အတိုပြောရရင် အဲဒီလိုနဲ့ပဲ ၂၀၀၃ ခုနှစ် အောက်တိုဘာမှာ ကျောင်းပြီးသွားလို့ ကိုယ့်နေရာကိုယ်စီ ပြန်သွားခဲ့ကြတယ်ပေါ့။
မဟေသီလည်း ပုသိမ်ပြန်၊ ကိုယ်လည်း တောင်ငူပြန်။ သိပ်မကြာပါဘူး အောင်စာရင်းတွေထွက်ပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာမှာ ကျွန်တော်လည်း တစ်ခြားသင်တန်းတွေတက်ဖို့ ရန်ကုန်ကို ထွက်လာခဲ့တော့တယ်။ မဟေသီလည်း ရန်ကုန်နည်းပညာတက္ကသိုလ်က ပထမဦးဆုံးအကြိမ်ပြန်ခေါ်ခဲ့တဲ့ Master of Engineering တက်ဖို့ ရန်ကုန်ကို ရောက်လာခဲ့ပါတယ်။ (အိမ်ထောင် ကျပြီးပြန်ပြောပြမှ သိခဲ့ရတာပါ)။
ကျွန်တော်လည်း Computer Networking သင်တန်းတွေ၊ Web Developer သင်တန်းတွေ၊TOEFL ဖြေဖို့ USIS မှာ သင်တန်းတွေ တက်နေခဲ့တယ်။ မဟေသီလည်း M.E ဆက်တက်နေခဲ့တယ်လို့ အတူနေ သူငယ်ချင်း တစ်ယောက်ဆီကနေ သိခဲ့ရပါတယ်။ တစ်ခါတုန်းက MICT Park က သင်တန်းပြီးလို့အပြန် ရန်ကုန်နည်းပညာ တက္ကသိုလ် (ကြို့ ကုန်း) မှာ ဘွဲ့လက်မှတ်သွားအထုတ် မမျှော်လင့်ပဲ မဟေသီကို ကျောင်းမှာ တွေ့လိုက်ပါတယ်။ ဒါပေမယ့် နှလုံးသားကလွဲလို့ ဘာမှ အဆင်သင့်မဖြစ်သေးတဲ့ ကျွန်တော် ပြေးရှောင်ပုန်းနေလိုက်ရတာပေါ့။ နှလုံးသားတွေ မနာကျင်စေဖို့ အသိမဲ့တဲ့ နှလုံးသားရဲ့ ခြေလှမ်းကို တားရမယ်လေ။
ဒါနဲ့ပဲ ကျွန်တော်ရဲ့ မဟာရည်ရွယ်ချက်ဖြစ်တဲ့ America မှာ Scholarhip နဲ့ကျောင်းတက်နိုင်ရေးကို ရှေးရှု့ ပြီး TOEFL ကို အမှတ်ကောင်းကောင်းရဖို့ အသည်းအသန်ကြိုးစားခဲ့ပါတော့တယ်။ ၂၀၀၅ခုနှစ်မှာ TOEFL ကို Paper Based ဖြေဆိုခဲ့ပြီး (၆၂၃) မှတ်ရခဲ့တယ်။ (ကြုံကြွားလေးဗျ..အဟီး)။ Boston ကျောင်းမှာ Undergrad ကို Computer Science ဘာသာရပ်နဲ့ Full Scholarship ရခဲ့တယ်။ ကျွန်တော်ဘ၀အတွက် အပြောင်းအလဲ တစ်ခု ဖြစ်ချိန်တန်ပြီလို့ မှတ်ယူခဲ့ပြီး ပျော်ရွှင်နေခဲ့မိတယ်ဗျာ။ အဲဒီအချိန်မှာပဲ မမျှော်လင့်တဲ့ ကြမ္မာဆိုးက ကျွန်တော်ကို ကျောင်းသွားတက်ရမယ့် အခြေအနေကနေပြီး ဖယ်ရှားလိုက်ပါတယ်ဗျာ။ American Consul (ကိုရီးယားမကြီး) နဲ့ visa ရဖို့ USIS သင်တန်းက သူငယ်ချင်း (၄) ယောက် ၀င်တွေ့တဲ့အခါမှာ Reject ထိသွားခဲ့တယ်ဗျာ။ အမေရိကန်နဲ့ မြန်မာ နိုင်ငံရေးတွေ ရုပ်ထွေးနေချိန်ဆိုတော့ ဘယ်လောက်ပဲ ကျွန်တော်ဖက်က တောင်းဆိုတောင်းဆို.. အဲဒီကိုရီးယားမကြီးကျွန်တော်ကို နောက်ဆုံးပြောသွားခဲ့တဲ့ စကားလေးက - “စိတ်ဆန္ဒပြင်းပြစွာ ပညာသင်ကြားနေချင်တဲ့ လူငယ်တစ်ယောက်အနေနဲ့ နေရာဒေသဆိုတာ အရေးမကြီးပါဘူး၊ အဓိက က ပညာပါ၊
အခုဆိုရင် မြန်မာနိုင်ငံမှာ Library တွေ၊ Internet တွေ ပေါပေါသီသီ ရနေပြီလေတဲ့”။ International Student တွေအနေနဲ့ Consul Fee (USD 100) ပေးရပြီးတော့ စကားပြောဖို့ ၁၀ မိနစ်သာ ရတဲ့အချိန်အခါလေးမှာ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးတဲ့ ကျွန်တော်ဘက်က ဘယ်လိုမျိုး အစွမ်းထက်တဲ့ စကားလုံးတွေနဲ့ Debate လုပ်ရမလဲဗျာ။ စကားပြောရတာက မှန်ခန်းကြီးထဲမှာဗျ။ သူနဲ့ ကိုယ်နဲ့က မှန်ကြီးကာထားသေးတယ်။ သူ့အသံကို စပီကာကနေပြီးပဲ ကြားရတာ။ သူငယ်ချင်းတစ်ယောက်ဆိုရင် ဒေါသတွေထွက်ပြီး မှန်ကြီးကို ပြေးကန်ပစ်လိုက်တယ်။
ဒါနဲ့ပဲ ခေါင်းငိုက်စိုက်အိမ်ပြန်အလာ စောင့်နေတဲ့ သူငယ်ချင်းများက အဆင်ပြေခဲ့လားတဲ့။ ကျွန်တော်လည်း အဆင်မပြေခဲ့တဲ့အကြောင်း ပြောပြခဲ့ပြီး လူက ကြောင်တောင်တောင် ဖြစ်သွားခဲ့တယ်။ တစ်ရက်၊ နှစ်ရက်လောက် ဘာမှ မလုပ်ဖြစ်ခဲ့ဘူး။ အဲဒီမှာပဲ အိမ်ကို ဖုန်းဆက်ပြောတော့ ကျွန်တော် ပါပါးက အိမ်ကို ပြန်လာခဲ့ဖို့။ ရန်ကုန်မှာ ဆက်မနေတော့ဖို့ ပြောပါတယ်။ တစ်လတစ်လပေးရတဲ့ စားရိတ်က မသေးတဲ့အတွက် အိမ်ပြန်လာပြီး အိမ်အလုပ်ကို လုပ်ဖို့ပဲ တွင်တွင်ပြောနေခဲ့တော့တယ်။ ကျွန်တော်ကလည်း စိတ်ညစ်နေတဲ့အချိန်ဆိုတော့ အိမ်ကို မပြန်ချင်သေးဘူး။ ရှင်းရှင်းပြောရရင် သားအဖတွေ စကားများကြတာပေါဗျာ။ အဲဒါနဲ့ ပါပါးက မင်းဘ၀ မင်းဖာသာမင်း စီစဉ်တော့ဆိုပြီး ဖုန်းချသွားတယ်။
အဲဒီလိုနဲ့ ၂ လလောက် အချိန်တွေကုန်သွားတယ်။ စိတ်ဓာတ်တွေကျနေတဲ့ ကျွန်တော် သူငယ်ချင်းတွေက အားပေးခဲ့တယ်။ အဲဒီမှာပဲ အလုပ်စ၀င်လုပ်နေပြီဖြစ်တဲ့ အတူနေသူငယ်ချင်း (ကိုမင်းအိမ်ဖြူ) က ကျွန်တော်ကို အလုပ်လုပ်ဖို့ စတင်အားပေးတော့တာပါပဲ။ ကျွန်တော်အတွေးထဲကို အလုပ်လုပ်ရမယ်ဆိုတဲ့ အတွေး စတင်ဝင်ရောက်စေခဲ့သူပါ။ အလုပ်တွေလိုက်လျှောက်တော့လည်း ကျွန်တော်ကို အဖော်လိုက်ပေးခဲ့သူပါ။ အခုလို ကျွန်တော်ကို Blog ရေးဖြစ်နေစေခဲ့တဲ့ သူဆိုလည်း မမှားပါဘူး။ အစစ အရာရာအတွက် ကျေးဇူးပါ ကိုမင်းအိမ်ဖြူ။
လိုရင်းပြောရရင် Company တစ်ခုမှာ ကျွန်တော် Director တစ်ယောက်ရဲ့ P.A ဖြစ်သွားခဲ့တယ်ဆိုပါတော့။ Probation ၃ လ ကျော်လွန်လို့ လခလေးလဲ ကောင်းလာတယ်။ ဒီလိုနဲ့ ၂၀၀၅ခုနှစ် ဒီဇင်ဘာလ တနင်္ဂနွေနေ့တစ်ရက် မမျှော်လင့်ပဲ လမ်းမတော် ၉ လမ်းထိပ်မှာ ကျွန်တော် မဟေသီလေးနဲ့ ပက်ပင်းသွားတိုးတော့တာပါပဲ။ လူကသေးသေးလေး လက်ထဲမှာ ကိုင်ထားတဲ့ စာအုပ်တွေက တပုံတပင်နဲ့။ နှုတ်ဆက်ကြတာပေါ့နော်... Hello Dear! Long time no see!! အစရှိသည်ပေါ့ဗျာ။ ပြောရင်းနဲ့မှ ကျွန်တော်မဟေသီက NUS မှာ ကျောင်းသွားတက်ခွင့် ရထားတဲ့အကြောင်း၊ လာမယ့် ဒီဇင်ဘာ ၂၆ ရက်နေ့ စင်ကာပူ သွားတော့မှာ ဖြစ်ကြောင်းသိလိုက်ရပါတယ်။ လမ်းပေါ်မှာပဲ စကားတွေ ဖောင်ဖွဲ့ပြီး ၁ နာရီလောက်အကြာမှာ Adios!! ဆိုပြီး လမ်းခွဲလိုက်တယ်။ အတွေးပေါင်း မြောက်များစွာနဲ့ အိမ်ပြန်လာခဲ့တာပေါ့ဗျာ။
အဲဒီအချိန်မှာ ကျွန်တော်ဘက်က အများကြီး စဉ်းစားနေရင် တသက်လုံး နောင်တ ရနေရမယ့် အဖြစ်မျိုး ကျွန်တော် မလိုလားတော့ပြီလေ။ သန့်ရှင်းစင်ကြယ်တဲ့ အားကောင်းကောင်း အသည်းနှလုံးကလည်း အဆင်သင့်၊ အိမ်ထောင်တစ်ခုကို ထူထောင်နိုင်တဲ့ လခမျိုးလည်း ရရှိနေပြီးမှတော့ ကျွန်တော် ဘာလို့ မရဲဝံ့နိုင်ရတော့မှာလည်းဗျာ။ ကျွန်တော် ရဲဝံ့ဖို့ အချိန်တန်ပြီ။
ဒါကြောင့်နောက်တစ်ပတ် စနေနေ့ ညဖက်မှာ ဟိုတနေ့က ရလာတဲ့ ဖုန်းနံပါတ်လေးကို ဆက်ပြီး မဟေသီကို မနက်ဖန် Breakfast ကျွေးချင်တဲ့အကြောင်း ခွင့်တောင်းလိုက်ပါတော့တယ်။ မဟေသီကလည်း ကျွန်တော်ပန်ကြားချက်ကို ကြည်ကြည်ဖြူဖြူ လက်ခံပေးခဲ့ပါတယ်။ ဒါနဲ့ပဲ တနင်္ဂနွေနေ့ မနက် ရ နာရီ ခွဲလောက် မဟေသီနေတဲ့ လမ်းမတော် လှည်းတန်းလမ်းကို သွားခေါ်ခဲ့ပြီ Breakfast အတွက် Oriental House ဆီသို့ ရောက်လာခဲ့ပါတော့တယ်။ Breakfast စားအပြီး မနက် ၉း၃၀ လောက်မှာ ကျွန်တော်တို့ အင်းယျားကန်ဘောင်ပေါ်ကိုထွက်လာခဲ့ပါတော့တယ်။ မနက်ခင်းဆိုတော့ လူလည်းသိပ်မရှိဘူးပေါ့။ ရဲဝံဖို့ ကျွန်တော်အတွက် ကန်ဘောင်လေးက ပံ့ပိုးပေးနေသယောင်။
ကန်ဘောင်ပေါ်မှာ လမ်းအနည်းငယ်လျှောက်ပြီး ဟိုရောက်ရင် ကျန်းမာရေးဂရုစိုက်ဖို့၊ အိမ်ကို ဖုန်းအမြဲဆက်ဖို့ အစရှိတာတွေနဲ့ နိဒါန်းပျိုးခဲ့ပြီး လက်ဆောင်ပေးဖို့ ရည်ရွယ်ချက်နဲ့ ၀ယ်လာတဲ့ Boss ဘောပန်လေးရယ်၊ Chicken Soup စာအုပ်လေးတစ်အုပ်ရယ်၊ Fancy ကဒ်လေးတစ်ခုရယ်ပေးလိုက်ပြီးတော့ ကျွန်တော်ဘ၀မှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပြောဘူးတဲ့ စကားလုံးလေးတွေ ခုန်ပေါက်ထွက်ပေါ်သွားပါတော့တယ်။ ကျွန်တော်သိလိုက်ပြီလေ.. ယောက်ျားတွေ လုပ်ဆောင်တတ်တဲ့ အရဲဝံ့ဆုံးသော အရာကို ကျွန်တော် ဂုဏ်ယူစွာ လုပ်ပြီးသွားပြီလို့။
(Dialogue တွေကတော့ ဆင်ဆာနဲ့ မလွတ်လို့ အဖြတ်ခံလိုက်ရပါတယ် ထဲ့ပေးချင်ပါသော်လည်း ဆင်ဆာလူကြီး မဟေသီက ခွင့်မပြု...အဟီး)။
မဟေသီက ကျွန်တော်ကို အချိန်တစ်ခု စောင့်ဖို့၊ သူမအနေနဲ့ ကျောင်းပြီးအောင် အရင်တက်ချင်ကြောင်း၊ ပြီးမှ ဒီကိစ္စကို စဉ်းစားနိုင်မည် ဖြစ်တဲ့အကြောင်း ..စတာတွေနဲ့ ကျွန်တော်ကို နားလည်ပေးပါရန် တောင်းဆိုလာပါတော့တယ်။ လိုရင်းပြောရရင် ရဲဝံ့ခြင်းရဲ့ အကောင်းဆုံး Certificate ကိုတော့ ကျွန်တော် မဟေသီ စင်ကာပူမှာ ကျောင်းတက်နေတုန်း ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ရရှိခဲ့တာပါ။ ကျွန်တော် ဘ၀လေးထဲက အခမ်းနားဆုံး နေ့လေးတစ်နေ့ပါ။ ဒါနဲ့ ကျွန်တော်လည်း Company က ဒါရိုက်တာကို ခွင့်တောင်းပြီး ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ မဟေသီလောင်းလေးရှိရာ စင်ကာပူကို တစ်လ အလည်ရောက်လာခဲ့ပါတော့တယ်။
မှတ်မှတ်ရရ ကျွန်တော်ကို စိတ်ကောက်ဖူးခဲ့တာ ဒီဇင်ဘာလ (၃၁) ရက်နေ့ကြီးပါ။ နှစ်သစ်ကူးကို သူမနဲ့ အတူ Countdown လုပ်ဖို့ ညနေ ၆ နာရီချိန်းထားတာ ကျွန်တော်က သူငယ်ချင်းတွေနဲ့ အပြင်သွားနေတော့ အချိန်မှီ မရောက်နိုင်ဘူးဖြစ်သွားတယ်။ စိတ်ကောင်းပြီး ကျွန်တော်ကို လာမခေါ်တော့ဘူး။ လာမခေါ်တော့ ကျွန်တော်ကလည်း မသွားတတ်.အဟီး။ သူငယ်ချင်းတွေက ၀ိုင်းပြီး တစ်ခြားသူတွေဆီက လိပ်စာတွေတောင်း၊ Handphone ထဲမှာ လိပ်စာရိုက်ထဲ့ပေးပြီး Taxi သမားကို အဲဒီလိပ်စာအတိုင်း သွားခိုင်းလိုက်တယ်။ တော်သေးတယ်ဗျာ.. ရောက်သွားလို့။ အဲဒီနေ့ညက Countdown လုပ်ရတာ အရမ်းပျော်ဖို့ကောင်းတဲ့ နေ့လေးပေါ့ဗျာ။
ဒါနဲ့ပဲ စင်ကာပူမှာရှိတုန်း စေ့စပ်ပွဲရက်တွေ သတ်မှတ်၊ လက်ထပ်ပွဲရက်တွေ သတ်မှတ်ပြီး ရန်ကုန်ကို ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ ကျွန်တော် တစ်ယောက်ထဲ ပြန်လာခဲ့ရပါတော့တယ်။
ကြိုတင်သတ်မှတ်ထားတဲ့အတိုင်း
*၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ကို စေ့စပ်မင်္ဂလာပွဲ
*၂၀၀၇ ခုနှစ် မေလ (၁၆) ရက်နေ့ (ကျွန်တော် မဟေသီရဲ့ မွေးနေ့) မှာတော့ လက်ထပ်မင်္ဂလာပွဲလေး
ကို Sumit Parkview Hotel ၊ Yangon မှာ အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါတော့တယ်။
“ကျွန်တော်နဲ့ မဟေသီ ပေါင်းစုံခြင်း” ကို ခင်မင်ရီးနှီးစွာဖြင့် တောင်းဆိုထားကြပါသော ကျွန်တော် ညီအစ်ကို မောင်နှမများအားလုံး ကျေနပ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း...။
ကျေးဇူးတင်စွာဖြင့်
yu ya