Pages

Saturday, July 11, 2009

Google က ကျုပ်တို့ကိုထုံအသွားစေလေပြီလား။့ (ပထမပိုင်း)


လွန်ခဲ့တဲ့ ၁၀စုနှစ် မှစတင်၍ စာဖတ်ချိန်အများစုကို အင်တာနက် အွန်လိုင်းပေါ်တွင်သာ ကုန်လွန်စေခဲ့ရပါသည်။ ကွန်ယက်ဟာဆိုရင်ဖြင့် ဘုရားပေးသော လက်ဆောင်တစ်ခုဖြစ်ပြီး ကျွန်တော်ကို စာရေးဆရာ တစ်ယောက် ဖြစ်လာစေပါတယ်။ ယခင်က မဆုံးနိုင်သော စာကြည့်တိုက် စင်တန်းများကြား သုတေသန တစ်ခုအတွက် နေ့ရက်ပေါင်းများစွာ မွှေနှောက်ရှာဖွေ နေရသည့် အကြောင်းအရာကို အင်တာနက်က မိနစ်ပိုင်းအတွင်း ထုတ်ပေးနိုင်သည်။ Google Web Site တွင် အနည်းအကျဉ်း ရိုက်ထည့်လိုက်ရုံ၊ Link အချို့ ကို ကလစ်နှိပ်လိုက်ရုံဖြင့် လိုချင်သော သတင်းအချက်လက်များကို တန်းရသည်။ Internet သည် ဘာမှ ရည်ရွယ်ချက် မယ်မယ်ရရမရှိသော အခါများ စူပါမားကတ်ကြီးထဲ အပျော်လျှောက်ကြည့်သလို အသိဥာဏ် ပညာ၊ စပ်စုလိုစိတ်အရ လျှောက်ကြည့်သော နေရာတစ်ခုပင် ဖြစ်သည်။

အခြားသန်းပေါင်းများစွာသော လူသားမျာလည်း ကျွန်တော်လိုပင် ဖြစ်လိမ့်မည် ထင်သည်။ ကွန်ယက်သည် ကမ္ဘာသုံး မီဒီယံတစ်ခု ဖြစ်လာခဲ့သည်။ ကျွန်တော်တို့ရဲ့ စက္ခုနှင့် သောတအာရုံများမှ တစ်ဆင့် စိတ်နှလုံးထဲသို့ သတင်း အချက်အလက် ပုံရိပ်များ အများဆုံး ပို့လွှတ်ပေးနိုင်သော အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့သည်။ မကုန်ခန်းနိုင်ဟုထင်ရသော အသိပညာ သတင်းအချက်အလက် အရင်းအမြစ်များကို ယခုလောက် ချက်ချင်းလက်ငင်း တစ်ထိုင်တည်း ရမည့်အဖြစ်မျိုးကို မည်သူမဆို ရင် လှိုက်သည်းဖို ဂုဏ်ပြုရမည်သာဖြစ်သည်။ အရှိန်အ၀ါကြီးမားသော အွန်လိုင် မဂ္ဂဇင်းကြီး Wired မှ Clive Thompson က “လူသား၏ စဉ်းစားတွေးခေါ်မှု ဖြစ်စဉ်ကို ခုန်ပျံကျော်လွှား တိုးတက်စေသော ဖြစ်ရပ်ကြီး” ဟု ကွန်ယက်ဖွံ့ဖြိုးမှုကို ချီးကျူးခဲ့ဖူးသည်။ မီဒီယာဆိုင်ရာ ပညာရှင် Marshall Mcluhan ကလည်း ၁၉၆၀ ပြည့်နှစ်လွန်များကတည်းက “မီဒီယာဆိုသည်မှာ သတင်းအချက်အလက်များကို တစ်ဖက်သတ် ပေးပို့ရုံသက်သက် မဟုတ်တော့၊ လူတို့အတွက် စဉ်းစားစရာများကို ချပေးသည့်အပြင် လူတို့၏ စဉ်းစားတွေးခေါ်ပုံ ဖြစ်စဉ်ကိုပါ တစ်စုံတစ်ရာ လွှမ်းမိုး ချယ်လှယ်နိုင်စွမ်းရှိနေပြီ” ဟု မှတ်ချက်ပေးခဲ့ဖူးသည်။ ထိုစဉ်က ကွန်ယက်ဆိုသော အရာကြီး မပေါ်ပေါက်ခဲ့သေးပါ။

ကျွန်တော်အပါအ၀င် လူအချို့ အဖို့တော့ ကွန်ယက်သည် ကျွန်တော်တို့၏ အာရုံ စူးစိုက်နိုင်စွမ်းနှင့် အတွေးစိတ်ကူးဖြန့်ကျက်နိုင်စွမ်းကို တတိတိ လှိုက်စား နေသည်ဟု ခံစား လာကြရသည်။ ကျွန်တော်စိတ်က ကွန်ယက်မှ ဖြန့်ဖြူး သည့်အတိုင်း သတင်းအချက်အလက်များကို လွယ်လင့်တကူ လက်ခံ ယူလိုက်ဖို့သာ ကျင့်သားရနေတော့သည်။ တစ်ချိန်တုန်းကတော့ ကျွန်တော်တို့သည် လျှို့ ၀ှက်ဆန်းကြယ် ရေအောက်ကမ္ဘာနှင့် တူသော မကုန်ခမ်းနိုင်သည့် အသိပညာဘဏ္ဍာတိုက်ကြီးထဲတွင် ရေငုပ်ရင်း လူးလွန့်ကူခတ်ရင်း ရင်သပ်ရှုမော လေ့လာကြည့်ခဲ့ကြသည့် ရေငုပ်ဒိုင်ဗျင်သမားများ ဖြစ်ခဲ့ကြဖူးသည်။ ယခုတော့ ကျွန်တော်တို့သည် ရေလွှာထက် တရှပ်ရှပ် တရွရွ လျင်မြန်စွာ ဖြတ်ကျော် ခုတ်မောင်း သွားနိုင်သည် Jet Ski ပေါ်မှ သတ္တ၀ါများ ဖြစ်ခဲ့ကြပေပြီ။

ထိုအတွေ့အကြုံ ခံစားချက်မျိုးကို ကျွန်တော်၏ အခြားသော မိတ်ဆွေများလည်း ပုံစံအမျိုးမျိုးဖြင့် ခံစား ခဲ့ကြရကြောင်း သိရပါသည်။ ကွန်ယက်ပေါ်တွင် အချိန်ကုန်များလာသည်နှင့်အမျှ၊ သမားရိုးကျ ပုံနှိပ်မီဒီယာများမှ စာသားများပေါ် အာရုံစိုက်နိုင်စွမ်း တဖြည်းဖြည်း လျော့ပါးလာရသည်ဟု အားလုံးက တညီညွတ်တည်း ၀န်ခံကြသည်။ အချို့ သော Blog များကလည်း ထိုဖြစ်စဉ်ကို သူတို့လည်း သတိပြုမိကြောင်း ဆိုကြသည်။ အွန်လိုင်း မီဒီယာများအကြောင်း ရေးသားနေသည့် နာမည်ကျော် Blogger Scott Karp ကလည်း ယခုဆိုရင် သူ စာလုံးဝ မဖတ်ဖြစ်တော့ပြီဟု ၀န်ခံသွားခဲ့သည်။ “ကျွန်တော် ကျောင်းသားဘ၀က စာပေဘာသာနဲ့ ဘွဲ့ယူခဲ့တာလေ၊ ကျွန်တော်က စာအုပ်ကြမ်းပိုး တစ်ယောက် ဖြစ်ခဲ့တာပေါ့။ အခုတော့ အင်တာနက်က ကျွန်တော်ကို အပြောင်းလဲကြီး ပြောင်းလဲပေးလိုက်ပြီ။ စာဖတ်တဲ့နေရာမှာ ရေသာခိုချင်စိတ်၊ သက်သာရာ ရှာလိုစိတ်ကို ကျွန်တော် မကျော်လွှားနိုင်တော့ဘူး” ဟု သူက ဆိုခဲ့ပါသည်။ “အခုချိန်ဆိုလျှင် စစ်နှင့် ငြိမ်းချမ်းရေး လို ၀တ္တုရှည်ကြီးမျိုးကို ကျွန်တော်ဖတ်နိုင်တော့မည် မဟုတ်” ဟု သူက ပြောခဲ့ပါသည်။

ထိုသို့ အတွေ့အကြုံ အနည်းငယ်မျှဖြင့် လူတို့၏ စဉ်းစားတွေးခေါ်မှု ဖြစ်စဉ်အပေါ် အင်တာနက်၏ လွှမ်းမိုး ပြောင်းလဲနိုင်စွမ်းကို ကောက်ချက်ချရန် ကြိုးစားမည်ဆိုပါက ဥာဏ်တိမ်လွန်းရာ ကြပေလိမ့်မည်။ အသိစိတ်ဖြစ်စဉ် "Cognition" အပေါ် အင်တာနက်က မည်သို့မည်ပုံ အကျိုးသက်ရောက်သည်ဆိုသည်ကို အသေအချာ သိရှိနိုင်ရန်အတွက် စိတ်ပညာဆိုင်ရာနှင့် အာရုံလှုံ့ဆော်မှုဆိုင်ရာ ပညာရပ်များမှနေ၍ ကာလရှည်ကြာစွာ လက်တွေ့ သုတေသန ပြုဖော်ထုတ်မှုမျိုး လိုအပ်နေသေးသည်။ မကြာသေးခင်က လန်ဒန် ယူနီဗာစီတီ ကောလိပ်မှ Online သုတေသနပညာရှင်တစ်စုက စာတမ်းတစ်စောင် ဖြန့်ချိခဲ့သည်။ ငါးနှစ်ကြာ သုတေသနအစီအစဉ်၏ ရလဒ်အဖြစ် ပေါ်ထွက်ခဲ့သော ထိုစာတမ်းတွင် သုတေသနသမားများအတွက် နာမည်အကြီးဆုံး Website နှစ်ခုဖြစ်သော ဗြိတိသျှစာကြည့်တိုက် Website နှင့် ယူကေပညာရေးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့၏ Website တို့ကို ၀င်ရောက်ကြည့်ရှုသူများ၏ အမူအကျင့်များအား လေ့လာပြီးမှ ကောက်ချက်ချခဲ့ခြင်းဖြစ်သည်။ Website တစ်ခုကို တစ်ခဏသာကြည့်ပြီး နောက် Website တစ်ခုသို့ ပြောင်းသွားတတ်ကြောင်း၊ ပထမ Website တွင် နောက်တစ်ကြိမ် အချိန်ယူ၍ ကြည့်ရှုခြင်းမျိုး လွန်စွာ ရှားပါးကြောင်း တွေ့ရှိခဲ့ကြသည်။ ဆောင်းပါးတစ်ပုဒ် (သို့) စာအုပ်တစ်အုပ်ဆှိုလျှင်လည်း ပထမဦးဆုံး နှစ်မျက်နှာ သုံးမျက်နှာမှလွဲ၍ ဆက်လက်ဖတ်ရှုခြင်းမျိုး လွန်စာ ရှာကြောင်းလည်း တွေ့ရှိခဲ့ကြသည်။

ဒါကြောင့် အွန်လိုင်းစာဖတ်သူများသည် သမားရိုးကျ ပုံနှိပ်မီဒီယာများမှ စာဖတ်သူများနှင့် အမူအကျင့်ချင်း များစွာ ခြားနားကြောင်း သိရှိနိုင်သည်။ ထို့ထက်ပို၍ဆိုရလျှင် စာဖတ်ရှုခြင်းပုံသဏ္ဍာန်သစ်တစ်ခု စတင်ပေါ်ထွန်း လာပြီဟုပင် ဆိုနိုင်လေသည်။ ခေါင်းစဉ်တစ်ခုမှ နောက်ခေါင်းစဉ်တစ်ခုသို့၊ Website တစ်ခုမှ နောက်တစ်ခုသို့ စာဖတ်သူက အလျှင်အမြန် ရွှေ့ လျားသွားသည်။ တစ်နေရာတည်းတွင် အချိန်အကြာကြီး နှစ်မြှုပ်ခြင်းမျိုး မရှိတော့။ Online တွင် စာဖတ်ခြင်းသည် သမားရိုးကျ စာဖတ်ခြင်းနှင့် လုံးဝကွဲပြားခြားနားသည့် သိမှုဆိုင်ရာ ဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့လေပြီ။

၁၉၈၀ ပြည့်နှစ်လွန်များက Tufts University မှ စိတ်ပညာဖွံ့ဖြိုးမှုဆိုင်ရာ ပညာရှင်က "we are not only what we read; we are how we read" ဟုကောက်ချက်ချခဲ့သည်။ ဆိုလိုသည်မှာ ကျွန်တော်ဆို့ ဘာဖတ်သည်ဆိုသည်ထက် ဘယ်လိုဖတ်သည်ဆိုသည်က ကျွန်တော်တို့၏ သိမှုဆိုင်ရာ ဥပဓိသရုပ်ကို ပိုမိုပြဋ္ဌါန်း တော့မည်ဟု ဆိုလိုက်ခြင်းပင် ဖြစ်သည်။ အင်တာနက်က တွန်းအားပေးသော စာဖတ်ပုံစာဖတ်နည်းမှာ (How we read) မှာ လျင်မြန်မှုနှင့် အချိန်တိုအတွင်း လိုရင်းရောက်မှုကို အဓိကထားသော စာဖတ်ပုံစာဖတ်နည်းမျိုး ဖြစ်နေသည်ဟု ရှင်းပြခဲ့ပါသည်။ ပုံနှိပ်မီဒီယာခေတ်က စာသားများအတွင်း နက်ရှိုင်းစွာ ကူးခတ်တွေးတောခြင်း မျိုးကို မျိုးတုန်းပျောက်ကွယ်သွားစေသည်ဟု ၎င်းက ယူဆလျက်ရှိသည်။ စာသားများ၏ နောက်ကွယ်မှ အနက် အမျိုးမျိုးကို ဖွင့်ဆိုဖော်ထုတ်ခြင်းသည် ကျွန်တော်တို့၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် စဉ်းစားတွေးခေါ်မှု ရင့်ကျက်ခြင်းဖြစ်စဉ်ကို များစွာ အထောက်အကူ ပြုသည်။ ယခု အင်တာနက်က ထိုအခြေအနေမျိုးကို တန်ဖိုးမထားတော့ပေ။

Google Company ၏ Mission မှာ တစ်ကမ္ဘာလုံးတွင် ရှိသမျှသော သတင်းအချက်အလက်များကို စနစ်တကျ စုစည်းပြီး လူတိုင်းအတွက် အလွယ်တကူနှင့် အလျင်မြန်ဆုံး အသုံးတည့်ဆုံးဖြစ်အောင် အဆင့်ဆင့် ထုတ်ပေးရေးပင် ဖြစ်သည်ဟု အတိအလင်း ကြေညာခဲ့သည်။ အကြွင်းမဲ့ ပြီးပြည့်စုံသော အင်တာနက်ရှာဖွေရေး အင်ဂျင်တစ်ခုကို ၎င်းတို့ ကြိုးစားတည်ဆောက်နေသည်။ ထိုအင်ဂျင်က သင်ဘာလိုအပ်သည်ဆိုတာကို စမတ်ကျကျ သိနားလည်ပြီး စမတ်ကျသော အဖြေများကို အမြန်ဆုံး ထုတ်ပေးနိုင်လိမ့်မည်။ ထိုအဖြေများသည် သင့်လိုအပ်ချက်နှင့် ကွက်တိဖြစ်ကြောင်း သင်ကိုယ်တိုင် အမြဲအံ့သြတကြီး အသိအမှတ်ပြု လက်ခံကြရလိမ့်မည်။ ဤသည်မှာ Google ၏ Mission လည်းဖြစ် မော်ဒန်လူသား၏ သိစိတ်လှုပ်ရှားတုံ့ပြန်မှုဖြစ်စဉ်ကို ထိန်းချုပ်မောင်းနှင်သော အတွေးအခေါ် ဒိုင်းနမစ်ကြီး တစ်ခုလည်း ဖြစ်ပေသည်။ ပြီးခဲ့တဲ့ နှစ်ကလည်း အစည်းအဝေးပွဲတစ်ခုတွင် “Google အခုကြိုးစားနေတာက ဖန်တီးဥာဏ်ရည် (Artificial Intelligence) နယ်ပယ်ထဲကို ရောက်နေပပြီ။ အဲဒါကို လူတိုင်း သုံးနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ ရည်ရွယ်တယ်လို့” ပြောကြားသွားခဲ့ပါသည်။

သူတို့ပြောသလို သူတို့အောင်မြင်ပါက ကျွန်တော်တို့အားလုံး ပိုပြီး ဟန်ကျပန်ကျ (Better off) ဖြစ်ပေလိမ့်မည် ဆိုသော ယူဆချက်မှာ ကျွန်တော်အတွက်တော့ လက်ခံစဉ်းစားရတာ သိပ်ဟန်မကျလှပေ။ ဖန်တီးဥာဏ်ရည် အတုကြီးက ကျွန်တော်တို့ဦးနှောက်ကို ဖြည့်စွက်မည် သို့မဟုတ် အစားထိုးမည်ဆိုသောအဆိုမှာ မည်သို့ ဟန်ကျနိုင်လိမ့်မည်နည်း။

(ဒုတိယပိုင်း - ဆက်ပါအုံးမည်)

Nicholas Carr ရဲ့ Is Google Making Us Stupid? ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
တစ်ချို့ သော စာပုဒ်များကို အချိန်၊ နေရာ အခက်အခဲများကြောင့် စိတ်မကောင်းစွာဖြင့် ချန်လှပ်ထားခဲ့ရပါသည်။

ကျေးဇူးတင်စွာဖြင့်
yu ya

6 comments:

ငှက်ကလေး said...

ဖတ်သွားတယ် ကိုယုယရေ
ပြောရင်လဲ ငှက်အလွန်ဖြစ်မယ် အခုလေးတင် ကိုယုယ အသစ်မတင်ဘူးလားလို့ မေးမလို့ပဲ ရှိသေးတယ် သူက အသစ်တင်လိုက်ပီ ဟွန့်... ဟွန့်... ဧကန္တ စိတ်ချင်း ဆက်နေတယ် ထင်ပါ့ ဟားးးးဟားးးးးးးးးးးးး
ဆက်ဦးနော် သိလား စောင့်နေမယ် ဘိုင် နော်
ကောင်းတယ် ဆေးလိပ်မသောက်တာ မဟေသီကတော့ ပိုချစ်မှာပေါ့နော် အဟက် ဘိုင် ဘိုင် တာ့တာ

ငှက်ကလေး said...

အသစ်တင်ထားတယ်ဆိုလို့ အပြေးလာတယ် ငှက်စုတ်က ဦးသွားပီ ကဲပြန်ပီ ဟွန်းးးး ဘိုင်

မငုံ said...

မငုံလဲ စာဖတ်ရင် စာအုပ်ကို လက်က ကျကျနနကိုင်ပြီး ဖတ်ရတာ သဘောကျတယ်။ အခုတော့ လိုအပ်တာလေးကိုပဲ search မှာရိုက်ထဲ့ပြီး ရှာဖတ်ဖြစ်တော့ ကိုယုယ ရေးထားသလိုပဲ စာများများ မဖတ်ဖြစ်တော့ဘူး။

minn said...

မှန်တယ်ဗျ ၊၊ အဲဒီလို ဗြိတိသျှလိုရေးထားတာကြတော့ ဖတ်တက်ဘူး ၊၊ အခုလိုဘာသာပြန်ပေးတာကျေးဇူးပါ ၊၊
ဟုတ်လိုက်လေလို့ ဆိုပြီး ဖတ်သွားတယ် ၊၊

အပျင်းတော့ကြီးလာတယ် ၊၊ ဘာကိုမှ ကိုနဲ့ မရှိတော့ဘူး၊၊ ဒါတွေသာ မရှိရင် ဘယ်လိုလုပ်ကြပါ့မလဲ၊၊

မမသီရိ said...

မှန်သင့်သလောက်တော့မှန်ပါတယ် ယုယ ရေ
ဒါပေမဲ့ အကုန်လုံးတော့ ဘယ်ဟုတ်ပါ့မလဲ
အင်တာနက်ဆိုတာကြီးကို အချိန်ပြည့်
အသုံးပြုနိုင်သူ အရေအတွက်က
ကမ္ဘာပေါ်မှာ ခုချိန်ထိ မများလှသေးပါဘူး
ယုယတို့ အမ တို့လို ကံကောင်းသူတွေတချို့သာ
ချမ်းသာတဲ့ နိုင်ငံတွေက နိုင်ငံသား အချို့သာအသုံးပြုနိုင်သေးတဲ့ အနေအထားပါ

အဲဒီအချက်ကို ဘယ်မှာသွားသိသာနေသလဲ ဆိုတော့
ဟယ်ရီပေါ်တာ စာအုပ်ရောင်းအားကိုကြည့်ရင် သိနိုင်တယ်လေ

အင်တာနက်ပေါ်မှာပဲ အချိန်ပြည့်ပျော်နေတတ်သူတွေ ရှိသလိုပဲ စာအုပ်ကို ကိုင်ဖတ်မှ အားရပါးရ ရှိတတ်သူတွေနဲ့ ကိုင်ဖတ်ချင်တဲ့ စာအုပ်တွေလဲ ရှိပါသေးတယ်


အင်တာနက်ရဲ့ အားသားချက်တွေကို တော့ အထွေအထူး ပြောစရာ မလိုတော့ဘူးလေ

ဘာပဲပြောပြော
Google က တို့တွေကို မထုံအ စေသေးပါဘူး

ဒီ Google ကြောင့်ပဲ ယုယတို့ အမ တို့ တွေ
Online စာရေးသူ တွေ အနုပညာ ဖန်တီးမျှဝေသူတွေ ဖြစ်လာခဲ့တယ်လေ..

puluque said...

ကျတော် လည်း တွေးမိနေတာလေ။ ကျတော်ဆို တော်တော်များများ ကိစ္စတွေကို ဂူဂဲလ် ကို အားကိုလွန်းနေတယ်..ကိုယ့်ဟာကို မစဉ်းစားချင်တော့ သလောက်ပဲ..ဘာပဲလိုလို သူဆီမှာ ရှာလိုက်မိတော့တယ်ဗျာ..