လူတို့သည် တစ်နေရာမှ အခြားတစ်နေရာသို့ ပျော်ရွှင်မှုအဖြစ်၎င်း၊ လိုအပ်ချက်တစ်ခုအဖြစ်၎င်း ခရီးများ သွားလာနေကြရပါသည်။ ဆိုလိုသည်မှာ အလုပ်အတွက် ခရီးသွားခြင်း၊ ကျောင်းတတ်ရန်အတွက် ခရီးသွားခြင်း၊ စီးပွားရေးအတွက် ခရီးသွားခြင်း၊ သူငယ်ချင်းများဆီသို့ လည်ပတ်ရန် ခရီးသွားခြင်း စသည်တို့အပြင် Shopping အတွက် ခရီးသွားခြင်းများအထိ ပါဝင်ပါသည်။ လူတော်တော် များများအတွက်တော့ ခရီးသွားခြင်းဟာ လူအများနှစ်သက်မြတ်နိုးသော ၀ါသနာများထဲမှ တစ်ခုဆိုရင် မမှားပါဘူး။ ဒါကြောင့် လည်းပဲ အားလပ်ရက် Holiday များမှာ ခရီးသွားလာကြခြင်းဖြင့် အချိန်များကို ကုန်ဆုံးစေကြပါသည်။
ကျွန်တော်သည်လည်းပဲ အပျော်ခရီး စဉ်များကို အတော်အတန် သွားလာဖြစ်ခဲ့ဖူးပါသည်။ ၁၀တန်း အောင်ပြီးနောက်တစ်နှစ် တက္ကသိုလ်ကျောင်းများပိတ်ထားစဉ်ကာလ ၁၉၉၈ ခုနှစ်တွင် ကျွန်တော်၏ သူငယ်ချင်းများဖြစ်ကြသော KTA ၊ WSTM ၊ MM ၊ MMMM ၊ HT၊ THZ ၊ TTW တို့ဖြင့် ကမ်းသာယာ နှင့် ငပလီ ကမ်းခြေများသို့ မိမိတို့ ကိုယ်တိုင်သာ အုပ်ထိန်းသူများအဖြစ် အပျော်ခရီး သွားခဲ့ကြပါသည်။ ထိုမှတစ်ဖန် တက္ကသိုလ်များပြန်ဖွင့်တဲ့အခါမှာလည်း ကျောင်းအဖွဲ့များဖြင့် အပျော်ခရီး များစွာ ထွက်ခဲ့ဖြစ်ပါသည်။ တက္ကသိုလ်များပြီးဆုံး၍ ရန်ကုန်ရွှေမြို့ တော်ကြီး၌ သင်တန်းများ တက်နေစဉ် အခါတွင်လည်း သူငယ်ချင်းများဖြစ်ကြတဲ့ MT ၊ HKA ၊ MMMM စသည့် သူငယ်ချင်းများဖြင့်လည်း ချောင်းသာသို့ အပျော်ခရီး ထွက်ဖူးခဲ့ပါသည်။
ဤကဲ့သို့ အပျော်ခရီးများစွာကို ထွက်နေဖူးသူ ကျွန်တော်အတွက် အချိန်တန်လို့ အလုပ်ဝင်တဲ့အခါတွင်လည်း အလုပ်သဘောသဘာဝကိုက ကျွန်တော်ကို ခရီးများစွာ ထွက်နေစေပါသည်။ တစ်ရံရောအခါ ကျွန်တော်တို့ Company သစ်လုံးများထုတ်ယူခွင့် ရရှိတဲ့ Permit သည် ပဲခူတိုင်း အတွင်းရှိ သစ်ဆိပ်များမှ ရယူရန်ဆိုပြီး မြန်မာ့သစ်လုပ်ငန်း GM က ယေဘူယျသာမှတ်ချက်ပေးခဲ့ ပါသဖြင့် ကျွန်တော်သည် ပဲခူးတိုင်းအတွင်းရှိ သစ်ဆိပ်များသို့ လှည့်လည်သွားရောက်ခဲ့ရပါသည်။ ပဲခူးတိုင်းတွင် ပဲခူးအရှေ့ နှင့် ပဲခူးအနောက်ဟူ၍ တိုင်းဒေသ (၂)ခု ခွဲထား ပါသည်။ ပဲခူးအရှေ့ ဆိုသည်မှာ ပဲခူးရိုးမတောင်တန်းကြီး၏ အရှေ့ ဖက်ခြမ်းဖြစ်သော ပဲခူးမြို့ ၊ ဘုရားကြီး၊ ညောင်လေးပင်၊ ဖြူး၊ တောင်ငူ၊ ဆွာ စသည့် သစ်ဆိပ်ရှိသည့် မြို့ များ ဖြစ်ပါသည်။
မြန်မာ့သစ်လုပ်ငန်းမှ ကျွန်တော်ကို ပဲခူးတိုင်းအတွင်းမှ သစ်များယူခိုင်းလျှင် ကျွန်တော်သည် အများအားဖြင့်ကျွန်တော် ဇာတိမြို့ ဖြစ်သည့် တောင်ငူမြို့ အနီးရှိ သစ်ဆိမ်များကို ရွေးချယ်ပါတယ်။ တောင်ငူမြို့ အနီးတွင်ရှိသော သစ်ဆိပ်များမှာ ပဲခူးတိုင်းအတွင်းတွင် အကြီးဆုံးလည်း ဖြစ်သောကြောင့် သစ်များ Quality ကောင်းကောင်း ရရှိနိုင်သည်ကလည်း တစ်ကြောင်း၊ အလုပ်ကိစ္စများပြီးစီးပါကလည်း မိဘများအိမ်မှာပင် နေထိုင်စားသောက် နိုင်သည်ကတစ်ကြောင်း၊ သူငယ်ချင်းများနဲ့ အလွယ်တစ်ကူ တွေ့ဆုံနိုင်ခြင်းများ ကြောင့် အမြဲလိုလို တောင်ငူသစ်ဆိပ်များကို ရွေးချယ်မိပါတယ်။ ဒီအခါမှာတော့ တောင်ငူသစ်ဆိမ်များရှိ သစ်များကို နိုင်ငံတော် Project တစ်ခုအတွက် ယူထားတဲ့အတွက်ကြောင့် ပဲခူးတိုင်း အရှေခြမ်းရပါသော်လည်း တိုင်းမန်နေဂျာက “ဘော်ဒါသစ်ဆိပ်” မှ ရွေးချယ်ပေး ပါရန် မေတ္တာရပ်ခံလာပါသဖြင့် ကျွန်တော်အနေဖြင့် ဘော်ဒါသစ်ဆိပ်သို့ တစ်ကြိမ်တစ်ခါမျှ ရောက်ဖူးခြင်း မရှိသော်ငြားလည်းပဲ လက်ခံလာခဲ့ရပါသည်။ (လက်မခံလို့မှ မရတော့ဘဲကိုး... )
ဘော်ဒါသစ်ဆိပ်သည် ပဲခူးတိုင်း အရှေ့ ခြမ်းရှိ အုတ်တွင်းမြို့ နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ပေါက်ခေါင်းမြို့ ကြား ပဲခူးရိုးမတောင်တန်းကြီး၏ အလယ်တွင် တည်ရှိပါသည်။ ဘော်ဒါသစ်ဆိပ်သို့ ရောက်ရှိရန် ပထမဦးစွာ ရန်ကုန်မှ ပြည်မြို့ သို့ သွားရမည် ဖြစ်ပါသည်။ ထိုမှတဆင့် ၂၈မိုင်အကွာ ပေါက်ခေါင်းမြို့ သို့ခရီးဆက်ပြီး ပေါက်ခေါင်းမြို့ မှတဆင့် ပဲခူးရိုးမ တောင်တန်းကို ၃၅မိုင်ခန့် တတ်မှ ဘော်ဒါသစ်ဆိပ်သို့ ရောက်မည်ဖြစ်ပါသည်။ ခရီးဝေးလွန်း၍ သယ်ယူစရိတ်မြင့်မားခြင်း၊ ဆက်သွယ်ရေး ခက်ခဲခြင်းများကြောင့် အများအားဖြင့် Company များသည် ထိုသစ်ဆိမ်မှ သစ်များကို မယူချင် ကြပေ။ ကျွန်တော်သည်လည်း ထိုအချက်များစွာကို ကျွန်တော်၏ Director ဖြစ်သူနဲ့ အသေအချာ ဆွေးနွေးပြီးမှ ထိုသစ်ဆိပ်မှ သစ်များသယ်ယူရန် ဆုံးဖြတ်ခဲ့ကြပါသည်။
ထိုအခါ ကျွန်တော်၏ သူငယ်ချင်း ပြည်မြို့ သားဖြစ်သူ WYH ကို သတိရသွားကာ ပြည်မြို့ သို့ ခရီးစဉ်ရှိကြောင်း၊ လိုက်ခဲ့ချင်က လိုက်ခဲ့လို့ ရကြောင်းပြောပြခဲ့ရာ သူငယ်ချင်း WYH ကလည်း ကျွန်တော်၏ အလုပ်သဘောသဘာဝကို လေ့လာချင်၍ လိုက်ခဲ့မည်ဟု ဆိုပါသည်။ ပြည်မြို့ သို့ မထွက်ခွာမီ ညတွင်ပင် ကံကောင်းစွာဖြင့် ကျွန်တော်၏ သူငယ်ချင်းတစ်ယောက် ဖြစ်တဲ့ MKK (သူငယ်ချင်း ဘလော့ဂါ - အဟီး. မကြိုက်မှာစိုးလို့ နာမည်ထဲ့မပြောတော့ဘူး) နဲ့ ဖုန်းပြောမိပါသည်။ သူလည်း ယခု သူ၏ဇာတိမြို့ ဖြစ်တဲ့ ဆင်မြီးဆွဲမြို့ သို့ အလည်အပတ်ရောက်နေကြောင်း၊ ကျွန်တော်တို့ ပေါက်ခေါင်းမှ အပြန်သူ့အိမ်တွင် ထမင်းဝင်စားဖို့ ဖိတ်ပါတယ်ဆိုတဲ့အကြောင်း၊ ရန်ကုန်ပြန်ရင် သူလည်း ကျွန်တော်တို့နဲ့ အတူပြန်လိုက်ခဲ့မယ် ဆိုတဲ့ အကြောင်းများ ပြောဖြစ်ခဲ့ကြပါတယ်။
ကျွန်တော်နဲ့ သူငယ်ချင်း WYH လည်း နောက်နေ့ မနက်စောစော ရန်ကုန်မြို့ မှ ထွက်ခွာလာခဲ့သည်။ ပြည်မြို့သို့ မနက် ၁၀နာရီတွင် ရောက်ရှိကာ WYH အိမ်၌ ခဏနား၊ နေ့လည်စာ စားသောက်ပြီး ပြည်မြို့ မှ အေးအေးလူလူ ထွက်ခွာခဲ့ပါတယ်။ သံတစ်ချောင်းလမ်းဆုံးလို့ ဗိုလ်ချုပ်လမ်းကို ကွေ့သည်အထိ မိမိရဲ့ စိတ်ထဲမှာ မည်သို့မျှ မခံစားမိပေ။ သိုပါသော်လည်း သံလမ်းကျော်၍ “ခိုင်ကံကော်” (ကျွန်တော်မဟေသီတို့ နေခဲ့ပါသောအဆောင်) အဆောင်လမ်းထိပ်နားအရောက် ယခင်ကျောင်းကြိုကားရပ်နေကြ နေရာအရောက်၌ စိတ်ထဲတွင် တစ်မျိုးခံစားလာမိပါသည်။ လွန်ခဲ့သော ၄ နှစ် ၅ နှစ်ကျော်က အမြဲသွားနေကျ လမ်းလေးတစ်ခုကို ယခု ပြန်ရောက်တော့မည့်အခါ စိတ်ထဲတွင် ဖြစ်ပေါ်လာသော ခံစားချက်ကို ရုတ်တရက် ခေါင်းစဉ်ရှာ မရအောင်ကို ဖြစ်နေခဲ့ပါသည်။ Toll Gate အကျော် လမ်းခွဲအရောက် တစ်ခါတုန်းက တက္ကသိုလ် ကျောင်းတော်ကြီးဆီမှာဘက် ချိုးအကွေ့တွင် ကျွန်တော်ရဲ့ စိတ်များ အတိတ်ဆီ ပျံလွင့်မတတ် ကစဥ့်ကလျား ဖြစ်ခဲ့ရပါတယ်။
သူငယ်ချင်း KZT ၏ အသံကျယ်ကျယ်မြည်သော ဆိုင်ကယ်ကိုခွကာ သွားလာနေကြ လမ်းကလေးကို စိတ်ထဲ ပြန်မြင်ရောင်လာ မိခဲ့ရပါတယ်။ ဤနေရာ ဤဒေသ ဤကျောင်းတော်ကြီးဆီ ဤကဲ့သို့ ပြန်လည်၍ ရောက်ရှိလိမ့်မည်ဟု ဘယ်တုန်းကမျှ တွေးမထင်ခဲ့၊ စိတ်မကူးခဲ့၊ အိပ်မက်မျှ မမက်ခဲ့။ ရှေးဟောင်းပြတိုက် လမ်းဆုံလေးအကျော်မှာတော့ ကျွန်တော်ရဲ့ သူငယ်ချင်းဖြစ်သူ WYH အား ကျွန်တော် ကိုယ်စား အမှတ်တရ ဓာတ်ပုံများရိုက်ယူပေးရန် အကူအညီ တောင်းခဲ့ပါသည်။ အောက်ဖော်ပြပါ ပုံလေးများအား WYH ၏ ရိုက်ချက်များ (သို့) အမှတ်တရကျောင်းတော်သို့ တမ်းချင်း အဖြစ် တင်ပြ ပေးလိုက်ပါတယ်။

လက်ခုပ်ပင်ရွာကလေးအ၀င်

နေခဲ့ဖူးတဲ့ “မြတ်နိုး”အဆောင် (ယခုတော့ မေနိုင်းတဲ့)

တစ်ခါတုန်းက တက္ကသိုလ်ကျောင်းတော်ကြီး
ဓာတ်ပုံများ ရိုက်ယူကြပြီးနောက် ပေါက်ခေါင်းသို့ ခရီးဆက်ခဲ့ကြပါသည်။ ပေါက်ခေါင်းမှ တဆင့် ဘော်ဒါသစ်ဆိပ်သို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး အလုပ်ကိစ္စများအားလုံး ညနေ (၆)နာရီဝန်းကျင်တွင် လက်စသတ်၍ ကျွန်တော်တို့ သူငယ်ချင်း MKK ရှိရာ ဆင်မြီးဆွဲ မြို့ သို့ နှစ်ဦးသား ချီတက်ခဲ့ကြပါတော့သည်။ သူငယ်ချင်း MKK တည်ခင်းဧည့်ခံ ကျွေးမွေးတဲ့ ညစာကို အားရပါးရ သုံးဆောင်ကြပြီး မနက်ဖန်ည မပြန်မီ သူငယ်ချင်း MKK အားဝင်ခေါ်မည်ဟု အသိပေးခဲ့ကာ ကျွန်တော်နဲ့ WYH တို့ ပြည်မြို့ ဆီသို့ တစ်ညတာ အိပ်စက်နားနေဖို့အတွက် ည ၈နာရီ ကျော်ကျော်တွင် ပြန်ခဲ့ပါတော့တယ်။
ညချမ်းအချိန်တွင် ပေါင်းတလည်မြို့ သည်လည်း မြို့ သူမြို့ သားများဖြင့် စည်ကားနေပေသည်။ ကျွန်တော်လည်း ကားကို အေးအေးဆေးဆေးမောင်းလာပြီး ကျောင်းနား အရောက်တွင် သူငယ်ချင်း နှစ်ယောက် ခဏဆင်း၍ မီးရောင်များအောက်တွင် ညချမ်းအလှဖြင့် ခံ့ညားတင့်တယ်နေသော ကျောင်းတော်ကြီးကို ဓာတ်ပုံရိုက်ယူ ခဲ့ကြပါတော့သည်။

နောက်တစ်နေ့ နံနက်စောစောထကာ ဘော်ဒါသစ်ဆိပ်သို့သွား၍ သစ်များသယ်ယူရန် စီစဉ်ပေးခဲ့ပါသည်။ သူငယ်ချင်း WYH က အတွေ့အကြုံ ယူချင်သည်ဟုဆိုကာ သစ်ကားဖြင့် ရန်ကုန်သို့ လိုက်ချင်သည်ဆိုသဖြင့် အပြန်တွင် ကျွန်တော်တစ်ယောက်ထဲသာလျှင် သူငယ်ချင်း MKK ရှိရာ ဆင်မြီးဆွဲမြို့ သို့ ထွက်လာ ခဲ့ရပါတော့သည်။ သူငယ်ချင်း MKK အားဝင်ရောက်ခေါ်ဆောင်ပြီး မောင်စိန်ဝင်း၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ပုတီးကုန်းမြို့ ကိုဖြတ်ကာ ၀က်ပုတ်မှတဆင့် ပြည်လမ်းမကြီးပေါ်သို့ မောင်းတက် ခဲ့ပါတော့သည်။ စကားများ ဖောင်ဖွဲ့လိုက်၊ သီချင်းများနားထောင်လိုက်နဲ့ ပြည်လမ်းမကြီးတစ်လျှောက် သူငယ်ချင်းMKK နှင့် ပြောဖြစ်ခဲ့သော အခြားသူငယ်ချင်း အကြောင်းကတော့ အခုတော့ဖြင့် မှုံဝါးဝါးရယ်သာ။ ညသန်းခေါင်ယံ အချိန်တွင်တော့ မဟာရန်ကုန်ရွှေမြို့ တော်ကြီးဆီသို့ ပြန်လည်ရောက်ရှိလာကာ သူငယ်ချင်း MKK အား တောင်ဥက္ကလာသို့ ပြန်ပို့ပေးခဲ့ပြီး အတွေးပေါင်း မြောက်များစွာရယ်ဖြင့် နေထိုင်ရာ ကျောက်တံတားမြို့ နယ်ဆီရယ်သို့သာ။
ကျွန်တော်ရဲ့ ခရီးစဉ်အတွက် အဖော်အဖြစ်လိုက်ပါပေးကြသော သူငယ်ချင်း WYH နဲ့ သူငယ်ချင်း MKK တို့အား ဤနေရာမှနေ၍ ကျေးဇူးအထူးပင် တင်ရှိပါကြောင်း။
ဝန်ခံချက်။ ။ ကျွန်တော်မဟေသီနဲ့ မမျှော်လင့်ဘဲ အတိတ်အကြောင်း ပြန်ပြောဖြစ်ခဲ့ကြရင်း ရေးသားထားတဲ့ 2006 ခုနှစ်က ခရီးစဉ်လေးပါ။
ကျေးဇူးတင်စွာဖြင့်...

yu ya