ကျွန်တော်တို့ရဲ့ နည်းပညာတက္ကသိုလ် ဘွဲနှင်းသဘင်ကျင်းပချိန် ၂၀၀၄ ခုနှစ် ဧပြီလတုန်းက....။ TOEFL အတွက် USIS မှာ သင်တန်းတက်နေရင်း နောက်ဆုံးစာမေးပွဲ တစ်ခုနဲ့ သွားရောက်တိုက်ဆိုင်နေတာကြောင့် တက်ရောက်ယူပါမည်လို့ Form ဖြည့်ထားသော်လည်းပဲ လွဲချော်ခဲ့ရဘူးပါတယ်။ အဲဒီတုန်းကတော့ သူငယ်ချင်းတွေ တက်ရောက်ယူခဲ့တာကို အိမ်ပြန်ရောက်မှပဲ အေးအေးဆေးဆေး မေးဖြစ်ခဲ့ပါတယ်။ သူတို့ ပြောပြခဲ့ပုံအရနဲ့၊ အပြိုင်အဆိုင် ဓာတ်ပုံရိုက်ချက်တွေကြည့်ရချက်အရတော့ အပူကြောက်တဲ့ ကျွန်တော်အတွက်တော့ မစဉ်းစားတတ်လောက်အောင်ပါပဲ။ ဒါနဲ့ပဲ ဘွဲ့လက်မှတ်လေးကို ကြိုကုန်းကျောင်းမှာ သွားထုတ်ယူပြီး သိမ်းထားခဲ့ရတာပါပဲ။ ဘွဲ့နှင်းသဘင်ခန်းမဆိုတာ ၀မ်းကွဲညီမတစ်ယောက် ဘွဲ့လာယူတုန်းက ဓာတ်ပုံသွားရိုက်ပေးတုန်း တစ်ချက်ပဲ ရောက်ခဲ့ဖူးပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမဆိုတာ ကျွန်တော်ရဲ့ ခပ်လှမ်းလှမ်းမှာသာ ရှိနေခဲ့တာပါ။
ဒီလိုနဲ့ 28.07.2009 နေ့မှာ NTU Convocation 2009 ကို ကျွန်တော် မဟေသီ ဘွဲ့ယူရန် သူမနဲ့အတူ Taxi လေးငှားပြီး Nanyang Auditorium သို့ ညနေ ၄ နာရီခန့်မှာ ထွက်လာခဲ့ပါတော့သည်။ ဘွဲ့ဝတ်စုံအိတ်ကတစ်ဖက်၊ ဓာတ်ပုံရိုက်ဖို့ ကင်မရာအိတ်နဲ့ Tripod က တစ်ဖက်၊ အလုပ်ကိုဖြစ်နေ တော့တာပါပဲ။ ကျောင်းလည်းရောက်ရော။ အားပါး... လူတွေအများကြီးပဲ... ။ ဓာတ်ပုံတွေ အပြိုင်အဆိုင် ရိုက်နေကြတာ..။ ကျွန်တော်လည်း ကင်မရာကို White Balance တွေ၊ Shutter Speed တွေဘာတွေ စမ်းပြီး ကျွန်တော်မဟေသီကို တဖျောင်းဖျောင်း နဲ့နေအောင် ရိုက်တော့တာပဲ (ဓာတ်ပုံ..ကိုပြောတာနော်)။ ဓာတ်ပုံတွေအားလုံး ၄၉၉ ပုံတောင်ရိုက်ခဲ့တာ။ ကွန်ပျူတာထဲ မနည်းသွင်းရတယ် ..မ၀င်ချင်ဘူးလုပ်နေလို့..။
ဓာတ်ပုံတွေလည်း ရိုက်ရင်း ၅နာရီလောက်မှာ ခန်းမထဲဝင်ဖို့ ကျွန်တော်မဟေသီက Register သွားလုပ်ရပါ တော့တယ်။ ကျွန်တော်အတွက်ကတော့ Register လုပ်စရာမလိုဘူး။ ၀င်ဖို့ လက်မှတ်ကလေးကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက စာတိုက်ကနေ (၂)ယောက်စာ ပို့ထားလို့ ရပြီးသား။ ခန်းမထဲအ၀င်လမ်းလေးမှာ ကျွန်တော်မဟေသီတော့ ဘယ်လိုနေလဲမသိဘူး.. ကျွန်တော်ကတော့ ရင်တွေခုန်လာတယ်ဗျာ... ခန်းမအ၀င်က ပျူငှာစွာကြိုဆိုနေတဲ့ ဧည့်ကြိုကောင်မလေးတွေကြောင့် မဟုတ်တာ သေချာပါတယ်။ အဟီး..။

ခန်းမထဲလည်း လူတွေပြည့်လို့ ၅ နာရီ ခွဲကျော်ကျော်မှာ NTU ရဲ့ President နဲ့တကွ သက်ဆိုင်ရာ Professor တွေ ခန်းမထဲ ၀င်လာပြီဖြစ်ပါ၍ မတ်တတ်ရပ်ပြီး ကြိုဆိုဖို့ Announce လုပ်တာကို ကြားလိုက်ရပါတော့တယ်။ President နဲ့ Professor တွေ နေရာယူအပြီးမှာ စင်ကာပူနိုင်ငံတော်သီချင်းသံကို စတင်ကြားရပါတော့တယ်။ သီချင်းပြီးဆုံးလို့ President က အခန်းအနားစတင်ပြီဖြစ်ကြောင်း ကြေငြာပြီးတာနဲ့တပြိုင် EEE ရဲ့ Dean ကနေပြီး မိန့်ခွန်းပြောပါတယ်။ မိနစ် ၂၀ လောက်စကားတွေ ပြောအပြီးမှာ Ph.D ကို ဘွဲ့စတင် ပေးအပ်ပါတော့တယ်။ နောက်ပြီး Master တွေ။Master တွေပေးလို့ တစ်ဝက်လောက်လည်းရှိရော ဘွဲ့ပေးအပ်တာကို ခဏတာရပ်နားပြီးတော့ ဖျော်ဖြေရေးအစီအစဉ်တစ်ခုကို ၁၀ မိနစ်ခန့် စတင်ပါတော့တယ်။ တရုတ်ရိုးရာ စောင်းတီးကွက်လေးတစ်ခုကို တရုတ်မလေးတစ်ယောက်က ကျွမ်းကျွမ်းကျင်ကျင် တီးပြ ဖြေဖျော်သွားပါတယ်။

ဒီမှာ အလျင်းသင့်လို့ တစ်ခုလောက်ပြောချင်တယ်ဗျာ။ အမည်နာမဆိုတာနဲ့ ပက်သက်ပြီးတော့ပါ။ Announcer လုပ်တဲ့ Professor က မြန်မာနာမည်တွေကို တစ်ယောက်မှ ပီအောင် မဖတ်နိုင်ဘူးဆိုတာကို တွေ့ရသလို၊ အရမ်းနဲ့ ရှည်တဲ့ အိန္ဒိယနာမည်တွေ လည်း အများကြီး ကြားရပါတယ်။ ကျွန်တော်တွေ့ရသလောက် ဘွဲ့ယူတဲ့သူရဲ့ ထက်ဝက်ကျော်ဟာ အိန္ဒိယတွေများပါတယ်။ ဒါကြောင့် Announcer လုပ်တဲ့ Professor ရဲ့ လျှာတော့ ဘယ်လိုနေမလဲမသိဘူး.. နည်းနည်းလောက်လိုက်ဆိုခဲ့တဲ့ ကျွန်တော်လျှာတော့ ဒီကနေ့ထိအောင်ကို လိပ်နေသေးတယ်..အဟီး။ မြန်မာနာမည်တွေခေါ်လိုက်လို့ ကြားရတဲ့အသံက ရီစရာကောင်းနေရင် တချို့ တရုတ်တွေက ရီကြပါတယ်။ အိန္ဒိယနာမည် အရှည်ကြီးတွေ ခေါ်လိုက်ရင်လည်း တရုတ်တွေက ရီပြန်ရော။ အစပိုင်းကတော့ ကိုယ်လည်း ရောပြီး လိုက်ရီနေတာပါ။ နောက်တော့မှ အချဉ်ပေါက်လာပြီး ခပ်တည်တည်နေလိုက်တော့မှ ဘေးက တရုတ်က ငြိမ်သွားရော။
ဒါနဲ့ပဲ အားလုံးလည်း ဘွဲ့ယူအပြီး ထူးထူးခြားခြား အစီအစဉ်လေးတစ်ခုအဖြစ် Ph.D ဘွဲ့ရ တရုတ်မလေး တစ်ယောက်က သူ့ရဲ့ (၇) နှစ်တာ NTU တွင် ပညာဆည်းပူးခဲ့သော အတွေ့အကြုံများနဲ့ ကျေးဇူးတင်စကားပြောကြားပြီး သူမရဲ့ သူငယ်ချင်း ၃ ယောက်နဲ့အတူ Vitamin C ရဲ့ Graduation Song သီချင်းကို သံပြိုင်သီဆိုသွားကြပါတယ်။ အခမ်းအနားအပြီးမှာ President နဲ့ Professor များ ပြန်လည် ထွက်ခွာသွားအပြီးမှာ ကြေငြာလာတဲ့အသံတစ်ခုကြောင့် ကျွန်တော်အံအားသင့်သွားခဲ့ရပါတယ်။ “လူကြီးမင်းတို့ခင်ဗျာ... အားလုံးပဲ Buffet သုံးဆောင်ရန်ဖိတ်ကြားအပ်ပါသည်..”တဲ့။ ဒါနဲ့ပဲ ဘွဲ့နှင်းသဘင် ခန်းမထဲက ပြန်ထွက်လာကာ ဓာတ်ပုံအချို့ ရိုက်ပြီး Buffet ခမ်းမထဲကို ၀င်ခဲ့ပါတော့တယ်။
Buffet စားနေကြတဲ့သူတွေကို ဓာတ်ပုံတွေ ခိုးရိုက်ခဲ့တယ်ဗျ။ တစ်ချို့ ဆိုရင် ပလုတ်ပလောင်းစားနေတဲ့ပုံတွေ၊ တစ်ချို့ ကဆိုရင် ပန်းကန်ထဲ အပြည့်အမောက်ထည့်ထားတဲ့ပုံတွေ အများကြီးပဲ အဟီး.. ။ သိရင် စိတ်ဆိုကြမယ်နဲ့တူတယ်။ Buffet စာပြီးတော့ ကျွန်တော်မဟေသီက သူမရဲ့ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ လိုက်ရိုက်ပေးပြီး ည (၉)ကျော်ကျော်လောက်မှာ NTU ကနေပြီး ပြန်လည် ထွက်ခွာလာခဲ့ပါတော့တယ်။
ကိုယ်တိုင်ဘယ်တော့များ တက်ခွင့်ရမလဲဆိုတာတွေးရင်း... Choa Chu Kang သို့။
ကျေးဇူးတင်စွာဖြင့်
yu ya
4 comments:
ဂုဏ်ယူပါတယ်ဗျာ
ပျော်စရာကြီးနော.....
အားကျစရာကြီးနော် မောင်လေးရေ
တက်ချင်စမ်းပါဘိတော့တယ်
မဟေသီအတွက် ဂုဏ်ယူပါတယ် လို့ပြောပေးဦး ကိုယုယရေ ဖတ်ရတာ အားရစရာကြီးပါလား
ကိုမင်းအိမ်ရေ...တကယ့်ကို ပျော်စရာကြီးဗျ.။
မသီရိရေ... ကျွန်တော်လည်း တက်ချင်စမ်းပါဘိ..။
ငှက်ကလေးရေ... မဟေသီက ကျေးဇူးတင်ပါတယ်တဲ့။
Post a Comment