Pages

Thursday, June 25, 2009

တနင်္လာနေ့ ကြောက်သူများ


လွန်လွန်မင်းမင်း ကြောက်ရွံ့ ခြင်း (Phobia) ဆိုတာ လူတွေ၊ အရာဝတ္ထုပစ္စည်းတွေ၊ လုပ်ရှားမှုတွေနဲ့ အချို့ အချို့ သော အခြေအနေတွေအပေါ်မှာ အကြောင်းမဲ့ ယုတ္တိမရှိပဲ ပြင်းပြင်းထန်ထန် လွန်လွန်ကဲကဲ စွဲစွဲမြဲမြဲ ကြောက်ရွံ့ ပူပန်မှုတစ်ခုကို ပြောတာပါ။ ဒီရောဂါရဲ့ အဓိက လက္ခဏာကတော့ ကြောက်ရွံ့ တဲ့ အကြောင်းအရာတွေကို ရှောင်ရှားဖို့ ရန် လွန်ကဲပြီး အကျိုးသင့် အကြောင်းသင့် မဟုတ်တဲ့ လိုအင်ဆန္ဒတွေပါပဲ။

တစ်ခါက သူငယ်ချင်းတစ်ယောက် စင်ကာပူကို လာလည်တော့ အလုပ်ရှာနေဆဲ အခြားသူငယ်ချင်း တစ်ယောက်ကို မင်းဘယ်မှာနေလဲ လို့ မေးမိပါတယ်။ အလုပ်ရှာနေဆဲဖြစ်တဲ့ သူငယ်ချင်းကလည်း ရောက်တာမှ ၂ ပတ်လောက်ရှိ သေးတာဆိုတော့ ရေရေလည်လည် မရှင်းပြတတ်ဘူးနဲ့ တူပါတယ်။ သူဖြေလိုက်တာက အစိမ်းရောင် MRT လိုင်းမှာ နေတယ်လို့ လွယ်လွယ်ဖြေလိုက်ပါတယ်။ ဒါနဲ့ပဲ အလည်ရောက်နေတဲ့ သူငယ်ချင်း မှတ်ချက်ပေးလိုက်တာက “သြော်.. ဒါဆို.. မင်းနေတာက အစိမ်းရောင် လိုင်းဆိုတော့ စိမ်းစိမ်း ကားကားကြီးပေါ့.နော်” ဆိုပြီး ကောက်ခါငင်ခါ ပြောလိုက်ပါတယ်။ ဘာပြောကောင်းမလဲ .. အလုပ်ရှာနေဆဲ သူငယ်ချင်းက အားရပါးရကို ကော်ဆဲတော့တာပဲ... နောက်ပြီး သူက အလည်လာတဲ့ သူငယ်ချင်းကို ပြန်ပြောလိုက်သည်ကား “မှတ်ထား.. ငါနေတာက စိမ်းလန်းစိုပြေမှာ နေတာ၊ မင်းကြီးတော် စိမ်းစိမ်းကားကားမဟုတ်ဘူး” ဆိုပြီးတော့လေ။ ကျွန်တော့မှာ ရယ်လိုက်ရတာဗျာ..။ အဲဒီ အလုပ်ရှာနေတဲ့ သူငယ်ချင်းအကြောင်း ကြုံကြိုက်တုန်း (မြန်မာလိုဆိုရင် အယူသီးတယ်ခေါ်မလား၊ အကျအနကောက်တယ် ခေါ်မလားပဲ) ပြောပြချင်လို့ပါ။ အလုပ်ရှာနေဆဲကာလမှာ ယတြာချေတော့ ဘုရားကို ဘာကပ်တယ်ထင်သလဲဗျ။ မင်းဂွတ်သီးပါတဲ့ဗျာ။ သူ့ရဲ့ idea က ဘာလဲဆိုတော့ “မင်း (ဘုရင်) တောင် Good သေးတာ၊ ငါက ဘာလို့ မ Good ရမှာလဲ” တဲ့လေ။ တစ်ချို့ လူတွေရှိတယ်ဗျ.. အများကြီးကို တွေ့ ဖူးပါတယ်။ ပြောလိုက်တဲ့ စကားလုံးတိုင်းပေါ်မှာ လွန်လွန်မင်းမင်းကို အထအနကောက်တော့တာပဲ။ အဲဒီလို ဆိုရင်တော့ သူတို့မှာ (Logophobia) ရောဂါ ရနေပြီလို့ ဆိုနိုင်ပါတယ်။ (Logophobia) ဆိုတာ An Obsessive Fear of words ပါတဲ့။

ဒီလိုပါပဲ အလုပ်လာရှာတဲ့ သူငယ်ချင်းတစ်ယောက် - သူက Mechanical Engineer တစ်ယောက်ပါ။ သူ့ရဲ့ English Speaking Efficiency ကတော့ သူလို ကိုယ်လိုပဲဗျ။ (သူလို ကိုယ်လို ဆိုကတည်းက ကျွန်တော်လည်း ပါသွားပြီနော် :P..) ကျွန်တော်တို့ မြန်မာလူမျိုး တော်တော်များများက Four Skills မှာ ဆိုရင် Speaking Skill ကို အားနည်းကြတယ်။ (ဟုတ်လားမသိဘူး... မဟုတ်ရင်လည်း ပြောကြပါအုံးနော်) ။ အဲဒီသူငယ်ချင်းက သူဒီကို မလာခင် ဘာတွေပြင်ဆင်ခဲ့ရမလဲဆိုပြီး ကျွန်တော်ကိုမေးတော့ လူတတ်ကြီးလုပ်ပြီး English Speaking နဲ့ Chinese Speaking တက်ခဲ့ဖို့ ပြောခဲ့ပါတယ်။ မဟုတ်ရင် Phone Communication တွေမှာ ဒုက္ခရောက်လေ့ ရှိပါတယ်လို့ သူ့ကို ပြောပြခဲ့တယ်။ ဒီသူငယ်ချင်းက ကျွန်တော်စကား တသွေမသိမ်း နားထောင်တယ်ဗျာ။ အချိန်မရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာမှ တတ်မလာဘူး။ ကောင်းရော။ ဒါနဲ့ပဲ အလုပ်ကတော့ ဟိုလိုလို ဒီလိုလိုနဲ့ ရသွားတယ်ဆိုပါတော့ဗျာ။ အဲဒီမှာ စတွေ့တာပဲ။ သူ့အလုပ်က သူ့ကို ဖုန်းခေါ်ပြီး ပြောလာတာတွေကို နားမလည်လို့ဆိုပြီး ဖုန်းကို တစေတစ်ကောင်လို ကြည့်နေတတ်တယ်။ အားလပ်ရက်တွေ ဖုန်းလာရင် ဖုန်းကိုင်ဖို့ ကြောက်နေတတ်တယ်။ သူပြောတာ ကိုယ်မသိ၊ ကိုယ်ကပြောချင်တာကိုလည်း ထိထိရောက်ရောက် မပြောနိုင်။ ဒါနဲ့ပဲ အင်္ဂလိပ် စကားပြောရမှာကို ကြောက်သွားကြတော့တာပဲ။ အဲဒီလို စကားပြောရမှာကို ကြောက်ပြီး စကားမပြောရဲတော့ဘူးဆိုရင်တော့ သူတို့မှာ (Halophobia) ရောဂါ ရသွားပြီပေါ့။ (Halophobia) ဆိုတာ Fear of Speaking ပါတဲ့။

ဒါနဲ့ ပြီးခဲ့တဲ့ အပတ်ကထင်တယ် ... သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောဖြစ်တော့ အဒေါ်ကြီး တစ်ယောက်အကြောင်း ပြောပြပါတယ်။ သူ့ သူငယ်ချင်းရဲ့ အမေပါတဲ့။ ခရမ်းရောင်လိုင်း MRT ကို လုံးဝ မစီးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ - ခရမ်းရောင်လိုင်း MRT က ရထားက မောင်းတဲ့လူလည်း မပါဘူး ဒီကြားထဲ မြန်လည်းမြန်လို့ မစီးရဲဘူးဖြစ်နေတယ်တဲ့ဗျာ။ ဒါနဲ့ပဲ ခရမ်းရောင်လိုင်းက နေရာတွေကို သွားမယ်ဆိုရင် ကားပဲ စီးသွားကြရပါတယ်တဲ့။ သူ့ရဲ့ အတွေ့ အကြုံက မြန်ရင် ဘာဖြစ်ခဲ့လဲမှ မသိတာနော်။ ဒါကြောင့် အဲဒီ အန်တီကြီးလို လူမျိုးတွေဆိုရင်တော့ (Tacophobia) ဖြစ်တယ်လို့ပဲ ပြောလို့ ရပါတယ်။ Tacophobia ဆိုတာ Fear of Speed ပါတဲ့။

ကိုမင်းအိမ်ဖြူ ကတော့ အနင်းခံရလို့ နာကျင်မှာကို မကြောက်ဘူးဗျ... သူကိုတော့ Algophobia ကင်းမဲ့သူအဖြစ် လေးစားစွာ အသိအမှတ် ပြုပါတယ်ခင်ဗျာ :P

ဒီလိုမျိုး လွန်လွန်မင်းမင်း ကြောက်ရွံ့ မှုများဟာ ပြင်ပအဖြစ်အဖျက်တွေနဲ့ အတွင်းပင်ကို ဗီဇတွေကြောင့် ဖြစ်ပေါ် လာတာလို့ ယေဘူယျ ယူဆထားကြပါတယ်။

ကုထုံးတွေ အများကြီးရှိပေမယ့် ဘယ်ကုထုံးကမှ ထိထိရောက်ရောက် အကျိုးသက်ရောက်မှု ရှိတာကို သက်သေပြနိုင်တာ မရှိသေးပါဘူး။ လူပေါ် မူတည်ပြီးတော့ပဲ ကုထုံးတွေကို ပြောင်းပေးတတ်ပါတယ်။

ဒါနဲ့ စကားမစပ်ဗျာ... ခင်ဗျားတို့ တနင်္လာနေ့ကို ကြောက်ကြလားဗျ... ရုံးတက်ရတော့မှာမို့လို့လေ။ ဒါဆိုရင်တော့ ခင်ဗျားတို့မှာ လွန်လွန်မင်းမင်း ကြောက်တတ်တဲ့ ရောဂါ တစ်ခု ရှိနေပြီသာ မှတ်ထားလိုက်ကြပေတော့.. lol..lol.။

*** Monday နေ့ရောက်မှာကို ကြောက်တတ်တဲ့ သူငယ်ချင်းတစ်ယောက်သို့ အမှတ်တရ***

ကျေးဇူးတင်စွာဖြင့်
yu ya



7 comments:

မယ်ကိုး said...

phobia တွေ ခဏခဏဖတ်ဖူးပေမယ့် အမြဲ ပြန်ပြန်မေ့ သွားပါတယ်။
ရေးထားတဲ့ ဆောင်းပါးလေးက ဖတ်လို့ ကောင်းလို့  အခုနည်းနည်း ထပ်မှတ်လိုက်ဦးမယ်။

လင်းဒီပ said...

စာကောင်းလေးဖတ်သွားပါတယ်...။

မင်းအိမ်ဖြူ said...

တကယ်ကို ဖတ်စရာ မှတ်စရာကောင်းတဲ့ ဆောင်းပါးလေး ပါ ၊၊ (ဒါ့ကြောင့် ကြော်ငြာတင် တာပေါ့)

ဟီဟိ ခရမ်းရောင်လိုင်းမှာ တို့သူငယ်ချင်းတစ်ယောက် က Control လုပ်နေပါတယ် ဆိုရင်တော့ ဘယ်သူမှ စီးမှာ ဟုတ်တော့ဘူး D: , သူကစာတွေမဖတ်ဘူးဟုတ် ပြန်ပြောနဲ့နော် )

ကိုမင်းအိမ်ဖြူက အနင်းခံရမှာ ကြောက်တာဟုတ်ပါဘူး နော် ... ကြောက်တက်ပါတယ်
မေတ္တာရင်းနဲ့ ပေးဆပ်ခြင်းလို့ ဆိုလိုတာပါ
(ငါဆိုတဲ့ အတ္တစွဲ အတွက် ငါ့ဘက်က နစ်နာလေ ခြင်း ရယ်လို့ မမှတ်ဘူးလို့ ဆိုလိုတာပါ ကောင်လေးရယ် ငှဲငှဲ... ငှဲငှဲ )

တချို.ချို.က ငါ့မှာတော့ အစော်ကားခံရလေ ခြင်းရယ်လို့ ကိုယ့်ကိုယ့်ကို လူသနားအောင် ပြောတက် ကြလွန်းလို့ ရယ်ပါ (သက်ဆိုင်သူသို့ ...ပို့မေတ္တာ တေးလွှာ ခြွေ ၊ ဘေးဘရာတွေ..... ဝေးပါစေ.... သပြေနု ငွေခရု .... ဇေရတု ...... ပြုမယ်မသွေ .....မောင့်မေတ္တာ ... မောင့် မေတ္တာ ... ) သီချင်းနော် သက်ဆိုင် သူသို့ တဲ့

Anonymous said...

ကြောက်တတ်တာတွေကို လိုက်ပြီး အမျိုးအစားခွဲထားတာတော့ ဟုတ်ပါပြီ .. Monday ကို ကြောက်တဲ့ သူတွေဆိုရင်ရော ဘယ်လိုခေါ်မလဲ ....

Mondaphobia ခေါ်မလား ... haha
သဘောကျတယ်ဗျို့ ...
:D
နေဒေးသစ်။

Yu Ya said...

*မယ်ကိုးနဲ့ ကိုလင်းဒီပရေ...ကျေးဇူးတင်ပါတယ်..

*ကိုမင်းအိမဖြူရေ...ဟုတ်တယ်. ကျွန်တော်လည်း ခရမ်းရောင်လိုင်းကို ဘယ်တော့မှ မလာဘူး.. အဟီး. အခုက ခရမ်းရောင် လိုင်းတင်မဟုတ်ဘူး.. Main Control မှာပါ သူငယ်ချင်းတွေ ရှိနေကြပြီဗျ... ဘုရား..ဘုရား..မတွေးဝံစရာပါလား..။

*ကိုနေဒေသစ်ရေ... Mondays နေ့ကို ကြောက်တဲ့သူတွေကို Lunaediesophobia လို့ ခေါ်ပါတယ်ခင်ဗျာ။

Shinlay said...

ကျမကတော့ တနင်္လာနေ့ ဆို အရေးကြီးတဲ့ကိစ္စ သိပ်မလုပ်ချင်ဘူး။ ၂ခါပြန်လုပ်ရလို့ ။

မျက်မှန်လေး said...

တနလာင်္နေ့ကိုကြောက်တဲ့ထဲမှာပါပါတယ်။
ဟီး၂
ရုံးကိုမတက်ချင်ဘူး။
ပျင်းတင်းတင်းကြီး