Pages

Thursday, July 16, 2009

လူမှုစွမ်းဆောင်ရည်ဆိုသည်...

ပရင်စတန် ဘာသာရေးကျောင်းမှာ ဖြစ်ပါတယ်။ ကျောင်းသား ၄၀ ဟာ တရားဟောပြိုင်ပွဲအတွက် စောင့်ဆိုင်း နေကြတယ်။ ကျောင်းသားတစ်ဝက်ကို သမ္မာကျမ်းစာထဲက ခေါင်းစဉ်တချို့ ပေးထားပြီး ကျန်တစ်ဝက်ကိုတော့ “ဒုက္ခရောက်သူတို့ ကူညီနီတိ” (Parable of the Good Samaritan) အကြောင်း ဟောပြောဖို့ တာဝန် ပေးထားတယ်။ သူတို့ဟာ ပရဟိတနဲ့ ပက်သက်တဲ့ လေ့လာစမ်းသပ်မှု တစ်ခုမှာ ပါဝင်နေရတယ်ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။

တံခါးပေါက်အ၀င်မှာ လူတစ်ယောက်ဟာ နာကျင်မှုကြောင့် ညည်းတွားပြီး ပုံလျက်သား လဲကျနေပါတယ်။ ကျောင်းသား ၄၀ ထဲက နှစ်ဆယ့်လေးယောက်ဟာ ညည်းတွားနေတဲ့သူကို အာရုံမရောက်ဘဲ အသာပဲ ကျော်သွားတယ်။ ဒုက္ခရောက်သူတို့ကူညီနီတိကို လေ့ကျင့်ထားတဲ့ ကျောင်းသားတွေလဲ ဒီထဲမှာ ပါပါတယ်။

ကျောင်းသာတွေအတွက် ဒီနေရာမှာ အချိန်ဟာ အဓိက ကျလာပါတယ်။ တရားပွဲအတွက် အချိန်နောက်ကျ နေပြီလို့ တွေးထားတဲ့ လူဆယ်ဦးအနက် တစ်ယောက်တည်းကပဲ လိုအပ်နေသူကို ကူညီခဲ့တယ်။ အချိန်တွေ အများကြီးရတဲ့ ဆယ်ဦးထဲမှာတော့ ၆ ယောက်က ကူညီခဲ့ပါတယ်။

ပရဟိတလုပ်ငန်းတစ်ခုဖြစ်လာဖို့ လွှမ်းမိုးချယ်လှယ်နေတဲ့ အချက်တွေအများကြီးထဲမှာ “အာရုံစိုက်ဖို့ အချိန်ရတယ်” ဆိုတဲ့ အလွန်ရိုးစင်းတဲ့ အချက်လေးဟာ အတော်အရေးပါနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ဟာ လူတစ်ဦးအပေါ် အချိန်ယူပြီး အပြည့်အ၀ အာရုံစိုက်လိုက်တဲ့အခါ ခံစားချက်ချင်း နှီးနှောမိပြီး စာနာမှုရဲ့ အထွက်အထိပ်ကို ရောက်လာတတ်တယ်။ အာရုံစိုက်မှု တစ်ခုကို ပေးဖို့ဆိုတာမှာ အရည်အချင်း၊ ဆန္ဒချင်း၊ စိတ်ဝင်စားမှုချင်း တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ဥပမာ - အမေလုပ်သူက ဘေးနားက တတွတ်တွတ်ဆူတာကို ခံနေရတုန်းမှာပဲ သမီးလုပ်တဲ့ မှုန်ကုတ်ကုတ်ကောင်မလေးဟာ သူငယ်ချင်းနဲ့ ဖုန်းပြောတဲ့ထဲမှာ ခဏလေးအတွင်းမှာပဲ စိတ်ကို စူးစိုက်ထားနိုင်ခဲ့တယ်။

တရားပွဲအတွက် စိတ်ရောက်နေတဲ့ ကျောင်းသားတွေအဖို့ လူတစ်ဦးကို ကူညီချင်တဲ့ဆန္ဒ ဖြစ်မလာတာ၊ စိတ်ဖြစ်လာတာတောင် တကယ်မကူညီနိုင်တာဟာ သူတို့အလုပ်မှာ သူတို့ကိုယ်တိုင် မြုပ်ဝင်နေပြီး ပျာယာခတ် နေလို့ပဲ ဖြစ်ပါတယ်။ ကူညီဖို့နေနေသာသာ ကိုယ့်ကိုယ်ကိုတောင် ပိုင်စိုးပိုင်နင်း သတိမကပ်မိတဲ့ အခြေအနေဖြစ်ပါတယ်။

ရှုပ်ထွေးနေတဲ့ မြို့ ပေါ်လမ်းတွေမှာ တစ်ယောက်နဲ့ တစ်ယောက် သတိမမူမိတာ၊ နှုတ်မဆက်နိုင်တာ၊ မကူညီနိုင် တာတွေဟာ အဲဒီလို မြုပ်ဝင်သွားတဲ့ “မြို့ ပြမိန်းမောမှု” (Urban Trance) ကြောင့်ပဲဖြစ်တယ်။ ကိစ္စများမြောင် လူတို့ဘောင်ရဲ့ စေခိုင်းမှုတွေကို ခါးတောင်းကျိုက်မဖြုတ်စတမ်း ကြိုးပမ်းနေရလို့ပဲ ဖြစ်ပါတယ်။ ပရဟိတ စစ်စစ်ကို လုပ်ကိုင်ဖို့ ခါးတောင်းကျိုက်ထားရတာကို ခဏဖြုတ်သင့်သလား။ ဒါမှမဟုတ် ကိုယ်နဲ့မဆိုင်ဘူး ကိုယ်မတတ်ဘူးလို့ ထင်ထားတဲ့ ပရဟိတအမည်ခံ စိတ်လွင့်မျောမှုတွေကို ရှောင်ရမှာလားဆိုတာဟာ အကောင်းဆုံးဖြစ်အောင် (အတိုးအလျော့) ညှိယူရမယ့် ကိစ္စပဲ ဖြစ်ပါတယ်။ ကဗျာဆရာတစ်ယောက်ကတော့ ဒါတွေကို “ရှုပ်ထွေးဆူညံ လမ်းပေါ်ကအသံ”တဲ့။

“လူမှုကွာဟချက်” (Social Divides) ဟာလည်း ကျွန်တော်တို့ရဲ့ မျက်လုံးတွေကို ပိတ်ထားပါတယ်။ အိပ်ရာမဲ့တစ်ယောက် ငတ်ပြတ်ပြီး လမ်းပေါ်မှာ အကူအညီတောင်းနေတာကို ဖြတ်သန်းသွားလာနေသူတွေက လျစ်လျူရှုထားနိုင်ပေမယ့် အဝေးမှာ အ၀တ်အစားသပ်သပ်ရပ်ရပ်နဲ့ ရွှင်ရွှင်ပျပျ ပြောနေတဲ့ လူမှုဝန်ထမ်းမလေး စကားကိုတော့ ၀ိုင်းအုံ နားထောင်တတ်ကြတယ်။ လူတွေရဲ့ ဓာတ်ခံစိတ်ပေါ်မူတည်လို့ ဒီပုံစံဟာ ပြောင်းပြန် ဖြစ်သွားနိုင်ပေမယ့် ကျွန်တော်ဆိုလိုချင်တာကတော့ ကျွန်တော်တို့ရဲ့ အာရုံရောက်မှုတွေ၊ ခံစားချက်တွေ၊ စာနာမှုတွေကို လွှမ်းမိုးနေတဲ့ ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ ဦးစားပေးမှုတွေ၊ လူမှုရေးဝင်ဆံ့နိုင်စွမ်းရှိမှုတွေ စတဲ့ လူမှုစိတ်ပညာဆိုင်ရာ အခြေခံတွေ ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။

ရှင်းရှင်းလေး ပြောရမယ်ဆိုရင် အာရုံစိုက်လိုက်တာဟာ ခံစားချက် ဆက်သွယ်မှုကို ဖြစ်စေပါတယ်။ အာရုံရောက်မှု မရှိလို့ကတော့ စာနာမှုဆိုတာ ဘယ်တော့မှ ဖြစ်လာမယ် မဟုတ်ပါဘူး။

ကျွန်တော်ပြောပြနေတဲ့ ဒီအချက်ကို သိပ္ပံနည်းကျ ရှင်းပြနိုင်ပါတယ်။ အာရုံစိုက်မှု Attention မှာ အကန့်အသတ် တွေရှိနေပါတယ်။ အချိန်တစ်ချိန်မှာ အာရုံတစ်ခုကို စိုက်နိုင်ဖို့ မှတ်ဥာဏ်ပမာဏ တစ်ခု လိုအပ်ပါတယ်။ ဒါကို “အလုပ်လုပ်နေတဲ့ မှတ်ဥာဏ်” Working Memory လို့ ခေါ်ပါတယ်။ “သိမှုလွှာ” Prefrontal Cortex မှာ ဒီမှတ် ဥာဏ်က အလုပ်လုပ်နေပါတယ်။ မြင်ကြားနံသိ စတဲ့ ရှေ့ ပိုင်းအာရုံ ထိခိုက်တုံ့ပြန်မှုတွေကို “နောက်ပိုင်း ရုံးလုပ်ငန်း” Backstage Business အဖြစ် ချုပ်ကိုင် ကွပ်ကဲနေပါတယ်။ ဥပမာ - ကြားလိုက်ရတဲ့ စကားတစ်ခွန်းကို ဘာပြန်ပြောမယ်။ ဘယ်လို ပြန်ပြောမယ်ဆိုတာ မှတ်ဥာဏ်ထဲမှာ ရှာဖွေပြီး အပြင်က ၀င်လာတဲ့ Signal တွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် တုံ့ပြန်ပေးပါတယ်။

မိခင်ချဉ်းကပ်လာတာကို တုံ့ပြန်တဲ့ နှစ်နှစ်သား ကလေးငယ်ရဲ့ ရုပ်သွင်ကို ကြည့်ကြဦးစို့။ ကလေးငယ်ဟာ အလိုအလျောက် ငြိမ်သက်သွားတယ်။ အသက်ရှုတာ ညင်သာသွားတယ်။ အမေလာတဲ့ ဘက်ကို လှည့်ပြီး အမေ့ မျက်နှာကို လိုက်ကြည့်တယ်။ အထူးသဖြင့် အမေ့မျက်လုံးနဲ့ ပါးစပ်ကို အာရုံပိုစိုက်တယ်။ ဒီအမူအရာအားလုံးကို သုတေသနသမားတွေက “မျက်မှောင်ကြုတ်စူးစမ်း၊ ပါးစပ်အဟောင်းသားပုံစံ” Knit-brow with jaw-drop လို့ နာမည်တပ်ပါတယ်။ အမေလုပ်တဲ့သူပြောတာ လုပ်တာကို အာရုံခံနိုင်စွမ်း ထက်မြက်စေတဲ့ ပုံစံပဲ ဖြစ်ပါတယ်။

အာရုံစိုက်လေလေ တစ်ခြားသူရဲ့ အတွင်းစိတ်ကို ကျွန်တော်တို့ သိလေလေပါပဲ။ လျင်လျင်မြန်မြန် သိမ်သိမ်မွေ့မွေ့ ခံစားနိုင်လေလေပါပဲ။ အာရုံမစိုက်နိုင်အောင် စိတ်တွေများနေရင်တော့ ကျွန်တော်တို့ စိတ်ထဲမှာ စာနာမှုဆိုတာ ဖြစ်မလာနိုင်ပါဘူး။

ကိုယ့်အတွက်သာသိတဲ့ ကိုယ့်အတွက်သာ စိတ်ဝင်စားတဲ့ Self-Absorption ဆိုတာ ရှိနေရင် “စာနာမှု” Empathy ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ “ကရုဏာတရား” Compassion ဆိုတာကတော့ ဝေးပါလေရော။ ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်လိုက်တဲ့ အခါ ပတ်ဝန်းကျင် ကမ္ဘာကြီးဟာ ကျုံ့ သွားတယ်။ ကျွန်တော်တို့ရဲ့ ပြဿနာတွေနဲ့ ကျွန်တော်တို့ရဲ့ စိတ်စွဲလမ်းချက်တွေဟာ ရှေ့ တန်းကို ပြူးပြူးကြီး ရောက်လာပါတယ်။ တခြားလူ တွေအပေါ် အာရုံကပ်လိုက်တဲ့ အခါမှာတော့ ပတ်ဝန်းကျင်ဟာ ကျယ်ပြန့်လာတယ်။ ကျွန်တော်တို့ရဲ့ ပြဿနာ တွေဟာ ဘေးကို ကပ်သွားပြီး သေးငယ်သွားတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ လူမှုစွမ်းဆောင်ရည် တစ်နည်းအားဖြင့် ကရုဏာနဲ့ ယှဉ်တဲ့ အလုပ်တွေဟာ တိုးပွားများ ပြားလာပါတော့တယ်။

******

- Daniel Goleman ရဲ့ Social Intelligence ထဲမှ ကောင်းနိုးရာရာလေးများကို မျှဝေပေးတာပါ။

ကျေးဇူးတင်စွာဖြင့်
yu ya


5 comments:

ငှက်ကလေး said...

အင်းးးးးးး မျှဝေပေးတော့လဲ ဖတ်၇တာပေါ့ ကိုယုယရာ ဟုတ်ဘူးလားနော့်
ကျေးဇူးနော်

ဘိုင်

မဟာဆန် said...

ကိုယ့်လိုအပ်ချက်ကို သတိမူမိစေတဲ့ ဆောင်းပါးတစ်ပုဒ်ပါပဲ။ ကျွန်မလည်း အာရုံစိုက်ဖို့ အချိန်မပေးနိုင်ခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်။ သူများကို မပြောနဲ့ဦး၊ ကိုယ့်ကိုယ်ကိုတောင် အာရုံစိုက်ဖို့ အချိန်မပေးနိုင်အောင် အလုပ်ရဲ့ ခြေရင်းကို အချိန်ပြည့် ၀ပ်စင်းနေခဲ့မိတယ်။ မိမိကိုယ်ကို သို့မဟုတ် ပတ်ဝန်းကျင်ကို အာရုံစိုက် သတိပေးဖို့ အချိန်မပေးနိုင်တဲ့ အသိုင်းအ၀ိုင်းထဲမှာ ရောက်နေတဲ့သူများ(ကျွန်မတို့လိုပေါ့)အတွက် ဒီဆောင်းပါးဟာ သူငယ်ချင်းကောင်း တစ်ယောက်ပါပဲ။

မင်းအိမ်ဖြူ said...

မေးခွန်းအတွေးပေါင်းများစွာကို သယ်ဆောင်ရင်း ပြန်သွားပါတယ်ဗျာ

Yu Ya said...

*ဟုတ်ပါ့ ငှက်ကလေးရေ...

*မဟာဆန်ရေ... သူငယ်ချင်းကောင်းလေးဆိုရင် အမြဲသတိရနေပါနော်...

*ကိုမင်းအိမ်ဖြူရေ... မေးခွန်းအတွေးပေါင်းများစွာ သယ်သွားပြီးရင် အဖြေအတွေးပေါင်းများစွာ ထွက်အောင်လည်း စဉ်းစားအုံးဗျနော်...

မငုံ said...

သိပ်ကောင်းတဲ့ ပိုစ့်လေးပါ။ ပရဟိတလုပ်ငန်းဆိုတာ အချိန်နေရာဒေသမရွေး ၊လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေးကို စိတ်စေတနာရှိစွာနဲ့ သေးသေးမွှားမွှားလေးကအစ ကူညီနိုင်ခြင်းပေါ့နော်။ ဥပမာ. ဈေးခြင်းတောင်း မ့ ဖို့ မနိုင်ဖြစ်နေသူကို ကူညီပြီး မ့တင်ပေးလိုက်တာလဲ ပရဟိတလို့ ခေါ်တယ်လို့ ထင်တယ်နော်။
အခုလို ဝေမျှထားတာ ကျေးဇူးပါ။