Pages

Wednesday, September 30, 2009

“ ရောက်လာပြန်ပေါ့ နောက်တစ်ခါ ”
















ဒီမနက်
နှစ်ပေါင်းများစွာ အိမ်လာခဲ့သလိုပဲ
ကျွန်တော် နိုးလာ
ကားတစ်စီး လမ်းမထက်မှာ မောင်းလာပြန်ပြီ
ဒါချည်း ဒါချည်းပဲလို့တော့ မထင်ပါ။

မနက်ခင်းတွေမှာ နိုးလာရတာချည်းပဲ
ကားကလည်း နေ့တိုင်း မောင်းနေတာပဲ
ဒါပေမယ့် ... ဒါချည်း ဒါချည်းလည်း မဟုတ်ဘူး။

သီတင်းကျွတ်က နှစ်တိုင်းရောက်လာစမြဲ
မနှစ်က သီတင်းကျွတ်နဲ့ ဒီနှစ်သီတင်းကျွတ် မတူပြန်ပါ။

လူအိုတွေ အဖို့ထက်
လူပျို၊ အပျိုတွေ အဖို့သာ....

ဆန္ဒမွန်ဖြင့်
yu ya

Saturday, September 26, 2009

“ လသာည ”


































“ညအခါ...
လသာသာ...
ကစားမလား...
နားမလား.......”


ကျေးဇူးတင်စွာဖြင့်
yu ya

Monday, September 21, 2009

“ East Coast Park Beach ”

East Coast Park Beach ဟာဆိုရင် စင်ကာပူကျွန်းရဲ့ အရှေ့ တောင်ဘက်ပိုင်းမှာတည်ရှိပြီး အကြီးဆုံးနဲ့ လူကြိုက်အများဆုံး Park ဖြစ်ပါတယ်။ ဒီကနေ့ နေ့ခင်းဘက် 3:45pm မှာ ကျွန်တော်နဲ့ မဟေသီတို့ အိမ်ကနေစထွက်သွားလိုက်တာ ညနေ ၅ နာရီကျော်လောက်မှ East Coast Park Beach ကို ရောက်သွားခဲ့ပါတော့တယ်။ အခြားနေရာများက သိပ်မထူးခြားပေမယ့် Area F1 နားက Bedok Jetty ဆိပ်ခံတံတားလေးဟာ တစ်မူထူးခြားပြီး အင်မတန် နှစ်သက်တာကြောင့် ရောက်တိုင်း အမြဲလိုလို အပန်းဖြေသွားထိုင်ဖြစ်ပါတယ်။











Best Wishes,
yu ya

Thursday, September 17, 2009

“ နေရာထိုင်ခင်း၌ အေးခဲခြင်း ”

သဘာဝလောကကြီးထဲမှာ ကျွန်တော်အတွက် ခင်ဗျားတို့အတွက် ဒါမှမဟုတ် ကြမ်းပိုးတစ်ကောင်၊ ငှက်တစ်ကောင်အတွက် နေရာတစ်နေရာဟာ အမြဲလိုအပ်နေပါတယ်။ ခြေသလုံးအိမ်တိုင်သမားတွေ အတွက်တောင် လမ်းမတွေပေါ်က အလွတ်တွေက စက္ကန့်တိုင်း ခဏတိုင်းအတွက် နေရာတွေ ပေးနေရတယ်လေ။ ယုတ်စွအဆုံး MRT Station မှာ စောင့်နေရတာကစလို့ ပေါင်မုန့်ဝယ်ဖို့ တန်းစီနေရသည့်တိုင်အောင် ကျွန်တော်တို့ နေရာတစ်နေရာ ရှိနေရတယ်၊ အလွတ်တစ်ခုတော့ ကျွန်တော်တို့ ရနေတာပဲမဟုတ်လား။

ခင်ဗျားအနေအထားနဲ့ စိတ်ခံစားမှုအပါအ၀င်ပေါ့ဗျာ ဘယ်လောက် နေရာ အကျယ်အ၀န်းလိုအပ်ပါလဲ။ ကျွန်တော်အတွက်ကရော .. တွေးကြည့်ရင် သိပ်တိကျတဲ့ ကိစ္စတော့မဟုတ်ဘူး။ စကြ၀ဠာကြီးဟာ သိပ်ကျယ်လွန်းတယ် မဟုတ်လား။ ကမ္ဘာဆိုတဲ့ နေရာမှာ ကျွန်တော်တို့ ခွဲတမ်းရတယ်။ ဟောဒီမှာ လူတွေ၊ ဟောဒီမှာ ငါးတွေ၊ ဟောဟိုမှာ ငှက်တွေ။


ခင်ဗျားတို့ စိတ်ထဲမှာ ဗိသုကာတစ်ယောက်လို ခင်ဗျားရဲ့ နေရာလွတ်ကို ကြည့်နေခဲမိသေးလား။ ဘယ်နေရာကို ဘယ်လိုပေါ့ဗျာ၊ ဟိုဟာတွေး ဒီဟာဖြည့်ပေါ့။ အမျိုးမျိုးပေါ့ဗျာ။ ကိုယ်ပိုင်နေရာလွတ်တွေ ရှိသရွေ့ ပေါ့။ ဒီနေရာမှာ မမေ့သင့်တာက ခင်ဗျားနေရာနဲ့ ထိစပ်နေတဲ့ အခြားနေရာတွေဟာ ခင်ဗျားနေထိုင်မှုကို ထုဆစ်နေတဲ့ ပတ်ဝန်းကျင်ဆိုတာပါပဲ။ ဆိုလိုတာက ခင်ဗျားနေရာရယ် အဲဒီ ပတ်ဝန်းကျင်ရယ်ပေါင်းမှ နေရာထိုင်ခင်း ပြည့်စုံတယ်လို့ ယူဆမိတာပါ။ ခင်ဗျားကတော့ အိမ်ခြံရယ် ပရိဘောဂတွေကို နေရာထိုင်ခင်းလို့ သတ်မှတ်မှာပဲ။ ဒါကလည်း တစ်ယောက်ချင်းစီ ကိစ္စပေါ့လေ။

ဒီတော့ ပတ်ဝန်းကျင်မှာ ခင်ဗျားကို အနှောက်အယှက် ဖြစ်ကောင်းဖြစ်စေမယ့် အရာတွေ ရှိကောင်းရှိနေမှာပါ။ ကားဟွန်းသံဖြစ်ဖြစ် အသားကင်နံ့တွေပဲဖြစ်ဖြစ်၊ ခွေးဟောင်သံပဲဖြစ်ဖြစ် တစ်ခုခုပေါ့၊ ဒါပေမယ့် ခင်ဗျားတို့ မေ့နေလောက်တာလေးကို ကျွန်တော် ပြောဦးမယ်၊ အဓိက ကလည်း အဲ့ဒါပဲ။ ခင်ဗျားတို့ နေရာမှာ ကျကျနန စိတ်လိုလက်ရ နေလို့ရနေတာ ခင်ဗျားတို့နေရာထိုင်ခင်းကိစ္စပါပဲ။

ခင်ဗျားတို့ နေထိုင်မှုကို ဘာတွေက ထောက်ပံနေတာလဲ၊ တွေးကြည့်ပြီးပြီလား။ ဘလော့လေးတွေ သွားလည်ပြီး တခစ်ခစ်နဲ့ သဘောကျတာပါမယ်၊ ဖွင့်ထားတဲ့ ကွန်ပျူတာက လည်နေတဲ့ ပန်ကာသံတွေပါမယ်၊ Gtalk ကနေ တတုန်တုန်မြည်လာတဲ့ chatting အသံတွေပါမယ်။ ခပ်လှမ်းလှမ်းက သီချင်းသံတွေ ပါချင်ပါမယ်၊ တစ်ခါတစ်ရံများ မိုးရွာလို့ ရေကျသံကတောင် ခင်ဗျားကော်ဖီပူပူလေးကို အရသာ ထပ်ဖြည့်လိုက်သေးတယ်မဟုတ်လား။ ခင်ဗျားသတိမရဘဲနဲ့တော့ ဒါတွေဟာ သိပ်သိသာတာချည်းတော့ မဟုတ်ပါဘူး။ ကျွန်တော်အတွက်တော့ အဲဒါတွေမရှိဘဲနဲ့ နေဖို့ သိပ်မလွယ်ဘူး။ အဆိုးဆုံးတွေထဲမှာတောင် မထင်ရှားနိုင်တဲ့ အသေးအမွှားလေးတွေဟာ တန်ဖိုးကြီးတယ်လို့ မြင်တယ်လေ။ ရွဲ့ စောင်းသွားအောင်တော့ သိပ်ချဲ့ ကြည့်စရာတော့ မလိုဘူးပေါ့ဗျာ။

ကျွန်တော် နေထိုင်မှုထဲ အတော်လေး မရိုးမရွဖြစ်ရတဲ့နေ့လေးကို သတိရသေးတယ်။ ကျွန်တော်ဟာ ထိုင်တယ်ထတယ်၊ လမ်းလျှောက်တယ်၊ စာဖတ်တယ်၊ တွေးတယ်၊ အိပ်တယ်၊ ဒါပုံမှန်ပဲ။ ထူးခြားတာတော့ မရှိဘူး။ နေရာထိုင်ခင်း တစ်ခုထဲမှာနေတယ်။ တစ်နေ့တော့ ကျွန်တော့်မလှမ်းမကမ်း မြင်ကွင်းမှာ ကျွန်တော်ရရှိထားတဲ့ အရောင်လေးပျောက်ကွယ်သွားတယ်။ ယိမ်းယိမ်းနွဲ့နွဲ့ မြက်ခင်းစုလေးပေါ့။ သူဆီက အသံတွေလည်း ရခဲ့တယ်လို့ ယုံကြည်ထားတဲ့ မြက်ပင်ကလေးတွေပေါ့။ မရှိတော့ဘူး။ မြေစာမြေခဲလေးတွေပဲ ကျန်ရစ်ခဲ့တယ်။ ဒါ ဘာအတွက်မှ ထူးဆန်းမှာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် အဲဒီတစ်နေ့လုံး ဘယ်လိုမှ နေလို့မရဘူး၊ သွားကိုက်နေသလိုလို၊ ခေါင်းအုံနေသလိုလို။ တစ်ခုခုလိုအပ်လာပြီဆိုရင် သေးသေးလေးကအစ ကိုယ့်ဘ၀နဲ့ ဆိုင်တာချည်းပဲလို့ ထင်ကြတာပဲနော်။ အဲဒီနေ့ ဘာမှကို လုပ်လို့မရဘူး။ တွေးလို့မရဘူး။ စာဖတ်လို့မရဘူး။ အဲဒီ ဘာမှ မဟုတ်တဲ့ မြက်ပင်လေးတွေ အကူအညီနဲ့ နေထိုင်နေရတာတော့မဟုတ်ဘူး။ ဒါပေမယ့် သက်ဆိုင်နေခဲ့မှန်းတော့ ဘာမှ မရှိတော့တဲ့ နေရာအလွတ်ကလေးကို ရင်ဆိုင်မိလိုက်မှ သိလိုက် ခံစားလိုက်ရတယ်။ နောက်တစ်နေ့ ပြန်လာစိုက်သွားတာ တွေ့တော့မှ နည်းနည်းနေသာထိုင်သာ ရှိသွားတယ်။ အဲဒါပါပဲ။

ညနေရောင်တောက်နေတဲ့တိမ်တွေက ခင်ဗျားကို မြူဆွယ်လို့မရရင်တောင်၊ လရောင်က ခင်ဗျားစိတ်ကို ဆွလို့မရသည့်တိုင်အောင်၊ တတုန်တုန်မြည်နေတဲ့ Gtalk ကလူတွေကို မချက်ချင်သည့်တိုင်အောင် ခင်ဗျားပတ်ဝန်းကျင်မှာ ခင်ဗျားနေထိုင်မှုကို ထောက်ပံ့ပေးနေတဲ့ နေရာထိုင်ခင်းရှိနေမှာပါ။ ဒါမှ မဟုတ်ရင်တော့ ခင်ဗျားသွားထဲမှာ မရိုးမရွလေး ဖြစ်နေမလားပဲ။ ဒါမှ မဟုတ် ခင်ဗျား လက်လှမ်းမမှီနိုင်တဲ့ ခင်ဗျား ရဲ့ နောက်ကျောတစ်နေရာမှာ ယားစိစိတော့ ဖြစ်နေဦးမယ်။

ဘာပဲဖြစ်ဖြစ် ခင်ဗျားဟာ နေရာတစ်နေရာမဟုတ် တစ်နေရာမှာ အမြဲရှိနေမှာပဲ မဟုတ်လား။

ဆန္ဒမွန်ဖြင့်
yu ya

Monday, September 14, 2009

“ Find a way or make one! ”


Find a way or make one! (လမ်းကို တွေ့အောင်ရှာ... မတွေ့ရင် ဖောက်တဲ့)

ဒီစကားလေးက အားမရှိဘူးလား။ အားလဲရှိတယ်။ ထိမိတဲ့ အဆိုတစ်ရပ်လဲဖြစ်တယ်။ ကျွန်တော်တို့ဟာ အခက်အခဲနဲ့ ကြုံလာပြီဆိုရင် ထွက်ပေါက် " Outlet " ကို ရှာတော့တာပဲ။ ထွက်ပေါက်ရှာတာ သဘာဝကျပါတယ်။ အပြစ်မရှိပါဘူး။ အင်း... အပြစ်ရှိတာ ရေသာခို လှေကြုံလိုက် တီထွင်ကြံဆမှု မရှိဘဲ လမ်းအို လမ်းဟောင်း လမ်းမကောင်းကိုဘဲ ဖက်တွယ်ပြီး လျှောက်နေလို့ကတော့ ခရီးမပေါက်ဘဲ အပြီးလဲ မရောက်နိုင်တော့ဘူးပေါ့ဗျာ။

ဆန္ဒမွန်ဖြင့်
yu ya


Saturday, September 12, 2009

“ လူမှုဘ၀ မူမမှန်ခြင်း ”

*Emotional Contagion (ခံစားချက်ကူးစက်မှု)
ဒုက္ခရောက်သူ ခံစားရသလို ဘေးလူက ကူးစက်ခံစားရပြီး သူငါ နယ်ခြားေ၀၀ါးသွားခြင်း။

*Primal Empathy (ဗီဇ စာနာမှု)
ဒုက္ခရောက်သူ ခံစားရသလို ဘေးလူက ရေးတေးတေးခံစားလိုက်ရပြီး သူငါနယ်ခြားေ၀၀ါးမသွားခြင်း။

*Cognitive Empathy (တွေးကြံစာနာမှု)
တွေးကြံပြီးမှ ကိုယ်နဲ့ အဝေးကြီးမှာလိုထားထားတဲ့ ဒုက္ခရောက်သူအပေါ် စာနာစိတ်ဖြစ်ပေါ်ခြင်း။

*Sympathy (သာမန်စာနာမှု)
ဒုက္ခရောက်သူရဲ့ စိတ်အခြေကို စာနာခံစားမှု လုံးဝမပါဘဲ အခြေအနေကို အသိအမှတ်ပြုရုံသက်သက်။

လူတစ်ယောက်ကို တကယ်ကူညီဖြစ်ဖို့ဆိုတာဟာ ထပ်တူထပ်မျှ ခံစားရတဲ့ ဒီဂရီအပေါ် အများကြီး မူတည်နေပါတယ်။ သာမန်စာနာမှု Sympathy အဆင့်လောက်ပဲဆိုရင်တော့ စိတ်ချင်းဝေးနေတဲ့ သူတစ်ယောက်ကို ကျွန်တော်တို့ အသိအမှတ်ပြုမယ်။ တကယ်ကူညီဖြစ်ဖို့ အခွင့်အလမ်းကတော့ နည်းပါးနေဦးမှာပဲ ဖြစ်ပါတယ်။

စိတ်ချင်းဝေးနေမှုဆိုတဲ့ Removed Relationship ဟာ ဗီဇပါ ကူညီလိုစိတ် Innate Impulse to Help ကို အင်အားချိနဲ့စေပါတယ်။ နာလန်မထူနိုင်တဲ့အထိလည်း အသေသတ်ပစ်နိုင်ပါတယ်။ သူမပါဘဲလဲ ထိရောက်တဲ့ တကယ့်စာနာမှုက မဖြစ်၊ သူမဖြစ်ရင်လဲ....။

လူမှုကိစ္စများမြောင်လွန်းတာကြောင့် တစ်ဦးနဲ့ တစ်ဦး လမ်းပေါ်မှာ လှစ်ခနဲ တွေ့လိုက်တာတောင် စကားတစ်လုံး မပြောဖြစ်လိုက်။ လူလူချင်း နီးလျက်နဲ့ဝေး။ ဒီလို လူမှုဝေးကွာမှု Social Distance တွေဟာ လူမှုဘ၀ မူမမှန်ခြင်း Anomaly ကို ပြနေပါသည်။

သို့သော်လည်း မူမမှန်မှုဆိုတာကြီးဟာ ကြာလာတော့လည်း မူမှန်မှုတစ်ခုလို ဖြစ်လာနေတာဟာ ကျွန်တော်ပဲ ဘလော့တွေ ရေးပြီး အူကြောင်ကြောင်ဖြစ်နေပြီလားလို့ တစ်ခါတစ်ခါ စဉ်းစားမိတိုင်း ... ဟူး.. ရေသောက်ဦးမှပဲ!!

ှဆန္ဒမွန်ဖြင့်
yu ya


Friday, September 11, 2009

“ ရှားပါးပစ္စည်းမဟုတ်ပါဘူး ”

ကမ္ဘာပေါ်ကလူတွေ မကောင်းတာလုပ်နိုင်သမျှ စဉ်းစာကြည့်လိုက်။ လူသတ်မယ်၊ မုဒိန်းကျင့်မယ်ဆိုတဲ့ အဆိုးဆုံးတွေကအစ ရိုင်းရိုင်းစိုင်းစိုင်းပြောမယ်၊ မရိုးသားဘူး၊ လိမ်မယ် ဆိုတာတွေ အပါအ၀င် ဖြစ်နိုင်ခြေအားလုံးကို ကိန်းဂဏန်းတစ်ခုအနေနဲ့ ပိုင်းခြေမှာ ထားလိုက်မယ်။ ပိုင်းဝေမှာတော့ နေ့စဉ် တကယ်ဖြစ်နေတဲ့ အဆိုးကိန်းဂဏန်းကိုထားမယ်။ ရလာတဲ့အချိုးဟာ Nearly Zero သုညနားကပ်တဲ့ ဂဏန်းတစ်ခု ဖြစ်လိမ့်မယ်။ ဘယ်လောက်ဆိုးဆိုး အဲဒီလောက်ပါပဲ။

တစ်ခါ ပိုင်းခြေကို ဒီအတိုင်းထားပြီး ပိုင်းဝေမှာတော့ နေ့စဉ် အချိန်နဲ့အမျှ ကျွန်တော်တို့ ချိုချိုသာသာပြောတာ၊ တစ်ယောက်ကိုတစ်ယောက် ကူညီတာစတဲ့ အပြန်အလှန် အကျိုးဆောင်မှုတွေကို ကိန်းဂဏန်းတစ်ခုအဖြစ် ပိုင်းဝေမှာ တင်လိုက်မယ်။ ဒီအချိုးကတော့ ကြင်နာမှုနဲ့ ရက်စက်မှု အချိုးပါပဲ။ အမြဲတမ်း အပေါင်းကိန်းပြည့်ပါပဲ။ ကျွန်တော်တို့ထင်နေတာက အနုတ်ကိန်းပြည့်တွေ ဖြစ်လိမ့်မယ်ထင်နေတာ။ မဟုတ်ပါဘူး။ သေသေချာချာ စဉ်းစားကြည့်ပါ။ အပေါင်းကိန်းပြည့် စစ်စစ်ပါပဲ။

ဒီ Mental Exercise က ဘာကိုပြလဲဆိုတော့ အကောင်းအစုအပုံဟာ အဆိုးအစုအပုံထက် သာတယ်ဆိုတာပါပဲ။ ဒါဟာ လူ့သဘာဝနဲ့ ပက်သက်လို့ အလွန်ရိုးစင်းတဲ့ အချက်ပါနော်။ လူ့စိတ်ဟာ ဒေါသ၊ မာန၊ အတ္တမကင်းပေမယ့် မေတ္တာ၊ ကရုဏာ၊ သတိ၊ ပညာစတဲ့ အကောင်းတရားတွေဟာ လေ့ကျင့်ရင် လေ့ကျင့်သလောက် အစွမ်းထက်လာနိုင်တယ်ဆိုတာကို ပြပါတယ်။ အကောင်းက အဆိုးထက် ပိုအားကောင်းတယ်ဆိုတာပါပဲ။

ကောင်းတာတွေဟာ သမိုင်းထဲက ရှားပါးပစ္စည်းမဟုတ်ပါဘူး။ နေ့စဉ်ဘ၀ထဲကပဲ မရေတွက်နိုင်တဲ့ အခွင့်အရေးကောင်းလေးတွေ ပါခင်ဗျာ။

ဆန္ဒမွန်ဖြင့်
yu ya

Thursday, September 10, 2009

“ကမ္ဘာမြေပေါ်က နတ်တမန်ကလေး”


ကားချင်းဆိုင်တိုက်မိလို့ ကျွန်တော်ရဲ့ ကားဟာ ကြေမွသွားတယ်။ မျက်နှာတစ်ခြမ်းနဲ့ လည်ပင်းတ၀ိုက် သွေးချင်းချင်းနီနေပြီး အပျက်အစီးပုံကြားထဲမှာ ပိတ်မိနေတယ်။ နာကျင်မှု၊ ထိတ်လန့်တုန်လှုပ်မှု၊ အားကိုးရာမဲ့မှု၊ စိတ်ရှုပ်ထွေးမှုများနဲ့ လွှမ်းခြုံနေတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်က ဘေးမှာ ဒူးထောက်ထိုင်ချလိုက်ပြီး လက်ကို အသာအယာဆုပ်ကိုင် နှစ်သိမ့်အားပေးတယ်။ သူ့ရဲ့ ကရုဏာစကားကြောင့် နာကျင်မှုနဲ့ စိတ်လှုပ်ရှားမှုတွေ ကြားထဲကပဲ စိတ်တည်ငြိမ်မှုကို ရရှိခဲ့တယ်။ အဲဒီသူငယ်ချင်းကို ကျွန်တော်က “ကမ္ဘာမြေပေါ်က နတ်တမန်ကလေး” လို့ အမည်ပေးထားခဲ့ပါတယ်။



ဒီလို နတ်တမန်လေးတွေကို ဘယ်လို စိတ်ခံစားချက်တွေက စေလွှတ်လိုက်သလဲ။ ကျွန်တော်တို့ မသိနိုင်ပါဘူး။ သိနိုင်တာကတော့ စာနာမှုပေါ်မှသာ ကရုဏာဖြစ်နိုင်တယ်ဆိုတာပါ။

စာနာမှုဖြစ်လာဖို့ မျှဝေခံစားတတ်ရမယ်။ လူတစ်ယောက်ရဲ့ အတွင်းကမ္ဘာကို ထိုးထွင်းသိမြင်နိုင်ဖို့ လိုအပ်တဲ့အချက်ပါပဲ။ အာရုံခံဆဲလ်တွေဟာ သူတစ်ပါးရဲ့ ဒုက္ခကို ကိုယ့်ဒုက္ခသဖွယ် ရှုနိုင်အောင် ဆောင်ကြဉ်းပေးပါတယ်။

သူများအကြောင်းကို စိတ်ဝင်တစား လေ့လာကြဖို့လိုပါတယ်။ ခံစားချက်ချင်း နီးစပ်သွားအောင်လည်း ကြိုးစားကြရမယ်။ ဒါမှသာ သာမန်စာနာမှု Sympathy ဟာ ကိုယ်တိုင်ဖြစ်သလို ခံစားရမှု Empathy အဖြစ် ပြောင်းလဲသွားနိုင်မယ်။

လူတစ်ယောက်ရဲ့ (ပျော်ရွှင်မှု သို့မဟုတ် မနှစ်မြို့ မှုကိုပြတဲ့) မျက်နှာအမူအရာကို လိုက်တုကြည့်တဲ့အခါ ခုနကပြောတဲ့ ကိုယ်တိုင်ဖြစ်သလို တစ်သွေမတိမ်း ခံစားရမှုဟာ ပိုမိုအားကောင်းလာတာ တွေ့ရပါတယ်။ တစ်ဖက်သားအပေါ်မှာ အာရုံစူးစိုက် တုပလေလေ ပိုပိုပြီး အားကောင်းလေလေပါပဲ။


၁၉၀၉ ခုနှစ်လောက်ကတည်းက အင်္ဂလိပ်စာပေထဲကို ရောက်လာတဲ့ Einfuhlung ဆိုတဲ့ ဂျာမန်စကားလုံး တစ်လုံးရှိပါတယ်။ ခုတော့ အင်္ဂလိပ်လို Empathy လို့ ဖြစ်နေပါပြီ။ သူ့ရဲ့ မူရင်း အဓိပ္ပာယ်က “ထဲထဲဝင်ဝင် ခံစားခြင်း” entering into feelings တစ်ဖက်သားရဲ့ ခံစားချက်ကို တတ်နိုင်သရွေ့ တစ်သွေမတိမ်း ထဲထဲဝင်ဝင် တုပခံစားတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အာရုံခံဆဲလ်တွေ အားကောင်းရင် အားကောင်းသလောက် စာနာမှု ဆိုတာဟာ ကျွန်တော်တို့ ရင်ထဲကို မြန်မြန်ဆန်ဆန်ရောက်လာတတ်ပါတယ်။

စိတ်ပညာမှာတော့ Empathy ဆိုတဲ့ စကားကို အဓိပ္ပာယ် သုံးမျိုးနဲ့ ပြောဆိုသုံးစွဲနေကြပါတယ်။ တစ်ပါးသူရဲ့ ခံစားချက်ကို သိခြင်း၊ တစ်ပါးသူခံစားသလို ခံစားခြင်း၊ တစ်ပါးသူရဲ့ ဆင်းရဲဒုက္ခကို ကရုဏာနဲ့ တုံ့ပြန် ကူညီခြင်းတို့ဖြစ်ပါတယ်။ ဒီသုံးမျိုးဟာ အစဉ်အတိုင်းပါပဲ - သတိထားမိတယ်၊ ခံစားရတယ်၊ ကူညီတယ်။

“မွေးရာပါ ဗီဇစာနာမှု” Primal Empathy ဟာ ဦးနှောက်တစ်နေရာတည်းမှာ ဖြစ်တာ မဟုတ်ပါဘူး။ အခြေအနေပေါ် မူတည်ပြီး ဦးနှောက်ရဲ့ နေရာအမျိုးမျိုးကို နိုးကြားတက်ကြွစေတာ ဖြစ်ပါတယ်။ အဲဒီအခါ ပေးပို့သူရဲ့ အရေးအရာဟာ လက်ခံသူရဲ့ အရေးအရာ ဖြစ်လာပါတယ်။ အတွေးတွေ ခံစားချက်တွေကို ရှယ်ယာလုပ်လိုက်တာနဲ့ပဲ ဦးနှောက်နှစ်ခုကြားမှာ လက်ရေးတို Shorthand နဲ့ ပုံတူကော်ပီကူးလိုက်သလို ဖြစ်သွားပါတယ်။ အချိန်ဆိုင်းစရာမလို၊ စကားလုံးတွေနဲ့ ရှင်းပြစရာ မလိုလောက်အောင်ပါပဲ။


ကျေးဇူးတင်စွာဖြင့်
yu ya


Tuesday, September 8, 2009

“ဝေတစ်နေ့ ကြွေတစ်နေ့”

သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာသည် “ငါတို့ သူငယ်ချင်း လင်းဝေဟင်မောင် ဆုံးသွားပြီတဲ့..” ။

ဒီသတင်းကို ကြားလိုက်ရသည့် တဒင်္ဂအတွင်းမှာပင် ကျွန်တော် ကြက်သီးမွေးညင်းထသွားတာကတော့ အမှန်ပင်ဖြစ်ပါသည်။

ဝေတစ်နေ့ ကြွေတစ်နေ့။ ဘ၀၏ အန္တိမအဆုံးခရီးမှာ ကြွေလင့်ခြင်းပါတကား။




အမှန်အတိုင်းဆိုရပါလျှင် သေခြင်းဓမ္မသင်္ခါရခြေသံကို ကျွန်တော် အလန့်တကြား တွေးကြောက်နေမိခြင်းမှာ ကြာနေပြီ ဖြစ်ပါသည်။ တကယ်တော့ ဒါဟာ သဘာဝတရားမို့ တွေးထိတ်စရာလား။ စာရေးဆရာကြီး Bertrand Russell ကတော့ သူ့အမြင်ကို ကြည်လင်စွာ ဒီလိုပြောခဲ့ပါတယ်။
“လူအိုတစ်ယောက်သည် သေခြင်းတရားကို ကြောက်မည်မဟုတ်ပါ။ သူတန်ဖိုးထားနေသော အရာများသည် ရှေ့တွင် ဆက်လက်ဖြစ်ပွားနေမည်ဖြစ်သည့်အတွက် သေခြင်းတရားမှ ကင်းဝေးပါလိမ့်မည်။ အားခွန်တို့ ဆုတ်ယုတ်ကာ မောပန်းနွမ်းနယ်ခြင်း ကြီးမားလာသည့်အချိန်တွင် ငြိမ်းချမ်းစွာ အနားယူရတော့မည်ဟူသော အတွေးသည် မနှစ်သက်စရာမဟုတ်။ ကျွန်တော်သည် အလုပ်လုပ်ရင်းဖြင့်သာ သေသွားချင်ပါသည်။ ကျွန်တော် ဆက်မလုပ်နိုင်တော့သော အရာတို့ကို အခြားသူများက ဆက်လက်လုပ်ကြမည်ဟူသော အသိဖြင့် သေသွားချင်ပါသည်။ ကိုယ်က စဉ်းစာရုံသာ စဉ်းစာခဲ့သော အရာများသည် တစ်နေ့တွင် အကောင်အထည်ဖော်ပြီးသား ဖြစ်လိမ့်မည်ဟူသော ကျေနပ်နှစ်သိမ့်မှုဖြင့် ကျွန်တော် သေသွားချင်ပါသည်” တဲ့။

ဘယ်လောက်ကောင်းလိုက်တဲ့ အရသာရှိရှိ နူးနူးညံ့ညံ့သေနည်းလဲ။

ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီးကလည်း အကောင်းဆုံးနေနည်းဟာ အကောင်းဆုံး သေနည်းပဲဟူသည့် သဘောဆန်ဆန် ဟောပြောညွှန်ပြဆုံးမခဲ့ဖူးတာကို အမှတ်ရမိသည်။ ကျွန်တော်တို့ ဘယ်လို အကောင်းဆုံးနေနည်းတွေနဲ့ စင်ကြယ်သော လောကကြီးမှာ နေခဲ့ပါသလဲ။ မေးခွန်းထုတ်စရာတွေက တစ်ပုံတစ်ပင် ဖြစ်ပါသည်။



ဘ၀ဆိုတာ လျှပ်တစ်ပြက် သက်တံကွေးကွေးလေးပေါ်မှာ စင်စင်ကြယ်ကြယ် နေထိုင်ဖြတ်သန်းရင်း မြင့်မြင့်မြတ်မြတ် သေခြင်းစခန်းသို့ ခြေလှမ်းပြင်ဆင်နေကြသူတွေ အမြောက်အမြားရှိပါသည်။ အဲဒီအထဲမှာ ကျွန်တော်တို့ အားလုံး ပါဝင်နေကြမည် ထင်ပါသည်။

ခုဆို...။

ဘာလိုလိုနှင့် ကိုယ့်ကိုယ်ကို မှန်ထဲသေသေချာချာ ကြည့်သည့်အခါ အရုပ်အရောင်တွေ ရေကျကာ၊ နေ၀င်စဆံပင်နှင့်တကွ အရွယ်အသက်ကိုပါ ဆေးဆိုးကျားကန်ထားရသည့် အသွင်အပြင်ကို မြင်ရလေပြီ။ သို့တိုင်... ဘာမုန့်မှမကျက်သေး။

ကမ္ဘာကြီးတစ်ဝက် ထမ်းထားသလို (၇) ရက်သားသမီးများနှင့်လူတွေကို ကြီးပွားချမ်းသာအောင် လုပ်ဆောင်မပေးနိုင်သော်လည်း သူတို့နှင့် တွေ့လျှင် ရွှင်လန်းကြည်သာ ပြုံးပြဖို့၊ သူတို့ပြောတာကို နားထောင်ဖို့၊ ရိုးသားစွာ ချီးမွမ်းပြောဆိုဖို့၊ စေတနာနှင့် တိုက်တွန်းအားပေးဖို့ ကူညီနိုင်တာကို ကူညီဖို့ သို့မဟုတ် သူတို့ စိတ်ချမ်းသာအောင် အတတ်နိုင်ဆုံး ကိုယ့်ဘက်က လုပ်ပေးနိုင်ရေးကိုပဲ တွေးရင် အေးအေးသက်သာစွာဖြင့် လောကကြီးကို နောက်ဆုံး နှုတ်ဆက်ထွက်ခွာသွားရန် နှလုံးသွင်းနေမိပါသည်။

ဆန္ဒမွန်ဖြင့်
yu ya