သေခြင်းတရား၊ ဘ၀ကို အကျိုးပြုသလား?
သေမယ်မှန်း သိတာ ဘ၀ကို အကျိုးပြုသလား။ ဘယ်လို အကျိုးပြုတာလဲ။
ကျွန်တော်တို့ဟာ ဘ၀ကို ပေါ့ပေါ့တန်တန် သဘောထားတတ်ကြတယ်။ အထူးသဖြင့် ငယ်စဉ်အခါမှပေါ့။ ဘယ်တော့မှ မသေ၊ အမြဲ နေရတော့မယ်လို့ ထင်ကြတယ်လေ။ ဒါပေမယ့် စက္ကန့်တိုင်း စက္ကန့်တိုင်း ဘာဖြစ်မယ် ဆိုတာ ဘယ်သူမှ မသိ။ လူတစ်ယောက်ဟာ အခု ကျန်းကျန်းမာမာ နေနိုင်ပေမယ့် မျက်စိ တစ်မှိတ် လျှပ်တစ်ပြက်အတွင်း သေသွားကောင်း သေသွားနိုင်ပါရဲ့ ။ ဒါဟာ ဘ၀ရဲ့ တန်ဖိုးနဲ့ သေခြင်းတရားရဲ့ မသေချာ မရေရာမှုတွေကို မီးမောင်းထိုးပြ လိုက်တာပါပဲ။ သေခြင်းတရားဟာ "ထူးခြား နက်နဲတဲ့ မသိတရား" မို့ ကြက်သီးမွေးညင်း ထလောက်အောင် ကြောက်ရွံ့ ထိတ်လန့်စရာ ကောင်းလှပါရဲ့ ။ သေခြင်းတရား ရောက်မလာခင် အစောကြီးကတည်းက.. သေခြင်းတရားကို ရှောင်လွှဲလို့ မရနိုင်မှန်းလည်း ကျွန်တော်တို့ ကြိုသိထားကြလေတော့ ပူပင်သောက ရောက်ကြရသလို ဆောက်တည်ရာမရလောက်အောင်ပင် စိတ်နှလုံး မသာမယာ ဖြစ်တတ်ကြတယ်။ ဒီကြောက်ရွံ့ မှုနဲ့ စိတ်ဆင်းရဲမှုကြောင့် သေခြင်းတရားကို အလေးအနက် နှလုံးမသွင်း မဆင်ခြင်နိုင်ကြပါဘူး။ သေခြင်းတရားက ကျွန်တော်တို့ရဲ့ ချမ်းမြေ့ပျော်ရွှင်မှုကို အနှောက်အယှက် ပေးလို့ပါပဲ။ ဒါကို ဘယ်လို ရင်ဆိုင် ဖြေရှင်းရမယ်၊ အနာဂတ်ရဲ့ အကျဉ်းသားအဖြစ်မခဲ ပစ္စုပ္ပန် ကိစ္စတွေကြောင့် စိတ်ထိခိုက် တုန်လှုပ်မှု မရှိဘဲ ဘယ်လို လွတ်လွတ်လပ်လပ် နေထိုင်ရမယ် ဆိုတာ ကျွန်တော်တို့ သိဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ နိစ္စဓူဝ ဘ၀ထဲ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး "ရိုးရိုးကျင့် မြင့်မြင့်ကြံ" နေထိုင်နိုင်ကြတဲ့ အခါမှာ လွတ်လွတ်လပ်လပ် ရှင်သန် ရပ်တည်နိုင်ကြပါပြီ။ ဘ၀ရဲ့ တကယ့် သဘာဝ အစစ်အမှန် (ပရမတ္ထ သစ္စာ) ကို သိမြင်နိုင်ရင် မိမိတို့ရဲ့ အဇ္ဈတ္တ သန္တာန်မှာ မဟာ လွတ်မြောက်မှု ချမ်းသာ (၀ိမုတ္တိ ရသ) ကို ခံစားကြပါတယ်။ လွတ်မြောက်မှုဟာ ပျော်ရွှင် ချမ်းမြေ့မှုရဲ့ အနှစ်သာရပါပဲ။
ဘ၀-မရဏနဲ့ ပက်သက်လို့ကတော့ ကျွန်တော်တို့အားလုံး တစ်ပြေးတည်း တစ်သားတည်းပါပဲ။ ကျွန်တော်တို့ အားလုံး (တစ်နေ့နေ့) သေကြမှာပါပဲ။ သေမင်းက ကျောသား ရင်သား မခွဲခြားဘဲ လူတိုင်းကို လာခေါ်ပါလိမ့်မယ်။ လူတိုင်း သေရမယ် ဆိုပေမယ့် မသေခင် ကောင်းကောင်း နေနိုင်ပါသလား။ မိမိရဲ့ ပတ်ဝန်းကျင်နဲ့ အတွေးနယ်ထဲ နစ်မြှုပ်မခံဘဲ ဘ၀မှာ ကောင်းကောင်း နေ၊ ပျော်ပျော် နေတာမျိုးပေါ့။ ကျွန်တော်ရဲ့ နောက်ဆုံး ထွက်သက် အထိ ကောင်းကောင်း နေမယ်လို့ သန္နိဋ္ဌာန် ချထားတယ်။ (တစ်နေ့နေ့) ကျွန်တော်တို့ သေရမယ် ဆိုရင် တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် နေရပါမယ်။ အကောင်းဆုံး ဖြစ်အောင် မနေနိုင်ရင် ဘယ်အတွက်ကြောင့်များ နေသင့်ပါသလဲ။ "ဘ၀" ဆိုတဲ့ ထူးခြားတဲ့ အရာတစ်ခု သင့်မှာ ရှိတဲ့အတွက် သင့် ဆန္ဒ မှန်သမျှ ဖြည့်ဆည်းနိုင်အောင် အသုံးချ သင့်တယ်။ ဒါဟာ ဘ၀မှာ ဘယ်လို ကျင့်ကြံ နေထိုင် သင့်တယ် ဆိုတာပါပဲ။ " ကောင်းကောင်း နေ ကောင်းကောင်း သေ" (အနေကောင်းမှ အသေ ကောင်းမည်) ဆိုတဲ့ ဆိုရိုးစကားဟာ ထူးခြား လေးနက်တဲ့ အဓိပ္ပာယ် ဆောင်တယ်။ ကျွန်တော်တို့ရဲ့ ဘ၀ဟာ ကာယိက ဒုက္ခနဲ့ စေတသိတ်က ဒုက္ခတို့ရဲ့ ကန့်သတ်မှု ဘောင်တွေထဲမှာ ပိတ်မိနေရင်တော့ အဲဒီ ဘ၀ဟာ လွတ်လွတ်လပ်လပ် နေရတဲ့ အဓိပ္ပာယ်မျိုး မဆောင်ပါဘူး။ ကျွန်တော်တို့ သေရမယ် ဆိုတာ သိထားတော့ ကျွန်တော်ရဲ့ ဘ၀မှာ စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး ကောင်းကောင်းမွန်မွန် နေဖို့ စိတ်ပိုင်း ဖြတ်ထားတယ်။ ကျွန်တော်တို့ဟာ မသေခင် ငြိမ်းချမ်း ပျော်ရွှင် လွတ်လွတ်လပ်လပ် မနေနိုင်ကြရင်တော့ သေတာနဲ့ မခြာ နေရသလိုမျိုးပါပဲ။ (ရှင်လျက်နဲ့ သေနေတဲ့ ဘ၀မျိုးပေါ့။)
"ခင်ဗျား ကင်ဆာ ဖြစ်နေပြီ။ ခြောက်လပဲ နေရတော့မယ်" လို့ ဆရာဝန်ပြောတာကို ကြာလိုက်ရသူအဖို့ လုံးဝ ဖြေမဆည်နိုင်အောင် စိတ်ထိခိုက် ခံစားရပါတယ်။ ခြောက်လ နေရင် ငါ သေရတော့မှာပဲ ဆိုတဲ့ တွေးကြောက်မှုကြောင့် ဘ၀ ရှင်သန်မှုရဲ့ ချမ်းမြေ့ ပျော်ရွှင်မှု မှန်သမျှ လေနှင် တိမ်အလား လွင့်ပျောက်သွားပါတော့တယ်။ အဲဒီ လူမှာ ကင်ဆာရှိတယ်လို့ ဆရာဝန်က မပြောခင် သူ့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပျော်ပျော် နေနိုင်စွမ်း သူ့မှာ ရှိပါရဲ့ ။ ဒါပေမယ့် ဆရာဝန်က ၀မ်းနည်းစရာ သတင်းဆိုးကို ပြောပြလိုက်တော့ အဲဒီလူခင်ဗျာ လက်ဖက်ရည်တစ်ခွက်ကို အရသာခံ ထိုင်သောက်နိုင်စွမ်း မရှိရှာတော့... ထမင်း တစ်နပ်ကို မြိန်ရေရှက်ရေ စားနိုင်စွမ်းလည်း မရှိရှာတော့... ကြယ်တာရာတွေကို ကြည့်ရှု ခံစားနိုင်စမ်းလည်း မရှိရှာတော့... အားလုံး လက်လွတ် ဆုံးရှူံးသွားပါပြီ။ သေမင်း လက်ထဲ ရောက်မယ့် အချိန်ကိုပဲ လိပ်ပြာလွင့်မတတ် တွေးကြောက်နေရှာတော့တာကိုး။ သေမင်း လက်က ပြေမလွတ်နိုင်တော့ ကျွန်တော်တို့ရဲ့ လွတ်လပ်မှု အားလုံး ဆုံးရှူံးသွားတော့တာပေါ့။ သေမင်းဟာ လူတိုင်းထံ ရောက်လာမယ့် တရားပဲလို့ လက်ခံ ယုံကြည်နိုင်ရင်တော့ သင့်ရဲ့ ပူပင်သောကတွေ လျော့ပါး သက်သာသွားပါလိမ့်မယ်။
ဘ၀နေနည်းနဲ့ ပက်သက်လို့ မိုဟန်ဒတ်(စ်) ဂန္ဒီက ပွင့်ပွင့်လင်းလင်း မိန့်ဆိုခဲ့တယ်... "အတိတ်နောက် ကိုလည်း မလိုက်နဲ့။ အနာဂတ်ထဲမှာလည်း မနစ်မျောနဲ့။ အတိတ်က မရှိတော့ဘူး။ အနာဂတ်က ရောက်မလားသေး။ ဘ၀ကို ပစ္စပ္ပုန်တည့်တည့် အရှိကို အရှိအတိုင်း (ယထာဘူတကျကျ) ရှုမှတ်ပွားများတဲ့ လူဟာ တည်တည်ငြိမ်ငြိမ် လွတ်လွတ်လပ်လပ် နေထိုင်နိုင်ပါတယ်" တဲ့။ လူအတော်များများဟာ အတိတ်ထဲ တွေးရင်း မလွတ်မြောက်နိင် ဖြစ်ကြရတယ်။ အတိတ်က မရှိတော့ဘူး။ အတိတ်ကို ပစ္စုပ္ပန်နဲ့ နှိုင်းယှဉ်ပြီး အတိတ်ဟာ ပစ္စုပ္ပန်ထက် ပိုလှတာပဲလို့ ကျွန်တော်တို့ ပြောကြရဲ့ ။ ဒါပေမယ့် အဲဒီ အတိတ် တဒင်္ဂ အချိန်လေးတွေမှာ နေခဲ့ကြတုန်းက သူတို့ကို အမှန်တကယ် တန်ဖိုး မထားကြပါဘူး။ အနာဂတ် မနက်ဖြန်နဲ့ ပတ်သက်လို့ စိတ်ကူးထဲမှာ ပုံဖော်ယူတဲ့ ပုံရိပ် ပညတ်တွေပါပဲ။ ဒါ ဖြစ်မယ် ထင်တယ်။ ဟိုဟာ ဖြစ်မယ် ထင်တယ်။ အဲဒီလို စိတ်ကူးတည့်ရာ တွေးတောကြတော့တာပဲ။ ဒါဟာ ကျွန်တော်တို့ကို ကြောက်ရွံ့ ထိတ်လန့်စေတဲ့ အရာပါပဲ။ ကြောက်စိတ်ဟာ သဘာဝအလျောက် မဖြစ်ပေါ်ပါ။ ကြောက်စိတ်ဟာ ကျွန်တော်တို့ရဲ့ အတွေး ၀ိဘက် ကနေ လာတာပါ။ ဒါ မနက်ဖြန် ဖြစ်မှာပဲ၊ ဟိုဟာ မနက်ဖြန် ဖြစ်မှာပဲ.. ဆိုတဲ့ တွေးလုံးတွေပေါ့။ အနာဂတ်ဟာ ရောက်မလာသေးတဲ့ အရာဆိုတာ သတိပြုပါ။ အနာဂတ်ဟာ ဘယ်တော့မှ မရှိလေတော့ ရောက်လာတဲ့ အချိန်ဆိုတာလည်း ပစ္စုပ္ပန်ပါပဲ။
မနက်ဖြန် နောက်ကျလွန်းတဲ့ အထိ စောင့်မနေဖို့ ဒီနေ့ ကျွန်တော်တို့ လုံ့လ ၀ီရိယ စိုက်ထုတ်ကြရမယ်။ ကျော်ကြား ထင်ရှားတဲ့ နယ်(လ်)ဆင် မင်ဒဲလားက မိန့်ဆိုတယ်... "ဒီနေ့ပဲ ရှိတာ။ ဒီနေ့ အကောင်းဆုံး ဖြစ်အောင် ကျွန်တော်တို့ လုပ်ကြပါစို့။ သတိပဋ္ဌာန် တရား ပွားများ အားထုတ်ဖို့ အတွက် အခြေအနေ အားလုံး လူတွေက ကျွန်တော်တို့ကို ပေးထားကြရဲ့ သားနဲ့ ကျွန်တော်တို့ မကျင့်ကြဘူးဗျာ။ မနက်ဖြန်မှ ကျင့်မယ်၊ ဒီနေ့ ကျင့်စရာ မလိုဘူးလို့ ကျွန်တော်တို့ ပြောကြတယ်။ ဒါပေမယ့် အနိစ္စ တရားကြောင့် မနက်ဖြန် ဆိုတာ နောက်ကျ လွန်းနေပါပြီ" တဲ့။ သေခြင်းတရားက မမျှော်လင့်ဘဲ ရောက်လာတတ်တယ်။ သေမင်းနဲ့ တောင်းတောင်းပန်ပန် ညှိနှိုင်းလို့လည်း မရ။ သေမင်းကို တံစိုးလက်ဆောင်ပေးပြီး အချိန်ရွှေ့ ခိုင်းလို့လည်း မရ။ လူသားတွေရဲ့ စွမ်းရည်သတ္တိကို မှတ်ကျောက်တင် စမ်းသပ်မှုကတော့ ပျော်မွေ့ ကျေနပ်တဲ့ ဘ၀မှာ နေထိုင်ဖို့အတွက် မိမိကိုယ်ကို တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ဖို့ပါပဲ။ အဲဒီလို လုပ်ဆာင်ရင်ဖြင့် ကျွန်တော်တို့ သေချိန်တန်တော့ စိတ်ချမ်းချမ်းသာသာကြီး သေကြမယ်ဆိုတာ အတတ်ပြောရဲပါရဲ့ ။ ဒါကြောင့်မို့ သေခြင်းတရားဟာ ကျွန်တော်တို့ ကြံ့ခိုင် လွတ်လပ်စွာ နေနိုင်အောင် အထောက်အကူပြု စေ့ဆော်အားပေးတဲ့ တရား ဖြစ်လာပါပြီ။
P.S - Source: http://www.echeat.com/essay.php?t=28846