သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာသည် “ငါတို့ သူငယ်ချင်း လင်းဝေဟင်မောင် ဆုံးသွားပြီတဲ့..” ။
ဒီသတင်းကို ကြားလိုက်ရသည့် တဒင်္ဂအတွင်းမှာပင် ကျွန်တော် ကြက်သီးမွေးညင်းထသွားတာကတော့ အမှန်ပင်ဖြစ်ပါသည်။
ဝေတစ်နေ့ ကြွေတစ်နေ့။ ဘ၀၏ အန္တိမအဆုံးခရီးမှာ ကြွေလင့်ခြင်းပါတကား။
အမှန်အတိုင်းဆိုရပါလျှင် သေခြင်းဓမ္မသင်္ခါရခြေသံကို ကျွန်တော် အလန့်တကြား တွေးကြောက်နေမိခြင်းမှာ ကြာနေပြီ ဖြစ်ပါသည်။ တကယ်တော့ ဒါဟာ သဘာဝတရားမို့ တွေးထိတ်စရာလား။ စာရေးဆရာကြီး Bertrand Russell ကတော့ သူ့အမြင်ကို ကြည်လင်စွာ ဒီလိုပြောခဲ့ပါတယ်။
“လူအိုတစ်ယောက်သည် သေခြင်းတရားကို ကြောက်မည်မဟုတ်ပါ။ သူတန်ဖိုးထားနေသော အရာများသည် ရှေ့တွင် ဆက်လက်ဖြစ်ပွားနေမည်ဖြစ်သည့်အတွက် သေခြင်းတရားမှ ကင်းဝေးပါလိမ့်မည်။ အားခွန်တို့ ဆုတ်ယုတ်ကာ မောပန်းနွမ်းနယ်ခြင်း ကြီးမားလာသည့်အချိန်တွင် ငြိမ်းချမ်းစွာ အနားယူရတော့မည်ဟူသော အတွေးသည် မနှစ်သက်စရာမဟုတ်။ ကျွန်တော်သည် အလုပ်လုပ်ရင်းဖြင့်သာ သေသွားချင်ပါသည်။ ကျွန်တော် ဆက်မလုပ်နိုင်တော့သော အရာတို့ကို အခြားသူများက ဆက်လက်လုပ်ကြမည်ဟူသော အသိဖြင့် သေသွားချင်ပါသည်။ ကိုယ်က စဉ်းစာရုံသာ စဉ်းစာခဲ့သော အရာများသည် တစ်နေ့တွင် အကောင်အထည်ဖော်ပြီးသား ဖြစ်လိမ့်မည်ဟူသော ကျေနပ်နှစ်သိမ့်မှုဖြင့် ကျွန်တော် သေသွားချင်ပါသည်” တဲ့။
ဘယ်လောက်ကောင်းလိုက်တဲ့ အရသာရှိရှိ နူးနူးညံ့ညံ့သေနည်းလဲ။
ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီးကလည်း အကောင်းဆုံးနေနည်းဟာ အကောင်းဆုံး သေနည်းပဲဟူသည့် သဘောဆန်ဆန် ဟောပြောညွှန်ပြဆုံးမခဲ့ဖူးတာကို အမှတ်ရမိသည်။ ကျွန်တော်တို့ ဘယ်လို အကောင်းဆုံးနေနည်းတွေနဲ့ စင်ကြယ်သော လောကကြီးမှာ နေခဲ့ပါသလဲ။ မေးခွန်းထုတ်စရာတွေက တစ်ပုံတစ်ပင် ဖြစ်ပါသည်။
ဘ၀ဆိုတာ လျှပ်တစ်ပြက် သက်တံကွေးကွေးလေးပေါ်မှာ စင်စင်ကြယ်ကြယ် နေထိုင်ဖြတ်သန်းရင်း မြင့်မြင့်မြတ်မြတ် သေခြင်းစခန်းသို့ ခြေလှမ်းပြင်ဆင်နေကြသူတွေ အမြောက်အမြားရှိပါသည်။ အဲဒီအထဲမှာ ကျွန်တော်တို့ အားလုံး ပါဝင်နေကြမည် ထင်ပါသည်။
ခုဆို...။
ဘာလိုလိုနှင့် ကိုယ့်ကိုယ်ကို မှန်ထဲသေသေချာချာ ကြည့်သည့်အခါ အရုပ်အရောင်တွေ ရေကျကာ၊ နေ၀င်စဆံပင်နှင့်တကွ အရွယ်အသက်ကိုပါ ဆေးဆိုးကျားကန်ထားရသည့် အသွင်အပြင်ကို မြင်ရလေပြီ။ သို့တိုင်... ဘာမုန့်မှမကျက်သေး။
ကမ္ဘာကြီးတစ်ဝက် ထမ်းထားသလို (၇) ရက်သားသမီးများနှင့်လူတွေကို ကြီးပွားချမ်းသာအောင် လုပ်ဆောင်မပေးနိုင်သော်လည်း သူတို့နှင့် တွေ့လျှင် ရွှင်လန်းကြည်သာ ပြုံးပြဖို့၊ သူတို့ပြောတာကို နားထောင်ဖို့၊ ရိုးသားစွာ ချီးမွမ်းပြောဆိုဖို့၊ စေတနာနှင့် တိုက်တွန်းအားပေးဖို့ ကူညီနိုင်တာကို ကူညီဖို့ သို့မဟုတ် သူတို့ စိတ်ချမ်းသာအောင် အတတ်နိုင်ဆုံး ကိုယ့်ဘက်က လုပ်ပေးနိုင်ရေးကိုပဲ တွေးရင် အေးအေးသက်သာစွာဖြင့် လောကကြီးကို နောက်ဆုံး နှုတ်ဆက်ထွက်ခွာသွားရန် နှလုံးသွင်းနေမိပါသည်။
ဆန္ဒမွန်ဖြင့်
yu ya

27 comments:
ပီးခဲ့ ဆယ့်လေးမိနစ်ကမှတင်ထားတာဆိုတော့ မထမဦးဆုံးဖတ်သူ ကျနော်လို့ထင်တာပဲ ... ကျမ်းမာပါစေ
ဒါဆိုကျွန်မက ဒုတိယ ဖတ်မိသူပေါ့။ စိတ်ချမ်းသာပျော်ရွှင် ကျန်းမာပါစေရှင်။
သက်ပြင်းချပြီး စိတ်လေးလေးနဲ့ သံဝေဂယူသွားပါတယ်။ တစ်နေ့လှမ်းရမယ့် ဒီလမ်းကို အေးအေးဆေးဆေးသွားနိုင်ဖို့ အများကြီး ကြိုးစားရဦးမှာ ...
သက်ပြင်းချပြီး စိတ်လေးလေးနဲ့ သံဝေဂယူသွားပါတယ်။ တစ်နေ့လှမ်းရမယ့် ဒီလမ်းကို အေးအေးဆေးဆေးသွားနိုင်ဖို့ အများကြီး ကြိုးစားရဦးမှာ ...
ကိုယုယရေ သက်ပြင်းချသွားပါတယ် ကြားလားဟင် ဟူးးးးးးးးးးးးး တဲ့ ဟုတ်ပါ့ မွေးတနေ့ သေတနေ့လေ ဟင်းးးးးးးးးးးး
ပျောက်နေလို့ နေကောင်းရဲ့လားလို့ပါ နေကောင်းရင် ပြီးတာပါပဲ နော် ဘိုင်တာ့တာ
ကွေးသောလက်များ မဆန့် မီ ဆန့် သောလက် များမကွေးမီပေါ့အစ်ကိုရာ သေခြင်းတရားဆို တာ လူသာမန်တိုင်း တုန်လှုပ်ကြရတာပါ
ကိုယ်တွေလည်း တစ်နေ့ သူ့ နောက် သူ တို့ နောက် လိုက်ကြရမှာဆိုတော့ ရတုန်းလေး
မိမိကော သူတစ်ပါးပါ အကျိုးရှိတဲ့ အလုပ်ကလေး တွေလုပ်ကြဖို့ သတိပေးစာ လေးပေါ့ သတိပေး ပြရုဂ်လေးပေါ့
သံဝေဂယူပါတယ် ကိုယုယရေ
ခင်မင်လျှက်
ရန်ကုန်သား :D
(အစ်ကို အားသွားပလားဗျမတွေ့ တာကြာပေါ့ နေကောင်းတယ်ဟုတ် အဆင်ပြေတယ်ဟုတ် )
ဘယ်နေ့ ကိုယ့်အလှည့်မှန်း မသိတဲ့ သေဆုံးခြင်းရက် တရက် အတွက် အမြဲတမ်း အဆင်သင့် ပြင်ထားဖို့  လိုနေပြီနော် ....
တနေ့  တနေ့  လောဘ ၊ဒေါသ ။ မောဟတွေ နဲ့ သံသရာလည်နေရတာ ...
လူ့ ဘဝ သက်တမ်း တဝက်ကျိုးခဲ့ပေမဲ့  အမမှာလည်း
နောင်ဘဝတွက် ပါအောင် ဘာမှ မလုပ်မိသေးသလိုပါဘဲ..
သံဝေဂတရားနဲ့ အတူ သတိပေးတဲ့ စာလေးအတွက်
ကျေးဇူးပါဘဲ ကိုယုယရေ
အိမ်းးးးးး ဖတ်သွားပါတယ်အစ်ကိုရေ။ ဒါကြောင့်မို့ ပစ္စုပ္ပန်သာအကောင်းဆုံးပါလို့ မေသူတော့ ထင်ပါတယ်။ အတိတ်ကို တွေးတော နှမြောတသ ဒေါသဖြစ်မနေသင့်သလို အနာဂတ် ကိုလဲ ယောင်ယောင်ဝါးဝါး မောဟ ဖြစ်မနေသင့်ပါဘူးလေ။
မေသူ့ အတွေးပါ။
ပို့စ်လေးက သံဝေဂယူစရာလေးပါပဲ..........။
ကိုယုယရေ...........ပျော်ရွှင်ပါစေနော်
နှင်းဟေမာ
နေရတက်သရွေ့အချိန်လေးမှာ အကောင်းဆုံးတွေ မဟုတ်တောင်မှ တက်နိုင်သမျှ ကိုယုယ ဆိုသလို ပြုံးပြ ဖို့တောင် အင်း တကယ်ကြိုးစားနေရမယ်
ဟုတ်တယ် အဲဒီတစ်နေ့က လူတိုင်းတွေ့ရမှာပဲ
မင်းအိမ်ဖြူ
ဘယ်အချိန်သေမှာကိုမသိတဲ့ဘဝမှာ
ပေးစပ်ချင်းနဲ့ အသက်ရှင်သင့်တယ်
သေတနေ့ မွေးတနေ့ ဆိုပေမဲ့လည်း ကြောက်တော့ ကြောက်သား :(
ကိုဟန်ရေ စိတ်လေးကိုလည်း ကျေးဇူးတင်။ ပိုစ့်လေးကိုလည်း ကျေးဇူးတင်သွားပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ
ခင်တဲ့maylay
ဟုတ်ဘူး မှားသွားတယ် ကိုယုယ ကိုရေးတာ ။ ကိုဟန်ရေ လို့ရေးမိသွားတယ်။ ဆောရီး နော် အစ်ကို
မေးလ်တောင် မဝင်ထားတော့ ပြန်ဖျက်မရတော့ဘူး။
အကို ယုယရေ မမြဲတဲ့ သင်္ခါရတရားကို အလန့်တကြား တွေးမိသွားတယ်
မသေချင်သေးဘူး
လုပ်ချင်တာလေးတွေ လုပ်ခွင့်ရနေတာလေးတွေ လုပ်သွားချင်သေးတယ် နေနိုင်သရွေ့ပေါ့ :(
ဘ၀ရဲ့ နောက်ဆုံးအချိန်မှာ အေးအေးချမ်းချမ်းလေးပဲ
ဖြတ်သန်းချင်တယ် ကိုယ့်ကိုတိုက်ခိုက်ခဲ့တာတွေ လည်း မေ့ထားမယ် ကိုယ်က တိုက်ခိုက်ခဲ့တာတွေလည်း သတိမရချင်ဘူး ငြိမ်းအေးချမ်းမြေ့ရာကို အာရုံရှိနေစေ ချင်တယ်။ဒါကလည်း ကိုယ်ကိုတိုင်တရား ရှိနေဘို့ လိုအပ်ပါတယ်။
...................................။
သူငယ်ချင်းတစ်ယောက်ဆုံးရှုံးသွားတာ အားလုံးနဲ့ ထပ်တူထပ်မျှ စိတ်မကောင်းပါဘူး တစ်နေ့နေ့မှာ ၀ိုင်းတို့တွေလည်း ဘ၀ခရီးလမ်းတိုကို အဆုံးသတ်ရမှာ အမှန်ပဲနော်။
Bertrand Russell ဆိုသူရဲ့ အမြင်ကို
ကြိုက်တယ်ဗျာ
မှတ်သားထိုက်ပါတယ်
ကျနော့သူငယ်ချင်းဆုံးတုန်းကဆို
ကျနော်လည်း တကယ်ဆောက်တည်ရာမရခဲ့ဘူး ငယ်ငယ်ပဲရှိသေးတာလေ
တကယ်တော့ သေခြင်းတရားဆိုတာ အသက်အရွယ်မှမရွေးဘဲနော်
လုပ်ချင်တာလေးတွေ လုပ်သွားချင်သေးတယ်
နေခွင့်ရှိ သရွေ့ ပေါ့
ုအင်းဘယ်တော့များ နာ့အလှည့်ရောက်မလည်း တွေးမိသွားတယ်
မတည်မြဲခြင်းတွေထဲမှာ ဒီမတည်မြဲခြင်းက ကြောက်စရာအကောင်းဆုံးပါပဲလား
သေတနေ့ မွေးတနေ့ လူ့ဘ၀မှာ အသက်ရှင်တုန်း အကောင်းဆုံး မဟုတ်တောင် ကိုယ်တတ်နိုင်သလောက် ကြိုးစားကြရဦးမှာပါ...
အချိန်တန်ရင် အိမ်ပြန်ရစမြဲပါပဲပေါ့ဗျာ .. အားလုံး နောက်ဆုံးသွားရမယ့် ဒီလမ်းခရီးကို ကြိုတင် အသင့် ပြင်ဆင်ထားရင် သွားလမ်းဖြောင့်ဖြူးမှာပေါ့နော် ...
ကိုယုယရေ...
တန်ဘိုးရှိတဲ့ စာသားလေးတွေကို ဖတ်ရင်း..
ဝေတစ်နေဲ့ ကြွေတစ်နေ့ ကို သတိရမိတယ်..
လူတိုင်းကတော့ ဝေချိန်ကိုသာလို၍ ကြွေချိန်ကို မလိုချင်ကြပါဘူး..
ဝေချင်တိုင်းဝေပြီး ကြွေချိန်ကျ ကြွေခဲ့လို့ရှိရင်လည်း
ဝမ်းမနည်းကျေးပေါ့ ကိုယုယရေ..
မလွဲမသွေ ကျွန်တော်တို့လည်း ကြွကျရမယ်လေ..
ဘယ်ချိန်ဆိုတာကိုတော့ မပြာနိုင်ပေမယ့် သေချာနေပါတယ်..
ခင်မင်စွာဖြင့်
စည်သူ။
နေတုံးကလည်း နေခဲ့ရပြီ .. သေတဲ့အခါကျလည်း ... မငြင်းကြေးပေါ့ .. အဲ့လိုလား .. ခုချိန်မှာတော့ ငြင်းချင်တယ် .. ရီးစားမရသေးလို့ ဟားဟား .... :P
အင်း
ကြွေမယ့်လမ်းကို တလှမ်းချင်း လှမ်းနေရတာပဲ
ဘယ်ချိန် အားကုန်ပြေးရမလဲမသိဘူး ..း)
ကောင်းလှပါ၏။ လေးစားလျက်
တနေ့ တို့တတွေလဲ သေရဦးမှာနော်။ မမေ့မလျော့နေကြရအောင်ပေါ့နော့။ သိပ်ကောင်းတဲ့ မျှဝေမှု့ပါ။ ကိုယုယသူငယ်ချင်း ကိုလင်းဝေဟင်မောင်အတွက် စိတ်မကောင်းဖြစ်ရပါတယ်။
Post a Comment