ကုန်သို့ လိုက်ချင်သည်ဆိုသဖြင့် အပြန်တွင် ကျွန်တော်တစ်ယောက်ထဲသာလျှင် သူငယ်ချင်း MKK ရှိရာ ဆင်မြီးဆွဲမြို့ သို့ ထွက်လာ ခဲ့ရပါတော့သည်။ သူငယ်ချင်း MKK အားဝင်ရောက်ခေါ်ဆောင်ပြီး မောင်စိန်ဝင်း၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ပုတီးကုန်းမြို့ ကိုဖြတ်ကာ ၀က်ပုတ်မှတဆင့် ပြည်လမ်းမကြီးပေါ်သို့ မောင်းတက် ခဲ့ပါတော့သည်။ စကားများ ဖောင်ဖွဲ့လိုက်၊ သီချင်းများနားထောင်လိုက်နဲ့ ပြည်လမ်းမကြီးတစ်လျှောက် သူငယ်ချင်းMKK နှင့် ပြောဖြစ်ခဲ့သော အခြားသူငယ်ချင်း အကြောင်းကတော့ အခုတော့ဖြင့် မှုံဝါးဝါးရယ်သာ။ ညသန်းခေါင်ယံ အချိန်တွင်တော့ မဟာရန်ကုန်ရွှေမြို့ တော်ကြီးဆီသို့ ပြန်လည်ရောက်ရှိလာကာ သူငယ်ချင်း MKK အား တောင်ဥက္ကလာသို့ ပြန်ပို့ပေးခဲ့ပြီး အတွေးပေါင်း မြောက်များစွာရယ်ဖြင့် နေထိုင်ရာ ကျောက်တံတားမြို့ နယ်ဆီရယ်သို့သာ။

ကျွန်တော်ရဲ့ ခရီးစဉ်အတွက် အဖော်အဖြစ်လိုက်ပါပေးကြသော သူငယ်ချင်း WYH နဲ့ သူငယ်ချင်း MKK တို့အား ဤနေရာမှနေ၍ ကျေးဇူးအထူးပင် တင်ရှိပါကြောင်း။

ဝန်ခံချက်။ ။ ကျွန်တော်မဟေသီနဲ့ မမျှော်လင့်ဘဲ အတိတ်အကြောင်း ပြန်ပြောဖြစ်ခဲ့ကြရင်း ရေးသားထားတဲ့ 2006 ခုနှစ်က ခရီးစဉ်လေးပါ။

ကျေးဇူးတင်စွာဖြင့်...
yu ya

Tuesday, August 18, 2009

မြန်ချင်တဲ့သူ လက်ညှိုးထောင်


လောကကြီးမှာ
လိုရာခရီးကို
မြန်မြန်ရောက်ချင်ကြသူတွေချည်းပါပဲ။

အဲ... ဘ၀ရဲ့ အန္တိမပန်းတိုင်ကိုတော့
ရောက်သွားမှာ
နဲနဲစိုးရိမ်ကြပါတယ်။

*** ကဲ.. မြန်ချင်တဲ့သူရှိရင် လက်ညှိုးလေးထောင်လိုက်နော်။

yu ya

Saturday, August 15, 2009

“ ရှိသေးရင် နည်းနည်းပေးပါ ”



So many ways to say, "I Love You", never enough to say how much.

“မင်းကို ချစ်တယ်” ဆိုတဲ့ စကားကို ပြောဖို့ နည်းလမ်းတွေ အများကြီး ရှိရဲ့ ။ ဘယ်လောက်ချစ်တယ်ဆိုတာကို ပြောဖို့အတွက် စကား ဘယ်တော့မှ မလုံလောက်ပါဘူး။


yu ya

Friday, August 14, 2009

အသက်ရှင်ကျန်ရစ်ခြင်းရဲ့ ... လျှို့ ၀ှက်ချက်


အဘိုးအိုတစ်ယောက်ဟာ အရှိန်ပြင်းပြင်းစီးဆင်းနေတဲ့ မြစ်တစ်စင်းထဲကို မတော်တဆ ပြုတ်ကျသွားတယ်။ အဲသည်မြစ်ရဲ့ အောက်ပိုင်းမှာ ရေတံခွန်တစ်ခု ရှိနေတယ်။ ရေတံခွန်ဟာ သိပ်မြင့်မားလွန်းတော့ လူတွေက ဒီရေတံခွန်ဆီက အဘိုးအိုပြုတ်ကျတဲ့အခါမှာ ဘယ်လိုပဲပြောပြော သေမှာပဲလို့ ဆိုကြတယ်။ ဒါနဲ့ သွားကြည့်ကြတယ်။ အဘိုးကြီးက မသေခဲ့ဘူး။ လူတွေ အံ့သြကုန်တယ်။ “ဘကြီး.. ဘာကြောင့် အထိအခိုက် မရှိတာလဲ။ ဘာကြောင့် အသက်ဘေးက လွတ်ရသလဲလို့ မေးကြတယ်။” အဘိုးကြီးက ဖြေပေးတယ်။

“မောင်ရင်တို့၊ ကျုပ်က ရေထဲကို ကျသွားပြီးတဲ့ အချိန်ကစပြီး တွေးတောထိတ်လန့်နေတာ မရှိဘူး။ ရုန်းရင်း ဆန်ခတ် မလုပ်ဘူး။ ရေနဲ့ တစ်သားတည်း ဖြစ်အောင်နေတယ်။ ရေထဲမှာ ၀ဲကတော့တစ်ခုရှိရင် အဲဒီ ၀ဲနဲ့ လိုက်သွားတယ်။ ၀ဲပြန်ပေါ်တဲ့အချိန်မှာ ငါပြန်ပေါ်တယ်။ အဓိကက ရေနဲ့ တစ်သားတည်း ဖြစ်အောင် နေနိုင်ဖို့ပဲ လိုတယ်။”

လောကဆိုတာ ရေစီးကြမ်းတဲ့ မြစ်ကြီးတစ်စင်းဆိုပါစို့။ ကျွမ်းကျင်လိမ္မာသူဟာ အလိုက်သင့် စီးမျောနိုင်တယ်။ မိုက်မဲသူဟာ သူမပြင်ဆင်နိုင်မယ့် အရာတွေကို အကြောက်အကန် ငြင်းဆန်တယ်။ အဲသည်အတွက် ရလာဒ်က ဘာလဲ။ အလိုက်သင့် စီးမျောနိုင်မှုမရှိရင် လောကဟာ မင်းကို သတ်လိမ့်မယ်။ သေတယ် ဆိုတာတော့ အဆန်းမဟုတ်ပါဘူး။ ရုန်းကန်မှု လိုတဲ့နေရာနဲ့ ရုန်းကန်မှု မလိုတဲ့နေရာကို ခွဲခြားသိမြင်မှုဟာ အသက်ရှင်ကျန်ရစ်ခြင်းရဲ့ လျှို့ ၀ှက်ချက်ပဲ။

Ben Okri ရဲ့ Astonishing the Gods ထဲက စာပိုဒ်လေးတစ်ခုကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။

ကျေးဇူးတင်စွာဖြင့်
yu ya

Thursday, August 13, 2009

The bravest thing




The bravest thing that men do is love women.

ယောက်ျားတွေ လုပ်ဆောင်တတ်တဲ့ အရဲဝံ့ဆုံးသော အရာဟာ မိန်းမတွေကို ချစ်တာပါပဲ။

ကျေးဇူးတင်စွာဖြင့်
yu ya

Tuesday, August 11, 2009

Just Graduated & Educated

ပညာနှင့်ပက်သက်သော အဓိပ္ပါယ်ဖွင့်ဆိုချက်များစွာ ရှိသည့်အနက် အဓိကအရေးအကြီးဆုံးမှာ “ အရေးကိစ္စ၊ အဖြစ်အပျက်တစ်ခုအပေါ် အကြောင်းအကျိုးနှင့်တကွ နားလည်သဘောပေါက်ခြင်း ” ဟူသော ဖွင့်ဆိုချက် တစ်ရပ် ဖြစ်ပါသည်။

၂၁ ရာစု ၀င်လာသည်နှင့်အမျှ လူသားတို့အနေဖြင့် ပညာ၏ တန်ဖိုးနှင့် ပညာ၏ သဘောသဘာဝကို ယခင့်ယခင် ကာလများထက် ပို၍ လက်ခံနားလည်လာကြသည့်အလျောက် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်နှင့် ပညာမှာ ခွဲခြား၍မရသော ခေါင်းနှင့် ပန်းကဲ့သို့ ဖြစ်လာပါသည်။ အထူးသဖြင့် တံခါးအားလုံး ဖွင့်ထားသော လူ့အဖွဲ့အစည်း (၀ါ) အဖွင့်လူ့အဖွဲ့အစည်း Open Society တစ်ရပ်အတွက် ပညာသည်သာ အရာရာကို မှန်ကန်မျှတစွာ စီမံခန့်ခွဲနိုင်ကြောင်း ထင်လင်းစွာ သဘောပေါက်နေကြပြီ ဖြစ်ပါသည်။

ထို့အတွက် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအလိုက် ရှိနေသော မျိုးဆက်များသည် ပို၍ကောင်းမွန်ကာ ပို၍ယဉ်ကျေးသော၊ ပို၍ ငြိမ်းချမ်းသာယာသော အနာဂတ် လူ့ဘောာင်လောကတစ်ခု တည်ဆောက်နိုင်ရန် အလို့ငှါ လက်ရှိကာလ မျိုးဆက်သစ်လူငယ်များ၏ အသိပညာရေချိန်ကို မြှင့်တင်ပေးနေကြခြင်း ဖြစ်ပါသည်။

ယခုအခါ Formal Education ခေါ် သမရိုးကျ စာသင်ခန်းပညာရေးနှင့် ကျောင်းပြင်ပ ပညာရေး Informal Education တို့ အချိုးကျ ပေါင်းစပ်ကာ ပညာအသိမှ သင်ညာအသိ ရရှိစေမည့် အရည်အသွေး မြှင့်တင် တည်ဆောက်ပေးသည့် Capicity Building, Capicity Developing နည်းလမ်းများဖြင့် လူ့အဖွဲ့အစည်း၏ အသိပညာရေချိန်ကို မြှင့်တင်ပေးလျက်ရှိပါသည်။

ပညာသင်ကြားရေးဟုဆိုရာတွင် ယနေ့ လူအများစု နားလည်ထားကြသည့် ကျောင်းစာသက်သက်ဖြင့် စာမေးပွဲအောင်ကာ အောင်မှတ်ကောင်းသူများ အလျှောက်များသည့် တက္ကသိုလ်ကို ရွေးချယ်တက်ရောက်ခြင်း သက်သက် (၀ါ) ဘွဲ့လက်မှတ်ရရှိရေး Graduated အဆင့်မျှမကဘဲ မိမိတို့ လေ့လာသင်ယူသမျှ ဘာသာရပ်များအပေါ် အကျိုးအကြောင်းနှင့်တကွ ကောင်းစွာ ထိုးထွင်းသိမြင်နားလည် သဘောပေါက်သည့် ပညာတတ် Educated များ ပေါ်ထွန်းရေးကို အဓိက ဇောင်းပေးခြင်းသည်သာ စစ်မှန်သော ပညာသင်ကြားခြင်းမည်ပေသည်။

စင်စစ်အားဖြင့် တက္ကသိုလ်ပညာရေးသည် သုတေသန၊ လူမှုဆက်ဆံရေး၊ အားကစား၊ သဘာဝ ပတ်ဝန်းကျင် ရေးရာ၊ အခြေခံနိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးဗဟုသုတ၊ မိမိဝါသနာ စိတ်ဝင်စားသည့် ဘာသာရပ်ကို ရွေးချယ်ပိုင်ခွင့်၊ မေးခွန်းမေးခြင်း၊ အကျိုးအကြောင်း ညီညွတ်စွာ ငြင်းခုံဆွေးနွေးခြင်း၊ အများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ခရီးသွားခြင်းဆိုင်ရာ ဗဟုသုတ၊ စာကြည့်တိုက် အသုံးပြုခြင်းနှင့် အကိုးအကား အထောက်အထား ရှာဖွေတတ်မှု၊ မတူခြားနားမှုများကို လက်ခံနားလည်ပေးခြင်းနှင့် လောကနီတိနှင့် လူမှုကျင့်ဝတ်များကိုလည်း လေ့လာသင်ယူမျှဝေနိုင်သော ပတ်ဝန်းကျင်တစ်ရပ်ကို ဖော်ဆောင်ပေးထားခြင်း သာဖြစ်သည်။ ကမ္ဘာကျော် တက္ကသိုလ်ကြီးများ၏ ၀က်ဘ်ဆိုက်များကို ၀င်ရောက်လေ့လာကြည့်လျှင် ဤအချက်များကို ယခုထက် ပို၍ ရှင်းလင်းစွာ သိနိုင်ပါသည်။

ဖွံ့ဖြိုးခေတ်မီသော လူ့အဖွဲ့အစည်းတစ်ရပ်ကို အမှန်တကယ် မြင်တွေ့လိုကြပါလျှင် ဘွဲ့လက်မှတ်ရရှိထားသူ သက်သက် Just Graduated များထက် သက်ဆိုင်ရာ ဘာသာရပ်အပေါ် အကျိုးအကြောင်းနှင့်တကွ နားလည်သဘောပေါက်ထားသော ပညာတတ် Educated များကို မွေးထုတ်ပေးနိုင်သည့် ပညာရေး စနစ်ဖြင့်သာ တည်ဆောက်နိုင်ကြောင်း အဓိကပြောလိုရင်း ဖြစ်ပါသည်။

ဝန်ခံချက်။ ။ July 2009 လထုတ် LIVINGCOLOR မှ အယ်ဒီတာ့ အမှာစကားကို သဘောကျလို့ ကူးယူ ဖော်ပြထားပါသည်။

Saturday, August 8, 2009

Sentosa


စင်ကာပူကို အလည်ရောက်ခါစ ၂၀၀၆ခုနှစ် ဒီဇင်ဘာ ၂၄ ရက် - ကျွန်တော် မဟေသီလောင်းက ကျွန်တော်ကို ပထမဦးဆုံး Esplanade ကို လိုက်ပို့ပေးပါတယ်။ Esplanade & City Hall လည်ပတ်လိုက်တာ ၂၄ ရက်နေ့ တစ်ရက် ဘယ်လို ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ နောက်တစ်နေ့ ၂၀၀၆ခုနှစ် ဒီဇင်ဘာလ (၂၅) ရက် (ခရစ်စမတ်နေ့) မှာ Sentosa ကို လိုက်ပို့ပေးပါတယ်။ ဘယ်ကြော်ငြာမှာလည်းမသိပါဘူး Sentosa မှာ သွားရိုက်ထားတာ ကြည့်ရကတည်းက သွားချင်နေခဲ့တာ။ ဟိုလည်းရောက်ရော... များလိုက်တဲ့လူတွေ.. အလကားရလို့ လာလည်နေသလားထင်ရတယ်။ ကျွန်တော်နဲ့ မဟေသီလောင်းလဲ သွားချင်တဲ့ နေရာတွေ အတွက် လက်မှတ်တွေဝယ်ပြီး ဟိုဝင်ဒီထွက် သွားလိုက်တာ ညနေမှပဲ ပြန်လာခဲ့မိတော့တယ်။ ဒါက Sentosa ဆိုတဲ့နေရာကို ပထမဦးဆုံးအကြိမ်ရောက်သွားခဲ့တာ။ ဒုတိယအကြိမ်က သူငယ်ချင်းတစ်ယောက် အလုပ်ရတော့ လိုက်ပို့ပေးရင်းနဲ့ ၂၀၀၈ ခုနှစ် အောက်တိုလောက်က ရောက်သွားခဲ့တာ။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကြားမှာ ပြောင်းလဲမှုတွေ အတော်လေး များနေပြီ။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက် (စနေနေ့) မှာတော့ တတိယအကြိမ်မြောက်အနေနဲ့ Sentosa ကို ရောက်လာခဲ့ ပြန်ပါတယ်။ ဒီတစ်ခေါက်တော့ သေသေချာချာကို မှတ်တမ်းတွေ တင်လာခဲ့တာ ညနေ ၆ နာရီမှ ပြန်ထွက်ခဲ့ မိပါတော့တယ်။



(Blue, Red, Yellow) Line - Sentosa Shuttle Bus


MerLion နောက်ကျောဘက်ကို လာတဲ့ လမ်းက ရိုက်တာပါ။


MerLion နောက်ကျောဘက်ကို လာတဲ့ လမ်းလေးပါ။


MerLion


MerLion


Images of Singapore သွားရာလမ်းက ငှက်ရုပ်လေးတွေပါ။


Images of Singapore သွားရာလမ်းက ငှက်ရုပ်လေးတွေပါ။


Images of Singapore သွားရာလမ်းက ရှုခင်းလေးပါ။


Images of Singapore သွားရာလမ်းက Mer Lion ပုံပါ။


Images of Singapore ရှေ့ က Heritage Tree


Images of Singapore


Tiger Sky Tower (110M) က ပန်းပင်များ။


Close up ဆွဲထားတာပါ။


Tiger Sky Tower (110M) က ပန်းပင်များ။


Underwater World


Underwater World ရှေ့ မြွေကြီးပတ်ပြီး ဓာတ်ပုံရိုက်နေသူ။


Siloso Beach အ၀င်လမ်းပါ။


Siloso Beach


Beach Trams လေးစီးပြီး ခရီးဆက်။


Beach Trams မှတ်တိုင်ရှေ့ က ပန်းပင်လေးတွေပါ။





Palawan Beach သွားလာလမ်းကလေး။


Palawan Beach


Palawan Beach က အနုပညာ လက်ရာတစ်ခုပါ။


Palawan Beach မှာ ပျော်စရာ။


Palawan Beach မှာ ပျော်စရာ။


Palawan Beach မှ Southernmost Point of Continental Asia
သို့ ဆက်သွယ်ထားသော လူကူး ကြိုးတံတား။


Southernmost Point of Continental Asia ရှိ မျှော်စင်မှ
လက်ဆော့ထားသောပုံ။


Southernmost Point of Continental Asia မှ လက်ဆော့နေသူများ။


သူတို့ကိုကြည့်ပြီး (ဟို...)သွားသတိရတယ်။


Southernmost Point of Continental Asia မှ မြင်ကွင်းကျယ်

ကျေးဇူးတင်စွာဖြင့်
yu ya

Wednesday, August 5, 2009

The Present Status...

ကျွန်တော်ရဲ့ Blog ကို မ၀င်ဖြစ်တာ တစ်ရက်ကျော်သွားပြီ။ ဒီနေ့ ရုံးက ပြန်ရောက်လို့ ထမင်းစားပြီး Blog လေးထဲဝင်လိုက်ရော.. မမသီရိက Tag ထားပါတယ်ဆိုတာနဲ့ ..

တွေးနေမိတာက
TOEFL အကြောင်းပါ။ ကျောင်းတွေလျှောက်ပေမယ့် ကျွန်တော်အမှတ်က အခုကလေးတွေအမှတ်ကို ဘယ်လိုမှ ယှဉ်မရဘူးဖြစ်နေတယ်လို့ထင်ပါတယ်။ ပြီးခဲ့ပြီဖြစ်တဲ့ တက္ကသိုလ်အမှတ်ကို ဘာမှ ပြုပြင်ပြောင်းလဲလို့ မရနိုင်တော့ Other Qualification တစ်ခုခုများ ထပ်ထည့်ပေးရင် ကောင်းမယ်ထင်လို့ပါ။ ဒါပေမယ့် ဖြေခဲ့ပြီးဖြစ်တဲ့ ၂၀၀၅ခုနှစ်က အမှတ်ကို မှီအောင် ပြန်ဖြေနိုင်ပါ့မလား ဆိုတာကို စာကြည့်တိုင်း တွေးနေမိတာပါပဲ။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ကိုယ့်စိတ်က ဖြစ်ချင်တာတွေ သိပ်များနေပြီး Schedule အတိုင်းဝင်ဖို့ အတင်းရုန်းကန်နေမိတယ်။ လိုချင်တဲ့ ပန်းတိုင်ကို ဘယ်နေ့ရောက်မလဲ၊ ရောက်ပြီးတော့ ဘာတွေ ဆက်လုပ်ရမလဲ။ ပြီးတော့ကော... ။

ကျန်းမာရေး
နေ့တိုင်း ရေအများကြီးသောက်တယ်။ ရုံးက တရုတ်မတွေနဲ့ အပြိုင်သောက်တာ။ တနေ့ကို ၅ လီတာလောက် ကုန်မယ်ထင်တယ်။ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲ။

ဖတ်ဖြစ်တဲ့စာအုပ်တွေက
1. Mastering Digital Wedding Photography (James Karney)
2. Digital Photography Guide 2009 (Ferfer)
စာမကြည့်တဲ့အချိန်တိုင်း ဓာတ်ပုံပညာလေ့လာနေမိတဲ့ ၀ါသနာအရ ဒီစာအုပ်တွေ အမြဲဖတ်နေဖြစ်တယ်။ တစ်ခါတစ်လေ မနက် ၃နာရီထိုးတတ်တယ်။

ရောက်နေဖြစ်တာက
Esplanade ကို အပတ်တိုင်းနီးပါးလို ရောက်ဖြစ်နေတယ်။ ရောက်လို့ National Day Parade 2009 အတွက် လေ့ကျင့်နေတာတွေ တွေ့တိုင်းလည်း ခန္ဓာကိုယ်ထဲက သွေးတွေ ပွက်ပွက်ဆူရတယ်။ "Words can not say louder than actions" ဆိုတဲ့ ၀ါကျလေးကိုပဲ နှလုံးသွင်းမိတယ်။

ရေးဖြစ်နေတာက
TOEFL Writing Section အတွက် ESSAY တွေပါ။ ဒါကြောင့် Blog မရေးနိုင်တာတောင် ကြာပါပြီ။

နားထောင်ဖြစ်နေတာက
R Zarni ရဲ့ ကြွေပါစေ ဆိုတဲ့ သီချင်းလေးပါ။ ကျွန်တော် Music Player လေးရဲ့ ဒုတိယ အပုဒ်လေးပါ။ အင်မတန်ကောင်းလွန်းလို့ ခဏခဏ နားထောင်ဖြစ်နေတာပါ။

ရွတ်နေမိတဲ့ကဗျာက
ကဗျာဆိုရင် ဘာတစ်လုံးမှကို ခံစားလို့မရတာ ငယ်ငယ်လေးကတည်းကပါ။ ဒါကြောင့် ကဗျာမရွတ်ပါဘူး။ သီချင်းပဲ ဆိုပါတယ်။

ဖြစ်ချင်နေတာက
S$ 2.2 Million ကို ၁၀ ကြိမ်လောက်ပဲ ပေါက်ချင်နေပါတယ်။ ဒါတောင် သူများ အမြင်ကတ်မှာဆိုးလို့ လျော့ပြောထားတာ အဟီး...။

စားဖြစ်နေတတ်တာက
ကျွန်တော် မဟေသီ အရမ်းကြိုက်တဲ့ ကော်ရည်ခေါက်ဆွဲနဲ့ ကျွန်တော် အရမ်းကြိုက်တဲ့ အုန်းနို့ခေါက်ဆွဲ။

သနားနေမိတာက
Blogger တွေအားလုံးကိုပါပဲ။ (မရှိမဲ့ ရှိမဲ့ အချိန်လေးတွေကို ကွန်ပျူတာလေးတစ်လုံးရှေ့ ထိုင်ပြီး တစ်တောက်တောက်နဲ့ စာတွေ ရိုက်နေရလို့ပါ)

လွမ်းနေမိတာက
အတိတ်က သူငယ်ချင်းတွေနဲ့ အပူအပင်ကင်းကင်း ပျော်ပါးနေခဲ့မိချိန်များ။

မေ့လျော့ပစ်နေမိတာက
အမျိုးသားရေးစိတ်ဓာတ်။ စိတ်ထဲမှာ ရှိပါတယ်လို့ ဘယ်လိုပင် အသံကောင်းဟစ်နေဟစ်နေ ကိုယ့်ကိုယ်ကို ညာနေကြတယ်ဆိုတာ အသိသာကြီးပါ။ မိမိကိုယ်ကို အားမနာတမ်းပြောရရင် ရုံးသွားတိုင်း ယူနေကြ ရုံးအိတ်တစ်လုံးလောက်တောင် သတိမရမိပါဘူး။ အကြောင်းတိုက်ဆိုင်သွားမှ တစ်ချက်လောက် သတိရသွားလိုက်၊ အကြောင်းမတိုက်ဆိုင်လို့ကတော့ ဘယ်ချောင် သွားကပ်နေလဲမသိအောင်ကို မေ့လျော့နေတာပါ။ ဒါကြောင့် အမျိုးသားစိတ်ဓာတ်တွေ ဆူပွက်လာအောင် သူများနိုင်ငံတွေမှာ အမျိုးသားရေးစိတ်ဓာတ် အဓွန့်ရှည် တည်တံ့ ခိုင်မြဲအောင် ဘာတွေလုပ်နေကြသလဲဆိုတာ သွားရောက် စူးစမ်းမိရင် ကိုယ့်ကိုယ်ကို ပြန်သတိပေးနေမိတာပါ။ သူများတွေ လုပ်နေတာကို ကြည့်လိုက်တဲ့ တစ်ခဏတာဟာ ကိုယ့်အတွက် တစ်နှစ်လောက် လုံလောက်တဲ့ အမျိုးသားရေးစိတ်ဓာတ်တွေကို ဖြစ်ပေါ်စေရင် သိပ်ကောင်းမှာပဲလို့ လဲ တစ်ခါတစ်လေ ရူးရူးမိုက်မိုက် တွေးမိပါတယ်။

ခါးသက်နေမိတာက
ဖောက်ပြန်တတ်တဲ့ လူတွေရဲ့ အကျင့်ကိုပါ။ ကွယ်ရာမှာတစ်မျိုး၊ မကွယ်ရာမှာတစ်မျိုး၊ အဲဒီနှစ်မျိုးကို တစ်မျိုးထဲဖြစ်အောင် သရုပ်ဆောင်ထားတဲ့ လူတွေကိုပါ။

တမ်းတနေမိတာက
ငယ်ရွယ်နုပျိုမှု

ကြိတ်ပြီးချီးကျူးနေမိတာက
ကျွန်တော်ရဲ့ မဟေသီကိုပါ။ ကျွန်တော်ဘယ်သွားသွား မအားလပ်တဲ့ကြားက ကျွန်တော်ဓာတ်ပုံ ရိုက်ရာနောက် ပါရမီ ဖြည့်ဖက်ဆိုပြီး တကောက်ကောက် မငြီးမငြူ အဖေါ်လိုက်ပေးနေလို့ပါ။ ကြိတ်ပြီးချီးကျူး နေမိသလို အင်မတန်လည်း ၀မ်းသာမိပါတယ်။ ဘ၀လက်တွဲဖော်ဆိုတာ တစ်ယောက်ကို တစ်ယောက် နားလည်မှု ရှိရေးသည် နံပါတ် ၁ အရေးအကြီးဆုံးပါပဲ။ နားလည်မှု ရှိတဲ့နောက်မှာ အရာရာဟာ ပုံဖော်လို့ လွယ်ကူသွားပါတယ်။

ကြိတ်ပြီးအထင်သေးနေမိတာက
ရုံးက တရုတ်မတွေပါ။ Singlish အရမ်းနဲ့ ပြောကြလို့။

ဆန္ဒမရှိတဲ့နေရာ
ကမ္ဘာမြေပုံမှာ အဲဒီနေရာ ရှာမတွေ့ဘူးဖြစ်နေတယ်။

ဆန္ဒရှိနေတဲ့ကိစ္စ
Camera Lens နောက်တစ်လုံး ၀ယ်ချင်နေတယ်။ (မဟေသီက ဒီလ မ၀ယ်ရဘူးဆိုလို့ ငြိမ်နေရပါတယ်)

ချစ်နေတာက
ပြောပြဖို့ လိုနေသေးလို့လားကွယ်။

စိတ်ပျက်နေမိတာက
တွေဝေနေတတ်တဲ့ သူငယ်ချင်းများကို စိတ်ပျက်မိပါတယ်။ ချစ်သူနဲ့ လက်ထပ်ဖို့ တွေဝေတာ၊ ဘာအလုပ် လုပ်ရမှန်းမသိလို့ တွေဝေတာ၊ ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနဲ့ ဘာလုပ်ရမှန်းမသိအောင် တွေဝေနေတာ၊ ဆုံးဖြတ်ချက်ချဖို့ တွေဝေတာ စသည်ဖြင့် တွေဝေနေတဲ့ သူငယ်ချင်းများစွာကို စိတ်ပျက်မိပါတယ်။ တွေဝေပြီဆိုတာနဲ့တပြိုင်နက် မပြတ်သားခြင်းဆိုတာက နောက်က လိုက်လာ တော့တာပါပဲ။ မပြတ်သားဖူးဆိုတဲ့နောက်တော့ အောင်မြင်မှုဆိုတာ လက်တစ်ကမ်းမှာ ရှိနေပါလျက်နဲ့ အမိအရ မဆွတ်ခူးနိုင်တာဟာ ဘာမှ မဆိုင်တဲ့ ကံကြမ္မာကို သွားသွားပြီး ခလုတ်တိုက်၊ ယိုးမယ်ဖွဲ့နေရုံနဲ့တော့ ဒီဘ၀ မှန်ကန်တဲ့ အဖြေထွက်လာမှာ မဟုတ်ပါဘူး။

စွဲလန်းနေမိတာက
Nikon Camera အကောင်းစားတွေပါ။ (D3, D3X)

လိုအပ်နေတာက
အချိန်။

တောင်းနေမိတဲ့ဆု
အော်..ခက်ပါပြီရော။ S$ 2.2 Million ၁၀ ကြိမ်လောက်ပေါက်ချင်ပါတယ်ဆိုနေမှ...။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
Hello! Hello! Hello!

ပြောချင်နေတဲ့စကားတခွန်း
အမှန်တကယ်ချစ်တဲ့ ချစ်သူတိုင်း ပေါင်းကြရပါစေ။

ပါးချင်တဲ့ အမှာစကား
ယုံကြည်မှုကို တည်ဆောက်ကြပါ။
တစ်ဦးအပေါ် တစ်ဦး သစ္စာရှိကြပါ။ ပျော်ရွှင်မှုကို ရှာဖွေကြပါ။ ကျွန်တော်တို့ နှလုံးသားတွေအတွက် အမွန်မြတ်ဆုံး အားဆေးတွေကို တိုက်ကျွေးကြပါ။

ဝန်ခံချင်တာက
အခုရေးခဲ့တဲ့ Tag ပို့စ်ကို စိတ်ပါလက်ပါရေးခဲ့ပါတယ်။ မမသီရိ ကျေနပ်နိုင်ပါစေလို့....

ကျေးဇူးတင်စွာဖြင့်
yu ya



Saturday, August 1, 2009

Singapore National Day 2009 Preview Parade

Singapore နိုင်ငံရဲ့ NDP 2009 Preview Parade ကို ပါဝင်ဆင်နွှဲဖို့ ညနေ ၄နာရီလောက်မှစ၍ ကျွန်တော်တို့ အိမ်မှနေ၍ City Hall သို့ စတင်ထွက်ခွာလာခဲ့ပါသည်။ City Hall သို့ ညနေ ၅နာရီ သာသာလောက် ရောက်ရှိသွားခဲ့ပြီး Marina Bay ရဲ့ Floating Platform ပေါ်မှတဆင့် တံတားပေါ်ကို ၅ နာရီ ကျော်ကျော်လောက်တွင် ရောက်ရှိ နေရာယူခဲ့ကြပါသည်။


စင်မြင့်ထက်တွင်နေရာယူထားကြသော ပရိတ်သတ်ကြီး


ဝါသနာတူသူများ တံတားထက်၌ ဓာတ်ပုံရိုက်ယူနေရာယူထားပုံ


လေထီးခုန်ပြီး အခန်းအနားကို ဂုဏ်ပြုခြင်း။


လေကြောင်းမှလည်း တစ်ဖုံ။


ရေကြောင်းကလည်း တသွယ်။


နိုင်ငံတော်အလံကို လေကြောင်းမှ သယ်ဆောင်ဂုဏ်ပြုပုံ။


တိုက်လေယာဉ်များကလည်း ရင်တုန်မတတ်။


ရေကြောင်းမှလည်း အားကျမခံ အမြောက်ပစ်ဖောက်။


မီးပုံးလေများကလည်း တက်ရောက်ဂုဏ်ပြု။


မီးရှုးများဖြင့် ဂုဏ်ပြုပုံ။


Firework များဖြင့် ဂုဏ်ပြုခြင်း။


Firework များ



Firework များ။


နောက်ဆုံး Firework ဖြင့် ဂုဏ်ပြုပြီး အခမ်းအနား ပြီးဆုံးခြင်း။

နိုင်ငံတစ်နိုင်ငံဟာ သူ့နိုင်ငံကို ဘယ်လောက်တန်ဖိုးထားတယ်၊ ဘယ်လောက် ချစ်မြတ်နိုးတယ်ဆိုတာတွေကို ပါးစပ်က အရေမရ အဖတ်မရ စကားလုံးတွေနဲ့ မပြောပဲနဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတွေနဲ့ သရုပ်ဖော်သွားတာဟာ စကားလုံးတွေထက် ပို၍ ကျယ်လောင်စွာ မြည်ဟီးပြသွားတာပါပဲ။

ခဏတာကြည့်ရပေမယ့် စိတ်ထဲမှာ အင်မတန်မှ ခံစားရပါတယ်။ သူတို့နိုင်ငံသားတွေ သူတို့တိုင်းပြည်အပေါ် ဘယ်လိုချစ်မြတ်နိုးလဲ၊ ဘယ်လောက်တောင် တန်ဖိုးထားလဲဆိုတာကို ရပ်ကြည့်နေတဲ့ ကျွန်တော်တို့လို နိုင်ငံခြားသားတွေက မျက်ဝါးထင်ထင် တွေ့မြင်ရတော့ ရင်ဘတ်ထဲမှာ ဘယ်လိုခံစားချက်လည်းမသိဘူးဗျာ လှိုက်ခနဲ လှိုက်ခနဲ ဖြစ်သွားမိတယ်။ ကျွန်တော်သူငယ်ချင်းတစ်ယောက်ဆိုရင် မနှစ်က မျက်ရည်တွေဝဲပြီး အသံတောင် တိမ်သွားတယ်။ ဘယ်လို ခံစားချက်လည်းဆိုတာ ထုတ်ပြောပြလို့ မရလောက်အောင်ပါပဲ။ စကားလုံးတွေနဲ့ ပုံဖော်လို့ ရနိုင်မယ် မထင်ပါဘူး။ ကိုယ်တိုင် ခံစားကြည့်မှ သိနိုင်မှာပါဗျာ။

ဒါကြောင့် ကိုယ်တိုင် သွားမကြည့်ဖူးသေးတဲ့ သူငယ်ချင်းများကိုလည်း လာမယ့် August 09, 2009 မှာ ကျင်းပမယ့် Singapore National Day Parade 2009 ကို သွားကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်ဗျာ။ ကိုယ်တိုင် သွားမကြည့်နိုင်ရင်တောင် TV ကနေပြီး လွှင့်တဲ့ အစီအစဉ်ကို ကြည့်စေချင်ပါတယ်။

ကျွန်တော်တို့ကော ဘယ်အချိန်လောက် ဒီလို ဂုဏ်ယူဖွယ်ရာကောင်းတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသား တွေအဖြစ်နဲ့ တစ်ခြားနိုင်ငံခြားသားတွေရဲ့ ရှေ့ မှာ ရဲရဲဝံ့ဝံ့ ထည်ထည်ဝါ၀ါ ရပ်တည်နိုင်ကြမလဲဗျာ။

ကျေးဇူးတင်စွာဖြင့်
yu ya