Pages

Saturday, June 27, 2009

ပဉ္စမအသိ (သို့) စပ်စုမိတဲ့ စကားလုံး


မနေ့ ညက Internet Surfing လုပ်ရင်းနဲ့ မမျှော်လင့်ပဲနဲ့ စာလုံးတစ်လုံးတွေ့မိရာက အစပြုခဲ့ပြီး ဒီအကြောင်းကို ရေးမိသွားတာပါ။ သိတတ်စအရွယ်ကတည်းက ဒီစာလုံးရဲ့ ခပ်လှမ်းလှမ်းမှာပဲ နေခဲ့မိတော့ ကိုယ်နဲ့ သိပ်ပြီးတော့ မဆိုင်သလိုလို၊ မပက်သက်သလိုလို ရှိနေခဲ့တာကြောင့် ဒီစာလုံးအပေါ် စိတ်ဝင်စားမှု မရှိခဲ့တာအမှန်ပါ။

ဒီလိုနဲ့ အချိန်တန်လို့ တက္ကသိုလ်ကျောင်းတွေဖွင့်တဲ့အခါမှာလည်း ကိုယ်ရဲ့ ဘ၀ပေးအခြေအနေအရ ဒီစာလုံးရဲ့ ခပ်လှမ်းလှမ်းမှာပဲနေခဲ့ပြီး စိတ်မ၀င်စားခဲ့မိတာ အမှန်ပါ။ ဒါပေမယ့် ဒီစာလုံးအာနိသင် ကျွန်တော်အပေါ် ပထမဆုံး ရိုက်ခတ်လာတဲ့ ခံစားမှုကိုတော့ တက္ကသိုလ်ရဲ့ (၅) တန်းနှစ် ကုန်ခါနီးမှာ ရုတ်တရက် ဝေေ၀၀ါးဝါး သိလိုက်ရတယ်။ အဖြစ်အဖျက်က ဒီလိုပါ။ ကျွန်တော်သူငယ်ချင်းတစ်ယောက် ကျွန်တော်အခန်းထဲဝင်လာပြီး ကျွန်တော်ရင်ဘတ်ပေါ် မျက်နှာအပ်ပြီး ငိုခဲ့တော့တာပဲ။ အကြောင်းအရင်းကို မေးကြည့်တော့ သူ့ကောင်မလေး ရန်ကုန်မှာ ကျောင်းတက်နေတုန်း တစ်ခြားကောင်လေးတစ်ယောက်နဲ့ ဘာလိုလို ညာလိုလိုပေါ့ဗျာ။ ဒီသတင်းက တော်တော်လေးခိုင်မာတယ်တဲ့။ အခြားသူငယ်ချင်းတစ်ယောက်ရဲ့ ညီက သူ့ကောင်မလေးကျောင်းကဆိုတော့ သတင်းတွေက အမြဲပြန်ရောက်နေတာတဲ့။ သူငယ်ချင်းရဲ့ တိုင်ပင်မှုတွေ၊ ဆုံးဖြတ်မှုတွေအပေါ် ကျွန်တော်ရဲ့ မပြည့်ဝနိုင်သေးတဲ့ တစ်ထွာတစ်မိုက်အသိလေးနဲ့ အကောင်းဆုံး အကြံဥာဏ်တွေ ပေးခဲ့မိပါတယ်။ ဒါနဲ့ပဲ ဒီစကားလုံးအပေါ် သူငယ်ချင်းရဲ့ ခံစားချက်လေးတွေကို ကိုယ်ချင်းစာနာစိတ်နဲ့ မသိစိတ်က သိသလိုလိုနဲ့ သိစိတ်က မသိသလိုလို ဖြစ်ခဲ့မိတာ “ပထမအသိ”ပေါ့။

ဒုတိယ အကြိမ်ကတော့ ငယ်သူငယ်ချင်းတစ်ယောက်ပေါ့။ သူက ကျွန်တော်တို့နဲ့ လိုင်းမတူပါဘူး။ ကျွန်တော်ဆိုလိုတာက ကျွန်တော်တို့ ကျောင်းပြီးလို့ ယောင်ခြောက်ဆယ် ဖြစ်နေတဲ့အချိန်ကတည်းက သူက မိဘပိုင် စီးပွားရေးလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေပြီးတော့ လူကြီးတစ်ယောက်ရဲ့ အတွေးအခေါ်တွေကို အနည်းငယ်မျှ ပိုင်ဆိုင်နေပြီး ဖြစ်နေတဲ့ အချိန်ပါ။ ဒါပေသည့် သူလည်းလေ လောကီသားပေမို့ ဒီစကားလုံးကို မကြုံချင်ပါသော်လည်း သူ့ဘ၀ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့သည်။ အဲဒီနေ့က မိုးမရွာပါဘူး။ ရာသီဥတုအားလုံးလည်း ကောင်းနေပါတယ်။ ဒါပေမယ့် ဒီသူငယ်ချင်းအိမ်ပေါ် တက်လာပြီးတော့ “သွားပါပြီကွာ” လို့ ဆိုခဲ့တဲ့ အသံကိုတော့ ဒီနေ့ထိ ကြားရောင်နေဆဲပါ။ ဖြစ်ပုံက သူအရမ်းနဲ့ ချစ်တဲ့ကောင်မလေးက သူ့ဖွင့်ပြောလိုက်တဲ့ နေမှာပဲ သူ့ကို ငြင်းလိုက်ပါတယ်တဲ့။ အဲဒီမှာတင် ဒီစကားလုံးလည်း သူငယ်ချင်းရဲ့ ဘ၀ထဲကို ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာခဲ့ပြီး ကျွန်တော်ကို ရင်လာဖွင့်တော့တာပဲ။ ဒါက ဒီစကားလုံးအပေါ် သိတဲ့ “ဒုတိယ အသိ” ပါ။

နောက်တစ်ယောက်ကတော့ တက္ကသိုလ်ကျမှ သိခဲ့ရပြီး စိုင်းစိုင်းခမ်းလှိုင်သီချင်းထဲကလို မင်းဟာ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းပါကွာ လို့ ကျွန်တော်ကို ပြောခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပေါ့။ ဘ၀ရဲ့ သံစဉ်တွေ မပီပြင်နေသေးတဲ့ သူငယ်ချင်း တစ်ယောက်ပါ။ အဖေကလည်းဆုံး၊ ချစ်သူကလည်းမုန်း ပြီး တစ်ကိုယ်တော် လေလွင့်နေတဲ့သူပါ။ ဖြစ်ပုံက ဒီလိုပါ။ သူရဲ့ သွေးသောက်ချစ်သူ နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီး တစ်ခြားကောင်လေး တစ်ယောက်နဲ့ ကြိုက်သွားတဲ့အချိန်မှာတော့ ဟော့ဟော့ဒိုင်းဒိုင်းနဲ့ ဒီစကားလုံးက ကျွန်တော်ဆီ “တတိယ အသိ” အဖြစ်နဲ့ ရောက်လာ ခဲ့ရပါတော့တယ်။

ကျွန်တော်အိမ်ထောင်ပြုပြီး နှစ်ဝက်လောက်အကြာ အတော်လေးခင်မိတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အင်တာနက်ဆိုင် တစ်ဆိုင်ရှေ့ မှာ စကားလက်ဆုံ ပြောခဲ့ကြပြီးနောက် - သူ့ရဲ့ သိုသိုသိပ်သိပ် နေတတ်တဲ့ အကျင့်လေးကြားထဲကပဲ ဒီစကားလုံးလေး ခုန်ပေါက်ထွက်ကျလာပြီး ကျွန်တော်ကို အံ့အားမှင်သက် နေစေခဲ့တာဟာ “စတုတ္ထအသိ” ဆိုပါတော့ဗျာ - သူရဲ့ ချစ်သူကောင်မလေး နိုင်ငံခြားမှာ တစ်ခြားတစ်ယောက်နဲ့ အကြောင်း ပါသွားပြီတဲ့။

ကျွန်တော်ရဲ့ “ပထမ၊ ဒုတိယ၊ တတိယ နဲ့ စတုတ္ထ” စတဲ့ အသိတွေဟာ သူငယ်ချင်းတစ်ယောက်ဆီရဲ့ စိတ်နေစိတ်ထားတွေ၊ အတ္တတွေ၊ မာနတွေ၊ မခံချင်စိတ်တွေ နဲ့ ... စတာတွေအပေါ်မူတည်ပြီးတော့ တစ်ခုနဲ့ တစ်ခု လွန်စွာမှ ခြားနားလှပါတယ်။ အသေးစိတ်တွေကိုတော့ ကာယကံရှင်တွေရဲ့ ခံစားချက်တွေကို လိုက်မမှီမှာ စိုးရိမ်မိပါသဖြင့် မဖော်ပြပေးတော့ပါဘူးနော်။

“ပဉ္စမအသိ”....... ???????? ဒါနဲ့ပဲ ကျွန်တော်ရဲ့ ပဉ္စမအသိကိုတော့ သူငယ်ချင်းတွေထဲက မကြားချင်တော့လို့ Internet ကပဲ ရှာဖွေပြီးတော့ ရလာတဲ့ အကောင်းဆုံး အဖြေကို အောက်ပါအတိုင်း မျှဝေပေးလိုက်ပါတယ်။

ဒီစကားလုံးနဲ့ ပက်ပင်းတိုးတဲ့အခါမှာ- သင်ဟာ အလွန်အမင်း ၀မ်းနည်းကြေကွဲနေပါလိမ့်မယ်။ သစ္စာအဖောက်ခံရတယ် အထီးကျန်တယ်လို့ ခံစားနေရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတဲ့အဖြေကို မကြာခဏ ရှာဖွေနေလိမ့်မယ်။ သွေးပူတုန်းမှာ ထာဝရ ခွင့်လွတ်နေပါလိမ့်မယ်။ သင့်ကိုယ်ကို ကုစားမယ် ဒါမှမဟုတ်ရင်တော့ စိတ်တွေရှုပ်ပွပြီး နေပါလိမ့်မယ်။ ပြီးရင်တော့ သူ့တို့ကို သူငယ်ချင်းအနေနဲ့ပဲ ဆက်လက်ပက်သက်ကောင်း ပက်သက်နေနိုင်မှာ ဖြစ်ပါတယ်။ ဒါပေသည့် သူတို့နဲ့ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကိုတော့ ဘယ်တော့မှ မေ့လို့ ရတော့မှာ မဟုတ်ပါဘူး။ - သူတို့ကို လက်စားမချေချင်ဘူး၊ မနာလို မုန်းတီးမှု မဖြစ်ဘူး၊ သူတို့ကို ပြန်လည်း မရယူချင်တော့ဘူး၊ ဒါအပြင် သူတို့ အကြောင်းကို စဉ်းစားလိုက်တဲ့အခါတိုင်းမှာ သူတို့ သင့်အပေါ် ဘာတွေ လုပ်ခဲ့သလဲဆိုတဲ့အတွေးအစား ဘာတွေလုပ်နေလဲ ဆိုပြီးတွေးနေမိတဲ့အခါမှာဆိုရင်တော့ဖြင့် - သေချာပါတယ် သင်ဟာ သင့်ရဲ့ နှလုံးသားကို ကုစားခဲ့ပြီဆိုတာပါပဲ။

***ကျွန်တော် Music Player လေးရဲ့ နံပါတ် ၄ သီချင်းကို နားထောင်မိတိုင်းအကြောင်း အမျိုးမျိုးကြောင့် ဒီစကားလုံးနဲ့ ကြုံတွေ့ခဲ့ရတဲ့ သူငယ်ချင်းများစွာသို့***

ကျေးဇူးတင်စွာဖြင့်
yu ya


4 comments:

Anonymous said...

သိပ်နားမလည်ပါ ... ဘာစကားလုံးများလဲ ...
ပဉ္စမအသိ ( သို့ ) စပ်စုမိတဲ့ စကားလုံးဆိုတာ ...
ချစ်သူတိုင်းပေါင်းရပါစေ လား ...
ဟုတ်လား .. သီချင်းကတော့ အဲ့စာကြောင်းကို ထပ်ခါ ထပ်ခါ ဆိုနေတာ ကြားတယ် .. မှန်မမှန်တော့ မသိ ..
တစ်ခြားဟာဆိုလည်း ပြန်ပြောပြဦး ...
နားလည်ဘူးဗျ :D
နေဒေးသစ်။

မင်းအိမ်ဖြူ said...

စာလေးလာဖတ်သွားပါတယ် ၊၊

တခါတရံ ဘာမှ မပြောတာက စကားလုံးတွေ အများကြီး ပြောနေတာထက် ပိုပြီးပြည့်စုံတယ် လို့ ယုံကြည်ပါတယ် ၊၊

ဝက်ဝံလေး said...

ကိုယုယ သိပ်နားမလည်ဘူး ရယ် ညီမပဲ ဥာဏ်တိန်လို့လား မသိ နဲနဲ ရှင်းပြပေးစေချင်ပါတယ် ရှင်

ခင်မင် စွာဖြင့်
ငှက်မလေး

PAUK said...
This comment has been removed by the author.