Pages

Saturday, July 11, 2009

Google က ကျုပ်တို့ကို ထုံအသွားစေလေပြီလား။ (ဒုတိယပိုင်း)


ထိုအဆို၏ အခြေခံယုံကြည်ချက်မှား- လူသားဥာဏ်ရည်ဆိုတာ အသေးငယ်ဆုံး သိမှုဆိုင်ရာ အစိတ်အပိုင်းများ အဖြစ် အတိအကျ ခွဲထုတ်နိုင်သော၊ တိုင်းတာနိုင်သော၊ စွမ်းရည်အမြင့်ဆုံး မြှင့်တင်နိုင်သော ယန္တရားဆန်ဆန် ဖြစ်စဉ် တစ်ခုဖြစ်သည်။

ယခု ကျွန်တော်တို့ အားလုံး သိလျက်နှင့်ဖြစ်စေ၊ မသိလိုက် မသိဘာသာဖြစ်စေ၊ စုပြုံဝင်ရောက်နေကြသော Google ၏ Online ကမ္ဘာလောကထဲတွင် ဝေေ၀၀ါးဝါး စိတ်ကူးအမျှင်တန်းပြီး နက်နက်ရှိုင်းရှိုင်း အတွေးနက်ခြင်း မျိုးအတွက် နေရာမရှိတော့ပေ။

သို့လော သို့လော မရေရာခြင်းသဘော (Ambiguity) သည် စိတ်ကူးအသစ်တစ်ခု မီးခတ်ပြီး ပွင့်ထွက်လာသလို ပွင့်ထွက်လာစေမည့် စမှတ်တစ်ခု မဟုတ်တော့ဘဲ အနှေးနဲ့ အမြန် ပြုပြင်ဖြေရှင်းရမည့် ပရိုဂရမ်ကြောင်ကွက် (Bug) တစ်ခုအဖြစ်သာ ၎င်းတို့ မြင်နေကြတော့သည်။

လူသားဦးနှောက်ဆိုသည်မှာ ခေတ်နောက်ကျနေသော ခပ်ထုံထုံ ပီသရီး (PIII) ကွန်ပျူတာ တစ်လုံးပင်ဖြစ်ပြီး မြန်နှုန်းပိုမြင့်သော ပရိုဆက်ဆာ (Processor) ၊ ဒေတာ (Data) အများကြီးပိုဆန့်သော ဟာဒ်ဒစ် (Hard Disk) .. အစရှိသည်များဖြင့် Upgrade လုပ်ဖို့ လိုနေပြီ ဖြစ်ပါသည်။

လူသားဦးနှောက်နှင့် အသိစိတ်ဖြစ်စဉ်သည် မြန်နှုန်းမြင့် Data Processing စက်တစ်ခုသာဖြစ်သည်ဟူသော အိုင်ဒီယာဖြင့် အင်တာနက်ကမ္ဘာကြီးကို တည်ဆောက်ထားကာ၊ အင်တာနက်က ဦးဆောင်သော စီးပွားရေးနှင့် လူမှုရေး ကမ္ဘာကြီး တစ်ခုလုံးကိုလည်း ထိုအိုင်ဒီယာက ဗိုလ်ကျစိုးမိုးနေသည်ကို စိတ်မသက်သာဖြစ်ဖွယ် မြင်တွေ့ နေကြရသည်။

အင်တာနက်ကို ကျွန်တော်တို့ ခပ်မြန်မြန် ရှာဖွေ လှန်လှောနိုင်လေလေ၊ လင့်ခ်များများ ကလစ်နှိပ်ပြီး Web Page များများကြည့်လေလေ Google အဖို့ ကျွန်တော်တို့ အကြိုက် ဘယ်လိုကြော်ငြာတွေ ထည့်ပေးရမည်၊ ဘယ်လို Information တွေ ထုတ်ပေးရမည်ကို ပိုမိုရှင်းလင်းစွာ သိလေလေဖြစ်သည်။

Google အဖို့ ဖြည်းဖြည်းနှင့် ဇိမ်ခံစာဖတ်ခြင်းမျိုး၊ အတွေးနက်နက် တစ်ခါတစ်လေ ခပ်ကြောင်ကြောင်တွေးခြင်း မျိုးကို ကျွန်တော်တို့ ထပ်မလုပ်ရန် အမြဲတစေ ဖိအား ပေးနေမည်သာ ဖြစ်သည်။ ဤအချက်မှာ Google ၏ ငွေးကြေးအကျိုးအမြတ်တစ်ခုတည်းမဟုတ်ဘဲ သိပ္ပံဆိုင်ရာ ယုံကြည် မျှော်လင့်မှု အိမ်မက်ကြီး၏ အခြေခံ အကြောင်းတရားလည်း ဖြစ်ပေသည်။

တစ်ခါတစ်လေ ကျွန်တော်များ အဆိုးသိပ်မြင်နေပြီလား၊ သံသယတွေ များလွန်းနေပြီလားဟု ပြန်တွေးမိသည်။ နည်းပညာအသစ်တစ်ခု ပေါ်လေတိုင်း၊ တီထွင်ဖန်တီးမှု တစ်ခုပေါ်လေတိုင်း မျှော်လင့်တကြီး အကောင်းမြင် ချီးမွမ်းသူတွေ ရှိသလို၊ ထိုကိစ္စအပေါ် သံသယကြီးစွာ အဆိုးမြင်သော ပြောင်းပြန်ရေစီးကြောင်းတစ်ခုလည်း အမြဲ ယှဉ်တွဲ ပေါ်ထွက်လာတတ်သည်။ ပလေတို (Plato) ရဲ့ ဖေးဒရပ်စ် (Phaedrus) ကျမ်းကြီးထဲတွင် စာပေရေးသာ မှတ်တမ်းတင်မှု အလေ့အကျင့် စတင်ဖွင့်ဖြိုးလာသည်ကို ဆရာကြီး ဆိုကရေးတီးက -

(၁) လူတွေက သူတို့ခေါင်းထဲမှာ ဖြစ်ပေါ်ပေါက်ဖွားလာသော အသိဥာဏ်များထက် စာရွက်များပေါ်မှ စာသား စကားလုံးများကို ပိုမိုအားထားလာမည်၊
(၂) သိမှတ်နားလည်မှုဆိုင်ရာ(မှတ်ဥာဏ်) အလေ့အကျင့်များ တဖြည်းဖြည်းပျောက်ကွယ်ပြီး လူတွေ ပိုမေ့တတ်လာစေရန် စာပေအရေးအသား အမူအကျင့်က ဖျက်ဆီးလိမ့်မည်၊
(၃) နဂိုမူလက ခပ်တုံးတုံးသာရှိသော လူများသည် စာအုပ်တွေ အများကြီး ဖတ်လိုက်သောအခါ ပညာရှိယောင်ယောင် ဘာယောင်ယောင် သူတို့ဘာသာ ထင်မြင်သွားနိုင်မည်၊
(၄) အသိပညာများကို စာမျက်နှာများ ပေါ်သို့ အလွယ်တကူ တင်လိုက်နိုင်ပြီး အသိပညာရှာဖွေသူကလည်း ညွှန်ကြားထိန်းကျောင်းမှု တစ်စုံတစ်ရာ မပါဘဲနှင့် အလွယ်တကူ ဖတ်နိုင်၊ အလွယ်တကူ တတ်သိသွားနိုင်သည်။ ထိုအသိဥာဏ်မျိုးမှာ အတုအယောင် အသိဥာဏ်သာဖြစ်ပြီး အရေးအသား ကျမ်းစာများမပါဘဲ မျက်နှာချင်းဆိုင် တိုက်ရိုက်ပို့ချမှု၊ ဆွေးနွေးမှု၊ အငြင်းအခုန်လုပ်မှု၊ တစ်ဖန် ပြန်လည် စဉ်းစားမှု အစရှိသည့် ဖြစ်စဉ်များ မရှိဘဲ တကယ့် ပညာရှိတစ်ယောက် ဖြစ်မလာနိုင်ဟု ....
ဆရာကြီး ဆိုကရေးတီးက ရိုးသားစွာ ပြောဆိုခဲ့ပါသည်။

၁၅ ရာစုတွင် ဂူဒင်ဘတ် (Gutenberg) က ပုံနှိပ်စက်ကို တီထွင်လိုက်ပြန်သည်။ ထိုအခါ အီတလီ ဒဿနဆရာ တစ်ယောက်ဖြစ်သော ဟီရိုနီမို ဆကွာစီရာဖီကို (Hieronimo Squarciafico) က စာအုပ်တွေ အလွယ်တကူ ပေါပေါများများရသောအခါ လူတွေ ဥာဏ်ဖျင်းသွားနိုင် (Intellectual Laziness) သည်ဟု သံသယ ပွားခဲ့သည်။ အချို့ သော ဘာသာရေး ခေါင်းဆောင်များကလည်း စာအုပ်တွေ ပေါပေါများများရပြီး လူတွေ အလွယ်တကူ ဖတ်ကြခြင်းသည် ဘာသာရေးတရားဆိုင်ရာ ကိုးကွယ်ယုံကြည်မှုနှင့် ဒဿနအပေါ် အုပ်စီးထားနိုင်သော သူတို့ (ရောမကျောင်းတော်) ၏ သြဇာအာဏာကို လှိုက်စာလိမ့်မည်ဟု စိုးရိမ်ကြသည်။ နယူးယောက်တက္ကသိုလ်မှ သမိုင်းပါမောက္ခ ကလေးရှာကီ ( Clay Shirky ) က အထက်ပါအဆိုအများစု မှန်ကန်ကြောင်း၊ ထိုမျှမက အကောင်းဆုံး ရှေ့ ဖြစ်ဟော နိမိတ်ဖတ်ချက်များပင် ဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ သို့သော် အားလုံး သိပြီးကြသည့်အတိုင်း ပုံနှိပ်စက်က လူ့ယဉ်ကျေးမှု၏ ဘဏ္ဍာတိုက်ကြီး ပိုမိုကြွယ်ဝစေရန် အများကြီး ထည့်ဝင်သွားခဲ့ပေသည်။

ကျွန်တော်၏ သံသယ၀ါဒကို မိတ်ဆွေလည်း သံသယ ပြန်ပွားနိုင်ပါသည်။ အင်တာနက်ကွန်ယက်ကို သံသယ ပွားသူများသည် အတိတ်လွှမ်း ခေတ်နောက်ပြန်ဆွဲနေသူများလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့ရာတွင် အင်တာနက်သည် ဆိုကရေးတီး ကြောက်ခဲ့သော အက္ခရာစာသားများလို၊ ရောမကျောင်းတော်ကြီးက ကြောက်ခဲ့သော ပုံနှိပ်စက်လို၊ အခြားသူများကြောက်သော အခြားသော တီထွင်မှု နည်းပညာ ပစ္စည်းများလို အရာအားလုံးကို ပေါင်းစည်းထားခြင်းဖြစ်ပြီး ထို့ထက်ပင် ပိုနိုင်သည်ဟု ကျွန်တော် တွေးကြောက်နေမိပါသည်။

ပုံနှိပ်ထားသော စာမျက်နှာများကို အတွေးနက်နက်ဖြင့် ဖတ်ရှုခြင်းသည် စာရေးဆရာများ၏ စာသားများထဲမှ အတွေးအသိများကို တိုက်ရိုက်ရယူရုံမျှမက ကျွန်တော်တို့၏ စိတ်သဏ္ဌာန်အတွင်း သိမှုဆိုင်ရာ တုန်ခါ လှုပ်ရှားမှုများ၊ ဆင့်ပွားကယက်ထမှုများ ဖြစ်ပေါ်စေရန်လည်း စာလုံးစာသားများက ဖန်တီးပေးသေးသည်။ သမာဓိတည်ကြည်စွာ၊ ဈန်ဝင်စွာ စာအုပ်တစ်အုပ်ကို ဖတ်ခြင်း သို့မဟုတ် အခြားအတွေးတစ်ခုကို တည်ကြည်ပြီး တစ်ဆုံးတစ်စ နက်ရှိုင်းခြင်းများသည် ကျွန်တော်တို့၏ မိမိကိုယ်ကိုဖွဲ့စည်းမှု၊ ကျင့်ဝတ်နှင့် အသိဆိုင်ရာ ကောက်ချက်ဆွဲမှု၊ ပုံဆောင်မှု စသည်အားဖြင့် ကျွန်တော်တို့၏ ကိုယ်ပိုင် အိုင်ဒီယာ မွေးဖွားထုတ်လုပ်သော ရေခံမြေခံများ ဖြစ်ပါသည်။ တရှိုက်မက်မက် စာဖတ်ခြင်းနှင့် အတွေးနက်နက်တွေးခြင်းသည် ခွဲခြား၍ မရစကောင်းသော ဖြစ်စဉ်နှစ်ခုဖြစ်သည်ဟု ကျွန်တော် ယုံကြည်ပါသည်။

အကယ်၍ ထိုသို့သော သီးခြားကိုယ်ပိုင်အတွေးကမ္ဘာလေးများကို ကျွန်တော်တို့ ဆုံးရှုံးရမည်ဆိုပါက သို့မဟုတ် ထိုကမ္ဘာလေးထဲသို့ အခြားအကြောင်းအရာများ အတင်းအကျပ် သွတ်သွင်းခံရမည်ဆိုပါက ကျွန်တော်တို့ ကိုယ်တိုင်နှင့် ကျွန်တော်တို့ လူသား ယဉ်ကျေးမှုထဲမှ အဖိုးမဖြတ်နိုင်သော တစ်စုံတစ်ရာကို စတေးလိုက်ရတော့ မည်ဖြစ်ကြောင်း ကျွန်တော် အသေအချာခံစားနေမိပါသည်။

လူတွေ၏ အသိတရားသည် နက်ရှိုင်းမှုထုထည်နှင့် ဇောက်မရှိတော့ဘဲ ကွန်ယက်သဖွယ် ဘေးတိုက် ပြန့်ကား၊ အဆုံးမဲ့ ပြန့်ကားပြီး ထုထည်မဲ့လုနီးပါး တဖြည်းဖြည်း ပါးလျားလာသည်ဟု ကျွန်တော်လည်း မြင်ပါသည်။ ခလုတ်တစ်ချက် နှိပ်တတ်ရုံဖြင့် သိချင်တာ အကုန်ရမည်ဆိုသော အင်တာနက်ကွန်ယက်က ထိုသို့ ပါးသည်ထက် ပါးအောင် တိုက်စားပေးနေသည်။

ကမ္ဘာလောကကြီးကို ဘယ်လိုနားလည်မလဲဆိုတာ အင်တာနက် ရှာဖွေရေး အင်ဂျင်တွေ၊ ကွန်ပျူတာတွေ အပေါ်မှာ လုံးလုံးလျားလျားကြီး အားကိုးနေသည်နှင့်အမျှ ကျွန်တော်တို့၏ ကိုယ်ပိုင်လူသား အသိဥာဏ်များသည် ဖန်းတီးဥာဏ်ရည် (Artificial Intelligence) အဖြစ်သို့ တဖြည်းဖြည်း လျှောကျ ပြားချပ်သွားလိမ့်မည်ဟု ဟောကိန်း ထုတ်ထားကြပါသည်။ ထိုအတိုင်းလည်း ကျွန်တော် ယုံကြည်ပါသည်။

မိတ်ဆွေတို့ကတော့ ရယ်သွမ်းသွေးချင် သွေးနေမှာပေါ့။

(ပြီးပါပြီ)

Nicholas Carr ရဲ့ Is Google Making Us Stupid? ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
တစ်ချို့ သော စာပုဒ်များကို အချိန်၊ နေရာ အခက်အခဲများကြောင့် စိတ်မကောင်းစွာဖြင့် ချန်လှပ်ထားခဲ့ရပါသည်။

ကျေးဇူးတင်စွာဖြင့်
yu ya

5 comments:

Cioara Andrei said...

Foarte interesat subiectul postat de tine, m-am uitat pe blogul tau si imi place ce am vazu am sa mai revin cu siguranta.
O zi buna!

မဟာဆန် said...

ဒီလို ဗဟုသုတ ဖြစ်စေမဲ့ ပို့စ်လေးတွေ ဝေမျှလို့ ကျေးဇူးတင်ပါတယ်ရှင်။ လေ့လာသွားပါတယ်။ ဘာသာပြန်စွမ်းရည်ကိုလည်း ချီးကျူးမိတယ်။

မငုံ said...

ဒုတိယပိုင်းကိုလဲ လာဖတ်သွားပါတယ်။

မင်းညို said...

ဟုတ်တယ်...အင်တာနက်သုံးဖို့ လွယ်ကူတဲ့နေရာရောက်လာကတည်းက သတင်းအချက်အလက်တွေကိုပဲ ဂရုစိုက်မိနေတယ်..။ စာဆိုရင်တောင် ဘလော့တွေ..ဂျာနယ်တွေက စာတွေပဲ လိုက်ဖတ်မိနေတယ်..ခပ်မြန်မြန်ရစေတဲ့ သတင်းမျိုးတွေပဲ စိတ်ဝင်စားနေမိတယ်..။ စာအုပ်ကောင်းတွေဖတ်ဖို့ အာသီသ ပျောက်နေတယ်..အတွေးအခေါ်တွေလည်း ကောင်းကောင်းမထွက်တော့ဘူး..။ ဘာသာပြန်လေးတွေ ဆက်ရေးဖို့ အားပေးပါတယ်..။

ငှက်ကလေး said...

ဝေးးးး ကိုယုယ စိတ်ဝင်တစားဖတ်သွားတယ် ဗျိုးးး အခုလို မျှဝေပေးတာ ကျေးဇူးပါနော် သိသင့်တာလေးတွေ သိသွားတာပေါ့ ဟုတ်ဖူးနားနော်

ဘိုင်