Pages

Thursday, September 10, 2009

“ကမ္ဘာမြေပေါ်က နတ်တမန်ကလေး”


ကားချင်းဆိုင်တိုက်မိလို့ ကျွန်တော်ရဲ့ ကားဟာ ကြေမွသွားတယ်။ မျက်နှာတစ်ခြမ်းနဲ့ လည်ပင်းတ၀ိုက် သွေးချင်းချင်းနီနေပြီး အပျက်အစီးပုံကြားထဲမှာ ပိတ်မိနေတယ်။ နာကျင်မှု၊ ထိတ်လန့်တုန်လှုပ်မှု၊ အားကိုးရာမဲ့မှု၊ စိတ်ရှုပ်ထွေးမှုများနဲ့ လွှမ်းခြုံနေတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်က ဘေးမှာ ဒူးထောက်ထိုင်ချလိုက်ပြီး လက်ကို အသာအယာဆုပ်ကိုင် နှစ်သိမ့်အားပေးတယ်။ သူ့ရဲ့ ကရုဏာစကားကြောင့် နာကျင်မှုနဲ့ စိတ်လှုပ်ရှားမှုတွေ ကြားထဲကပဲ စိတ်တည်ငြိမ်မှုကို ရရှိခဲ့တယ်။ အဲဒီသူငယ်ချင်းကို ကျွန်တော်က “ကမ္ဘာမြေပေါ်က နတ်တမန်ကလေး” လို့ အမည်ပေးထားခဲ့ပါတယ်။



ဒီလို နတ်တမန်လေးတွေကို ဘယ်လို စိတ်ခံစားချက်တွေက စေလွှတ်လိုက်သလဲ။ ကျွန်တော်တို့ မသိနိုင်ပါဘူး။ သိနိုင်တာကတော့ စာနာမှုပေါ်မှသာ ကရုဏာဖြစ်နိုင်တယ်ဆိုတာပါ။

စာနာမှုဖြစ်လာဖို့ မျှဝေခံစားတတ်ရမယ်။ လူတစ်ယောက်ရဲ့ အတွင်းကမ္ဘာကို ထိုးထွင်းသိမြင်နိုင်ဖို့ လိုအပ်တဲ့အချက်ပါပဲ။ အာရုံခံဆဲလ်တွေဟာ သူတစ်ပါးရဲ့ ဒုက္ခကို ကိုယ့်ဒုက္ခသဖွယ် ရှုနိုင်အောင် ဆောင်ကြဉ်းပေးပါတယ်။

သူများအကြောင်းကို စိတ်ဝင်တစား လေ့လာကြဖို့လိုပါတယ်။ ခံစားချက်ချင်း နီးစပ်သွားအောင်လည်း ကြိုးစားကြရမယ်။ ဒါမှသာ သာမန်စာနာမှု Sympathy ဟာ ကိုယ်တိုင်ဖြစ်သလို ခံစားရမှု Empathy အဖြစ် ပြောင်းလဲသွားနိုင်မယ်။

လူတစ်ယောက်ရဲ့ (ပျော်ရွှင်မှု သို့မဟုတ် မနှစ်မြို့ မှုကိုပြတဲ့) မျက်နှာအမူအရာကို လိုက်တုကြည့်တဲ့အခါ ခုနကပြောတဲ့ ကိုယ်တိုင်ဖြစ်သလို တစ်သွေမတိမ်း ခံစားရမှုဟာ ပိုမိုအားကောင်းလာတာ တွေ့ရပါတယ်။ တစ်ဖက်သားအပေါ်မှာ အာရုံစူးစိုက် တုပလေလေ ပိုပိုပြီး အားကောင်းလေလေပါပဲ။


၁၉၀၉ ခုနှစ်လောက်ကတည်းက အင်္ဂလိပ်စာပေထဲကို ရောက်လာတဲ့ Einfuhlung ဆိုတဲ့ ဂျာမန်စကားလုံး တစ်လုံးရှိပါတယ်။ ခုတော့ အင်္ဂလိပ်လို Empathy လို့ ဖြစ်နေပါပြီ။ သူ့ရဲ့ မူရင်း အဓိပ္ပာယ်က “ထဲထဲဝင်ဝင် ခံစားခြင်း” entering into feelings တစ်ဖက်သားရဲ့ ခံစားချက်ကို တတ်နိုင်သရွေ့ တစ်သွေမတိမ်း ထဲထဲဝင်ဝင် တုပခံစားတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အာရုံခံဆဲလ်တွေ အားကောင်းရင် အားကောင်းသလောက် စာနာမှု ဆိုတာဟာ ကျွန်တော်တို့ ရင်ထဲကို မြန်မြန်ဆန်ဆန်ရောက်လာတတ်ပါတယ်။

စိတ်ပညာမှာတော့ Empathy ဆိုတဲ့ စကားကို အဓိပ္ပာယ် သုံးမျိုးနဲ့ ပြောဆိုသုံးစွဲနေကြပါတယ်။ တစ်ပါးသူရဲ့ ခံစားချက်ကို သိခြင်း၊ တစ်ပါးသူခံစားသလို ခံစားခြင်း၊ တစ်ပါးသူရဲ့ ဆင်းရဲဒုက္ခကို ကရုဏာနဲ့ တုံ့ပြန် ကူညီခြင်းတို့ဖြစ်ပါတယ်။ ဒီသုံးမျိုးဟာ အစဉ်အတိုင်းပါပဲ - သတိထားမိတယ်၊ ခံစားရတယ်၊ ကူညီတယ်။

“မွေးရာပါ ဗီဇစာနာမှု” Primal Empathy ဟာ ဦးနှောက်တစ်နေရာတည်းမှာ ဖြစ်တာ မဟုတ်ပါဘူး။ အခြေအနေပေါ် မူတည်ပြီး ဦးနှောက်ရဲ့ နေရာအမျိုးမျိုးကို နိုးကြားတက်ကြွစေတာ ဖြစ်ပါတယ်။ အဲဒီအခါ ပေးပို့သူရဲ့ အရေးအရာဟာ လက်ခံသူရဲ့ အရေးအရာ ဖြစ်လာပါတယ်။ အတွေးတွေ ခံစားချက်တွေကို ရှယ်ယာလုပ်လိုက်တာနဲ့ပဲ ဦးနှောက်နှစ်ခုကြားမှာ လက်ရေးတို Shorthand နဲ့ ပုံတူကော်ပီကူးလိုက်သလို ဖြစ်သွားပါတယ်။ အချိန်ဆိုင်းစရာမလို၊ စကားလုံးတွေနဲ့ ရှင်းပြစရာ မလိုလောက်အောင်ပါပဲ။


ကျေးဇူးတင်စွာဖြင့်
yu ya


18 comments:

yangonthar said...

ကရုဏာ တရားရဲ့ နူးညံ့ညင်သာပုံလေးကို ဖတ်ရှူသွားတယ်အစ်ကိုရေ
ခင်မင်လျှက်
ရန်ကုန်သား
အေးမြသာယာပါစေ :)

subuueain said...

လာဖတ်သွားပါပြီ :)

kiki said...

ဒီလို Empathy လေးတွေ ကို
မြန်မာပြည်က ဟိုလူဂျီးတွေ ရဲ့  ဦးနှောက်ထဲထိ
ထဲထဲ ဝင်ဝင် ရောက်အောင်
ဘယ်လိုနည်းနဲ့ ထဲ့ပေးလို့ ရမလဲ ..ဟင်...

နည်းလမ်း လေး အမြန်ရှာဖွေပေးပါ ကိုယုယ ရေ ...
(အဲသလိုသာ ဆိုရင်ဖြင့် မြန်မာပြည်ကြီးကို ကယ်တင်လိုက်သူ သူရဲကောင်း အစစ်အမှန်ဟာ အသင်သာ ဖြစ်ပါလိမ့်မည် )

ကျေးဇူးတင်စွာဖြင့်

ကိကီ

Yu Ya said...

ဖွားကိရေ... ကျွန်တော်က လူတွေကိုပဲ ပြောတာဗျ... အဟီး။

သူတို့က .... နတ်တွေ.နတ်တွေ.။ နတ်တောင်မှ ရိုးရိုးနတ်ဟုတ်ဖူး... အဟီး။ စပယ်ယာ နတ်တွေ.။
ရှုပ်သွားပြီလား။ မူလီတို့..ဘာတို့ အစရှိတဲ့ ဟာတွေလေ။

နှင်းဟေမာ said...

ပို့စ်လေးက အကျိုးများပါတယ် အစ်ကို ရေ...။
သူတစ်ပါးရဲ့ ဒုက္ခကို ကိုယ့်ဒုက္ခသဖွယ် ရှုနိုင်အောင် ဆောင်ကြဉ်းပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားရမယ်ဆိုတဲ့ အသိလေးနဲ့အတူ.........။
အမြဲအားပေးလျှက်ပါ
ခင်မင်စွာဖြင့်
နှင်း

ဝက်ဝံလေး said...

ဟိဟိ ဖွားကိ မန့်တာဖတ်ပြီး ရီသွားတယ် ဟုတ်တယ် ကိုယုယ လုပ်ပေးပါ ဘာတဲ့ Empathy လေးကို ထည့်ပေးပါ ဟဟဟ ဒါဗြဲ ဟိဟိ

ခြေလှမ်းသစ် said...

Empathy ဆိုတဲ့ စကားလုံးလေးရဲ့  အတိမ်အနက် သဘောကို ဒီပိုစ့်လေးဖတ်ရမှ ပိုပြီးတန်ဖိုးရှိသွားတာ အမှန်ပါ

မယ့်ကိုး said...

ဆောင်းပါးလေးကောင်းလိုက်တာ ကိုယုယရေ...

သားကြီး said...

မမကိနဲ့ ကိုယုယရေးထားတဲ့ကွန်မန့်ကိုဖတ်ပြီး
ရယ်သွားတယ် မမကိ တယ်အတွေးကောင်းတာပဲ ဟိုလူဂျီးတွေရဲ့
ခေါင်းထဲမှာEmpathyသာနည်းနည်းကလေး
လောက်ရှိခဲ့ရင် ကျနော်တို့ပြည်သူတွေကောင်းစားတာကြာလှ
ခုတော့ မကောင်းစားဘဲ ကောက်စားဖြစ်နေတယ်
အတွေးအခေါ်ပါတဲ့ပိုစ်လေးပါပဲ
“ကမ္ဘာမြေပေါ်က နတ်တမန်ကလေး”ဆိုတဲ့ခေါင်းစဉ်လေး သိပ်လှတယ်

kohan said...

လာဖတ်သွားပါတယ်ခင်ဗျာ

လသာည said...

လာရောက်သွားပါတယ်။ ကိုယုယရဲ့စာတွေက တကယ့်ကို ဗဟုသုတရှိတာမို့ သေသေချာချာကို ဖတ်ဖြစ်ပါတယ်။ အမြဲအားပေးလျက်

မင်းနေဝေး said...

ခေါင်းစဉ်လေးကောင်းလိုက်တာဗျာ ....
တကယ်ပါပဲ .. နတ်တမန်လေးတွေ .....

rose of sharon said...

ဂရုဏာတရားနဲ့ ကိုယ်ချင်းစာစိတ် လူတိုင်းမှာရှိနေရင် ကမ္ဘာ ကြီး ငြိမ်းချမ်းသာယာနေမှာပါ

jr.lwinoo said...

ပို့စ်ကောင်းလေးလာဖတ်ပါတယ် ကိုယုယရေ။
နောက်ဆို ဘလော့ဂါအချင်းချင်း စာနာနားလည်မှု ဆိုတဲ့ စကားလုံးလေး ပေါ်လာတော့မယ်ထင်တယ်နော်။
း)

မမသီရိ said...

ကိုယ်ချင်းစာတရာတွေ လူတိုင်းရင်ထဲမှာ ရှိနေရင်
ကမ္ဘာကြီး ငြိမ်းချမ်းပြီပေါ့ မောင်လေးရေ

အတွေးနဲ့ တင်ပြပုံလေးလဲ ကောင်းပါတယ်

ဒီဇင်ဘာနှင်း said...

လာဖတ်သွားပါတယ် ကျေးဇူးပါ

သုခုမလေဒီ said...

ထူးခြားတဲ့ခေါင်းစဉ်လေးနဲ့ ထူးခြားတဲ့ပိုစ့်လေးကို ဖတ်သွားပါတယ်။ ကျေးဇူးပါ
အဆင်ပြေပျော်ရွှင်ပါစေ။

စည်သူ said...

ကိုယုယရေ...

ဘာပြောရမှန်းမသိဘူးဗျ...

အောက်ကပုံကို ကြည့်ပြီး..

ခံစားကြည့်တယ်... အောင်မလေး.. မလွယ်ဘူးဗျ..းP

တကယ်တော့ လူတိုင်း.. ကိုယ်စီ ကိုယ်ချင်းစာစိတ် များများ မရှိတောင်မှ နည်းနည်းလေးစီ ရှိကြရင်ပဲ ကျွန်တော်တို့ ကမ္ဘာကြီးက အေးချမ်းလာလိမ့်မယ်လို့ င်ပါတယ်ဗျာ..