သဘာဝလောကကြီးထဲမှာ ကျွန်တော်အတွက် ခင်ဗျားတို့အတွက် ဒါမှမဟုတ် ကြမ်းပိုးတစ်ကောင်၊ ငှက်တစ်ကောင်အတွက် နေရာတစ်နေရာဟာ အမြဲလိုအပ်နေပါတယ်။ ခြေသလုံးအိမ်တိုင်သမားတွေ အတွက်တောင် လမ်းမတွေပေါ်က အလွတ်တွေက စက္ကန့်တိုင်း ခဏတိုင်းအတွက် နေရာတွေ ပေးနေရတယ်လေ။ ယုတ်စွအဆုံး MRT Station မှာ စောင့်နေရတာကစလို့ ပေါင်မုန့်ဝယ်ဖို့ တန်းစီနေရသည့်တိုင်အောင် ကျွန်တော်တို့ နေရာတစ်နေရာ ရှိနေရတယ်၊ အလွတ်တစ်ခုတော့ ကျွန်တော်တို့ ရနေတာပဲမဟုတ်လား။
ခင်ဗျားအနေအထားနဲ့ စိတ်ခံစားမှုအပါအ၀င်ပေါ့ဗျာ ဘယ်လောက် နေရာ အကျယ်အ၀န်းလိုအပ်ပါလဲ။ ကျွန်တော်အတွက်ကရော .. တွေးကြည့်ရင် သိပ်တိကျတဲ့ ကိစ္စတော့မဟုတ်ဘူး။ စကြ၀ဠာကြီးဟာ သိပ်ကျယ်လွန်းတယ် မဟုတ်လား။ ကမ္ဘာဆိုတဲ့ နေရာမှာ ကျွန်တော်တို့ ခွဲတမ်းရတယ်။ ဟောဒီမှာ လူတွေ၊ ဟောဒီမှာ ငါးတွေ၊ ဟောဟိုမှာ ငှက်တွေ။
ခင်ဗျားတို့ စိတ်ထဲမှာ ဗိသုကာတစ်ယောက်လို ခင်ဗျားရဲ့ နေရာလွတ်ကို ကြည့်နေခဲမိသေးလား။ ဘယ်နေရာကို ဘယ်လိုပေါ့ဗျာ၊ ဟိုဟာတွေး ဒီဟာဖြည့်ပေါ့။ အမျိုးမျိုးပေါ့ဗျာ။ ကိုယ်ပိုင်နေရာလွတ်တွေ ရှိသရွေ့ ပေါ့။ ဒီနေရာမှာ မမေ့သင့်တာက ခင်ဗျားနေရာနဲ့ ထိစပ်နေတဲ့ အခြားနေရာတွေဟာ ခင်ဗျားနေထိုင်မှုကို ထုဆစ်နေတဲ့ ပတ်ဝန်းကျင်ဆိုတာပါပဲ။ ဆိုလိုတာက ခင်ဗျားနေရာရယ် အဲဒီ ပတ်ဝန်းကျင်ရယ်ပေါင်းမှ နေရာထိုင်ခင်း ပြည့်စုံတယ်လို့ ယူဆမိတာပါ။ ခင်ဗျားကတော့ အိမ်ခြံရယ် ပရိဘောဂတွေကို နေရာထိုင်ခင်းလို့ သတ်မှတ်မှာပဲ။ ဒါကလည်း တစ်ယောက်ချင်းစီ ကိစ္စပေါ့လေ။
ဒီတော့ ပတ်ဝန်းကျင်မှာ ခင်ဗျားကို အနှောက်အယှက် ဖြစ်ကောင်းဖြစ်စေမယ့် အရာတွေ ရှိကောင်းရှိနေမှာပါ။ ကားဟွန်းသံဖြစ်ဖြစ် အသားကင်နံ့တွေပဲဖြစ်ဖြစ်၊ ခွေးဟောင်သံပဲဖြစ်ဖြစ် တစ်ခုခုပေါ့၊ ဒါပေမယ့် ခင်ဗျားတို့ မေ့နေလောက်တာလေးကို ကျွန်တော် ပြောဦးမယ်၊ အဓိက ကလည်း အဲ့ဒါပဲ။ ခင်ဗျားတို့ နေရာမှာ ကျကျနန စိတ်လိုလက်ရ နေလို့ရနေတာ ခင်ဗျားတို့နေရာထိုင်ခင်းကိစ္စပါပဲ။
ခင်ဗျားတို့ နေထိုင်မှုကို ဘာတွေက ထောက်ပံနေတာလဲ၊ တွေးကြည့်ပြီးပြီလား။ ဘလော့လေးတွေ သွားလည်ပြီး တခစ်ခစ်နဲ့ သဘောကျတာပါမယ်၊ ဖွင့်ထားတဲ့ ကွန်ပျူတာက လည်နေတဲ့ ပန်ကာသံတွေပါမယ်၊ Gtalk ကနေ တတုန်တုန်မြည်လာတဲ့ chatting အသံတွေပါမယ်။ ခပ်လှမ်းလှမ်းက သီချင်းသံတွေ ပါချင်ပါမယ်၊ တစ်ခါတစ်ရံများ မိုးရွာလို့ ရေကျသံကတောင် ခင်ဗျားကော်ဖီပူပူလေးကို အရသာ ထပ်ဖြည့်လိုက်သေးတယ်မဟုတ်လား။ ခင်ဗျားသတိမရဘဲနဲ့တော့ ဒါတွေဟာ သိပ်သိသာတာချည်းတော့ မဟုတ်ပါဘူး။ ကျွန်တော်အတွက်တော့ အဲဒါတွေမရှိဘဲနဲ့ နေဖို့ သိပ်မလွယ်ဘူး။ အဆိုးဆုံးတွေထဲမှာတောင် မထင်ရှားနိုင်တဲ့ အသေးအမွှားလေးတွေဟာ တန်ဖိုးကြီးတယ်လို့ မြင်တယ်လေ။ ရွဲ့ စောင်းသွားအောင်တော့ သိပ်ချဲ့ ကြည့်စရာတော့ မလိုဘူးပေါ့ဗျာ။
ကျွန်တော် နေထိုင်မှုထဲ အတော်လေး မရိုးမရွဖြစ်ရတဲ့နေ့လေးကို သတိရသေးတယ်။ ကျွန်တော်ဟာ ထိုင်တယ်ထတယ်၊ လမ်းလျှောက်တယ်၊ စာဖတ်တယ်၊ တွေးတယ်၊ အိပ်တယ်၊ ဒါပုံမှန်ပဲ။ ထူးခြားတာတော့ မရှိဘူး။ နေရာထိုင်ခင်း တစ်ခုထဲမှာနေတယ်။ တစ်နေ့တော့ ကျွန်တော့်မလှမ်းမကမ်း မြင်ကွင်းမှာ ကျွန်တော်ရရှိထားတဲ့ အရောင်လေးပျောက်ကွယ်သွားတယ်။ ယိမ်းယိမ်းနွဲ့နွဲ့ မြက်ခင်းစုလေးပေါ့။ သူဆီက အသံတွေလည်း ရခဲ့တယ်လို့ ယုံကြည်ထားတဲ့ မြက်ပင်ကလေးတွေပေါ့။ မရှိတော့ဘူး။ မြေစာမြေခဲလေးတွေပဲ ကျန်ရစ်ခဲ့တယ်။ ဒါ ဘာအတွက်မှ ထူးဆန်းမှာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် အဲဒီတစ်နေ့လုံး ဘယ်လိုမှ နေလို့မရဘူး၊ သွားကိုက်နေသလိုလို၊ ခေါင်းအုံနေသလိုလို။ တစ်ခုခုလိုအပ်လာပြီဆိုရင် သေးသေးလေးကအစ ကိုယ့်ဘ၀နဲ့ ဆိုင်တာချည်းပဲလို့ ထင်ကြတာပဲနော်။ အဲဒီနေ့ ဘာမှကို လုပ်လို့မရဘူး။ တွေးလို့မရဘူး။ စာဖတ်လို့မရဘူး။ အဲဒီ ဘာမှ မဟုတ်တဲ့ မြက်ပင်လေးတွေ အကူအညီနဲ့ နေထိုင်နေရတာတော့မဟုတ်ဘူး။ ဒါပေမယ့် သက်ဆိုင်နေခဲ့မှန်းတော့ ဘာမှ မရှိတော့တဲ့ နေရာအလွတ်ကလေးကို ရင်ဆိုင်မိလိုက်မှ သိလိုက် ခံစားလိုက်ရတယ်။ နောက်တစ်နေ့ ပြန်လာစိုက်သွားတာ တွေ့တော့မှ နည်းနည်းနေသာထိုင်သာ ရှိသွားတယ်။ အဲဒါပါပဲ။
ညနေရောင်တောက်နေတဲ့တိမ်တွေက ခင်ဗျားကို မြူဆွယ်လို့မရရင်တောင်၊ လရောင်က ခင်ဗျားစိတ်ကို ဆွလို့မရသည့်တိုင်အောင်၊ တတုန်တုန်မြည်နေတဲ့ Gtalk ကလူတွေကို မချက်ချင်သည့်တိုင်အောင် ခင်ဗျားပတ်ဝန်းကျင်မှာ ခင်ဗျားနေထိုင်မှုကို ထောက်ပံ့ပေးနေတဲ့ နေရာထိုင်ခင်းရှိနေမှာပါ။ ဒါမှ မဟုတ်ရင်တော့ ခင်ဗျားသွားထဲမှာ မရိုးမရွလေး ဖြစ်နေမလားပဲ။ ဒါမှ မဟုတ် ခင်ဗျား လက်လှမ်းမမှီနိုင်တဲ့ ခင်ဗျား ရဲ့ နောက်ကျောတစ်နေရာမှာ ယားစိစိတော့ ဖြစ်နေဦးမယ်။
ဘာပဲဖြစ်ဖြစ် ခင်ဗျားဟာ နေရာတစ်နေရာမဟုတ် တစ်နေရာမှာ အမြဲရှိနေမှာပဲ မဟုတ်လား။
ဆန္ဒမွန်ဖြင့်
yu ya

18 comments:
သေချာတယ် ကိုယုယ ကျနော်တို့လည်း နေရာကိုယ်စီမှာ ရှိနေကြတယ်ဗျ..
ဒါပေမဲ့ ရရှိထားတဲ့နေရာက မြက်ပင်လေးတွေ မရှိတဲ့အချိန်မှာ စိတ်ထဲတစ်မျိုးခံစားရသလို
ယားကျိကျိလေးဖြစ်နေ၏ :D
ရှိနေတုန်း မသိပေမယ့် မရှိတဲ့အခါ ပျောက်သွား တဲ့အခါ သူ့ ရဲ့ တည်ရှိခြင်းဟာ ထင်ရှားလာကြ တယ် အိမ်နေရာ အသံတစ်ခု အကြားတစ်ခု အမြင်တစ်ခု နောက် ကိုယ်သတိမထားမိတဲ့ မေ့ လျော့နေတဲ့ လူသားတစ်ယောက် ဟုတ်တယ် အစ်ကိုရ အင်မတန် သတိချပ်စရာကောင်းတယ်
အတွေးလေးအတွက် ကျေးဇူး
လေးစားခင်မင်လျှက်
ရန်ကုန်သား :)))))
ဟုတ်ပ နေရာလေး တနေရာ ဆိုတာ ဟာ ရုပ်ခန္ဓာ အိုးစားမကွဲကြသေးတဲ့ လူတိုင်းအတွက် ရှိကြရတာ ။ဒါကိုတော့ ဘယ်သူမှ လာလုယူလို့ မရနိုင်ပါဘူး လေ ။
တွေးတတ်ပါပေ့ ကိုယုယ ရေ ။
( ယုံကြည်ထားတဲ့ မြက်ပင်ကလေးတွေပေါ့။ မရှိတော့ဘူး။ မြေစာမြေခဲလေးတွေပဲ ကျန်ရစ်ခဲ့တယ်........
နောက်တစ်နေ့ ပြန်လာစိုက်သွားတာ တွေ့တော့မှ နည်းနည်းနေသာထိုင်သာ ရှိသွားတယ်။ ......)
ဪ ..ကို ယုယ တယောက် တော့
facebook က farm town ထဲ လယ်များစိုက်နေသလားလို့ 
ဖွားကိက တွေးမိလိုက်တယ် ....း)
နေရာလေးတခုရှိနေလို့ သာပေါ့၊ မကြိုက်တာလေးတွေ
ရှိပေမဲ့ နေစရာလေးရှိနေတာကိုပဲ ကျေးဇူးတင်နေရတာ။
တွေ့လား ကိုယုယ ဖွားကိ တယောက်လေ သူပဲ လယ်စိုက်နေပြီးတော့ သူများကို လယ်စိုက်နေလား တဲ့ ဟွင်းးး နာဦးမယ် ပြောချင်ဘူး
ရေးထားတာလေးတွေ ဖတ်သွားတယ်သိလား မြင်နေကျ မမြင်ရတော့ နေသားမကျသေးတာ နေမှာပေါ့ ကိုယုယရ မြက်ပင်ကိစ္စ ပြောပါတယ် ဟိဟိ
ကိုယုယရေ...ဗဒင်ရဲ့ နေရာလား..အာဇာနည်ရဲ့ နေရာလား ဟိဟိ..ထွန်းအိန္ဒြာဗိုရဲ့ နေရာလေးတစ်ခုလား...နေရာ နေရာ...အတွေးလေး ကောင်းတယ်...ကိုယုယရေ...ချီးကျူးထိုက်ပါပေတယ်...
ကိုယုယရေ.မသိလိုက်မသိဘာသာ ဖြစ်နေတဲ့ အရာတွေကို မြင်သာအောင် တင်ပြသွားတာ တော်တော်ကောင်းတယ်။
“တစ်ခါတစ်ရံများ မိုးရွာလို့ ရေကျသံကတောင် ခင်ဗျားကော်ဖီပူပူလေးကို အရသာ ထပ်ဖြည့်လိုက်သေးတယ်မဟုတ်လား။”
ဟုတ်တယ်။ ပစ်ခတ်ထောက်ခံတယ်..။ နေရာထိုင်ခင်းလေးကို အရင်ထက် ပိုတန်ဖိုးထားတော့မယ်.. အတွေးသစ်တစ်ခုအတွက် ကျေးဇူးနော်
အင်း...နေရာ...
တစုံတခုရဲ့ ဖြစ်တည်မှုက အခြားအရာတွေကို ထောက်ပံ့ပေးနေတာမျိုးပေါ့။ သေးနုပ်ပေမဲ့ သူရဲ့ ဖွဲ့ တည်မှုက ကိုယ့်အတွက်တော့ အရေးကြီးနေတတ်ပါတယ်။
ဒါပေမဲ့ ဒါတွေကို အချိန်လွန်မှ နောင်တနဲ့ သတိရတမ်းတမိတတ်ကြတယ်။
ဒါကလဲ စိတ်သဘောသဘာဝပဲ ထင်ပါတယ် အစ်ကိုယုယရေ။
မပိုင်ဆိုင်နိုင် ဆုံးရှုံးသွားမှ အဲဒီအရာ တည်ရှိမှုကို နှမြောတသစိတ် ကြီးထွားလာတာ ဓမ္မတာပါပဲ။
ခင်တဲ့
နေရာဆို ကိုဗဒင်..ရဲ့ နေရာကိုသတိရတယ်..ဟဲဟဲ..
အစ်ကိုရေ...
အတွေးအမြင်လေးတွေ ဆန်းသစ်လှပါဘိ..
တစ်ခါမှ မတွေးဘူးသေးတဲ့ စဉ်းစားစရာလေးတွေ သတိပြုစရာလေးတွေ ရရှိစေပါတယ်...
ကျေးဇူးပါ အစ်ကို
ခင်မင်လေးစားလျှက်
နှင်းဟေမာ
ကိုယ့်နေရာလေးမှာ ကိုယ့်တန်ဖိုးကို ထိန်းသိန်းရင်း နေ နေရတာ ကြာပြီဘဲ....
ရေးပုံလေး ကြိုက်ပါတယ် ကိုယုယရေ...အတွေးကလည်း ကောင်းလိုက်တာ။
ဟုတ်တယ် ကိုယုယရေ..
သတိမထားမိတော့ မသိဘူးလေ..
ဒါပေမယ့် မရှိတော့မှ တန်ဘိုးရှိမှန်းသိတတ်ကျတယ်
အေးဗျာ .. အခုလို အသိပေးလိုက်တာ ကျေးဇူးတင်ပါတယ် ကိုယုယ..
ခင်မင်စွာဖြင့်
စည်သူ။
အစ်ကိုဒီပို.စ်လေးကို ကျွန်တော်ဖတ်ရတာ အမှန်
အတိုင်းပြောရရင် အစ်ကိုပြောနေတဲ. အကြောင်း
အရာလေးထက် အစ်ကိုစာရေးတဲ. အရေးအသား
ကိုပိုနှစ်သက်မိပါတယ် ... စာရေးကောင်းတယ်ဗျာ ...
ဟောဗျာ..ကျွန်တော်ရဲ့ ပထမဦးဆုံး ပေါက်ပေါက်ရှာရှာရေးနည်းကို ကိုမိုးစက်အိမ်က ကြံကြံဖန်ဖန်လာချီးကျူးသွားပါလားဗျာ..။
ကိုယုယရေ.. ဖတ်လို့ကောင်းလိုက်တာ..
ဟုတ်ပါရဲ့.. တခါတလေတော့လည်း ကိုယ့်ဖြစ်တည်မှု/တည်ရှိမှု ကို မေ့လျော့နေမိတယ်။
း)
အတွေးကောင်းလေးနဲ့ရေးထားတဲ့နေရာလေး
:)
တွေးတတ်လိုက်တာ ကိုယုကြီးကလဲ။ ဟိဟိ
နေရာလေးတစ်ခုတော့ လုံခြုံနေဆဲပါလေ။
Post a Comment