Pages

Friday, July 31, 2009

ရောက်မိပါသော NTU Convocation 2009

ကျွန်တော်ရဲ့ ဘ၀မှာ ဘွဲ့နှင်းသဘင်ခန်းမဆိုတာကို ပထမဦးဆုံးအကြိမ်အဖြစ် ကျကျနန တက်ရောက်ဖူးတာပါ။

ကျွန်တော်တို့ရဲ့ နည်းပညာတက္ကသိုလ် ဘွဲနှင်းသဘင်ကျင်းပချိန် ၂၀၀၄ ခုနှစ် ဧပြီလတုန်းက....။ TOEFL အတွက် USIS မှာ သင်တန်းတက်နေရင်း နောက်ဆုံးစာမေးပွဲ တစ်ခုနဲ့ သွားရောက်တိုက်ဆိုင်နေတာကြောင့် တက်ရောက်ယူပါမည်လို့ Form ဖြည့်ထားသော်လည်းပဲ လွဲချော်ခဲ့ရဘူးပါတယ်။ အဲဒီတုန်းကတော့ သူငယ်ချင်းတွေ တက်ရောက်ယူခဲ့တာကို အိမ်ပြန်ရောက်မှပဲ အေးအေးဆေးဆေး မေးဖြစ်ခဲ့ပါတယ်။ သူတို့ ပြောပြခဲ့ပုံအရနဲ့၊ အပြိုင်အဆိုင် ဓာတ်ပုံရိုက်ချက်တွေကြည့်ရချက်အရတော့ အပူကြောက်တဲ့ ကျွန်တော်အတွက်တော့ မစဉ်းစားတတ်လောက်အောင်ပါပဲ။ ဒါနဲ့ပဲ ဘွဲ့လက်မှတ်လေးကို ကြိုကုန်းကျောင်းမှာ သွားထုတ်ယူပြီး သိမ်းထားခဲ့ရတာပါပဲ။ ဘွဲ့နှင်းသဘင်ခန်းမဆိုတာ ၀မ်းကွဲညီမတစ်ယောက် ဘွဲ့လာယူတုန်းက ဓာတ်ပုံသွားရိုက်ပေးတုန်း တစ်ချက်ပဲ ရောက်ခဲ့ဖူးပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမဆိုတာ ကျွန်တော်ရဲ့ ခပ်လှမ်းလှမ်းမှာသာ ရှိနေခဲ့တာပါ။

ဒီလိုနဲ့ 28.07.2009 နေ့မှာ NTU Convocation 2009 ကို ကျွန်တော် မဟေသီ ဘွဲ့ယူရန် သူမနဲ့အတူ Taxi လေးငှားပြီး Nanyang Auditorium သို့ ညနေ ၄ နာရီခန့်မှာ ထွက်လာခဲ့ပါတော့သည်။ ဘွဲ့ဝတ်စုံအိတ်ကတစ်ဖက်၊ ဓာတ်ပုံရိုက်ဖို့ ကင်မရာအိတ်နဲ့ Tripod က တစ်ဖက်၊ အလုပ်ကိုဖြစ်နေ တော့တာပါပဲ။ ကျောင်းလည်းရောက်ရော။ အားပါး... လူတွေအများကြီးပဲ... ။ ဓာတ်ပုံတွေ အပြိုင်အဆိုင် ရိုက်နေကြတာ..။ ကျွန်တော်လည်း ကင်မရာကို White Balance တွေ၊ Shutter Speed တွေဘာတွေ စမ်းပြီး ကျွန်တော်မဟေသီကို တဖျောင်းဖျောင်း နဲ့နေအောင် ရိုက်တော့တာပဲ (ဓာတ်ပုံ..ကိုပြောတာနော်)။ ဓာတ်ပုံတွေအားလုံး ၄၉၉ ပုံတောင်ရိုက်ခဲ့တာ။ ကွန်ပျူတာထဲ မနည်းသွင်းရတယ် ..မ၀င်ချင်ဘူးလုပ်နေလို့..။

ဓာတ်ပုံတွေလည်း ရိုက်ရင်း ၅နာရီလောက်မှာ ခန်းမထဲဝင်ဖို့ ကျွန်တော်မဟေသီက Register သွားလုပ်ရပါ တော့တယ်။ ကျွန်တော်အတွက်ကတော့ Register လုပ်စရာမလိုဘူး။ ၀င်ဖို့ လက်မှတ်ကလေးကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက စာတိုက်ကနေ (၂)ယောက်စာ ပို့ထားလို့ ရပြီးသား။ ခန်းမထဲအ၀င်လမ်းလေးမှာ ကျွန်တော်မဟေသီတော့ ဘယ်လိုနေလဲမသိဘူး.. ကျွန်တော်ကတော့ ရင်တွေခုန်လာတယ်ဗျာ... ခန်းမအ၀င်က ပျူငှာစွာကြိုဆိုနေတဲ့ ဧည့်ကြိုကောင်မလေးတွေကြောင့် မဟုတ်တာ သေချာပါတယ်။ အဟီး..။



ခန်းမထဲလည်း လူတွေပြည့်လို့ ၅ နာရီ ခွဲကျော်ကျော်မှာ NTU ရဲ့ President နဲ့တကွ သက်ဆိုင်ရာ Professor တွေ ခန်းမထဲ ၀င်လာပြီဖြစ်ပါ၍ မတ်တတ်ရပ်ပြီး ကြိုဆိုဖို့ Announce လုပ်တာကို ကြားလိုက်ရပါတော့တယ်။ President နဲ့ Professor တွေ နေရာယူအပြီးမှာ စင်ကာပူနိုင်ငံတော်သီချင်းသံကို စတင်ကြားရပါတော့တယ်။ သီချင်းပြီးဆုံးလို့ President က အခန်းအနားစတင်ပြီဖြစ်ကြောင်း ကြေငြာပြီးတာနဲ့တပြိုင် EEE ရဲ့ Dean ကနေပြီး မိန့်ခွန်းပြောပါတယ်။ မိနစ် ၂၀ လောက်စကားတွေ ပြောအပြီးမှာ Ph.D ကို ဘွဲ့စတင် ပေးအပ်ပါတော့တယ်။ နောက်ပြီး Master တွေ။Master တွေပေးလို့ တစ်ဝက်လောက်လည်းရှိရော ဘွဲ့ပေးအပ်တာကို ခဏတာရပ်နားပြီးတော့ ဖျော်ဖြေရေးအစီအစဉ်တစ်ခုကို ၁၀ မိနစ်ခန့် စတင်ပါတော့တယ်။ တရုတ်ရိုးရာ စောင်းတီးကွက်လေးတစ်ခုကို တရုတ်မလေးတစ်ယောက်က ကျွမ်းကျွမ်းကျင်ကျင် တီးပြ ဖြေဖျော်သွားပါတယ်။



ဒီမှာ အလျင်းသင့်လို့ တစ်ခုလောက်ပြောချင်တယ်ဗျာ။ အမည်နာမဆိုတာနဲ့ ပက်သက်ပြီးတော့ပါ။ Announcer လုပ်တဲ့ Professor က မြန်မာနာမည်တွေကို တစ်ယောက်မှ ပီအောင် မဖတ်နိုင်ဘူးဆိုတာကို တွေ့ရသလို၊ အရမ်းနဲ့ ရှည်တဲ့ အိန္ဒိယနာမည်တွေ လည်း အများကြီး ကြားရပါတယ်။ ကျွန်တော်တွေ့ရသလောက် ဘွဲ့ယူတဲ့သူရဲ့ ထက်ဝက်ကျော်ဟာ အိန္ဒိယတွေများပါတယ်။ ဒါကြောင့် Announcer လုပ်တဲ့ Professor ရဲ့ လျှာတော့ ဘယ်လိုနေမလဲမသိဘူး.. နည်းနည်းလောက်လိုက်ဆိုခဲ့တဲ့ ကျွန်တော်လျှာတော့ ဒီကနေ့ထိအောင်ကို လိပ်နေသေးတယ်..အဟီး။ မြန်မာနာမည်တွေခေါ်လိုက်လို့ ကြားရတဲ့အသံက ရီစရာကောင်းနေရင် တချို့ တရုတ်တွေက ရီကြပါတယ်။ အိန္ဒိယနာမည် အရှည်ကြီးတွေ ခေါ်လိုက်ရင်လည်း တရုတ်တွေက ရီပြန်ရော။ အစပိုင်းကတော့ ကိုယ်လည်း ရောပြီး လိုက်ရီနေတာပါ။ နောက်တော့မှ အချဉ်ပေါက်လာပြီး ခပ်တည်တည်နေလိုက်တော့မှ ဘေးက တရုတ်က ငြိမ်သွားရော။

ဒါနဲ့ပဲ အားလုံးလည်း ဘွဲ့ယူအပြီး ထူးထူးခြားခြား အစီအစဉ်လေးတစ်ခုအဖြစ် Ph.D ဘွဲ့ရ တရုတ်မလေး တစ်ယောက်က သူ့ရဲ့ (၇) နှစ်တာ NTU တွင် ပညာဆည်းပူးခဲ့သော အတွေ့အကြုံများနဲ့ ကျေးဇူးတင်စကားပြောကြားပြီး သူမရဲ့ သူငယ်ချင်း ၃ ယောက်နဲ့အတူ Vitamin C ရဲ့ Graduation Song သီချင်းကို သံပြိုင်သီဆိုသွားကြပါတယ်။ အခမ်းအနားအပြီးမှာ President နဲ့ Professor များ ပြန်လည် ထွက်ခွာသွားအပြီးမှာ ကြေငြာလာတဲ့အသံတစ်ခုကြောင့် ကျွန်တော်အံအားသင့်သွားခဲ့ရပါတယ်။ “လူကြီးမင်းတို့ခင်ဗျာ... အားလုံးပဲ Buffet သုံးဆောင်ရန်ဖိတ်ကြားအပ်ပါသည်..”တဲ့။ ဒါနဲ့ပဲ ဘွဲ့နှင်းသဘင် ခန်းမထဲက ပြန်ထွက်လာကာ ဓာတ်ပုံအချို့ ရိုက်ပြီး Buffet ခမ်းမထဲကို ၀င်ခဲ့ပါတော့တယ်။

Buffet စားနေကြတဲ့သူတွေကို ဓာတ်ပုံတွေ ခိုးရိုက်ခဲ့တယ်ဗျ။ တစ်ချို့ ဆိုရင် ပလုတ်ပလောင်းစားနေတဲ့ပုံတွေ၊ တစ်ချို့ ကဆိုရင် ပန်းကန်ထဲ အပြည့်အမောက်ထည့်ထားတဲ့ပုံတွေ အများကြီးပဲ အဟီး.. ။ သိရင် စိတ်ဆိုကြမယ်နဲ့တူတယ်။ Buffet စာပြီးတော့ ကျွန်တော်မဟေသီက သူမရဲ့ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ လိုက်ရိုက်ပေးပြီး ည (၉)ကျော်ကျော်လောက်မှာ NTU ကနေပြီး ပြန်လည် ထွက်ခွာလာခဲ့ပါတော့တယ်။

ကိုယ်တိုင်ဘယ်တော့များ တက်ခွင့်ရမလဲဆိုတာတွေးရင်း... Choa Chu Kang သို့။

ကျေးဇူးတင်စွာဖြင့်
yu ya


Saturday, July 25, 2009

Esplanade Night Scene (Part II)

ဒုတိယ အကြိမ်မြောက် လက်ဆော့ထားသော ပုံများ ဖြစ်ပါသည်။



Esplanade Night Scene (PartII) - 1



Esplanade Night Scene (PartII) - 2



Esplanade Night Scene (PartII) - 3



Esplanade Night Scene (PartII) - 4



Esplanade Night Scene (PartII) - 5



Esplanade Night Scene (PartII) - 6



Esplanade Night Scene (PartII) - 7



Esplanade Night Scene (PartII) - 8


Camera : Nikon D90
Lens : AF-S DX NIKKOR 18-105mm f/3.5-5.6G ED VR
Exposure : 15 sec (15)
Aperture : f/11
ISO Speed: 200
Exposure Program: Shutter Priority
Flash : Flash did not fire

ကျေးဇူးတင်စွာဖြင့်
yu ya


Wednesday, July 22, 2009

အလည်ဗဟိုကို ရှာဖွေခြင်း


တကယ်လို့များ......
“ယုံကြည်မှု၊ ပျော်ရွှင်မှုအရသာ နဲ့ ချစ်ခြင်းမေတ္တာ” တွေကို ရှာဖွေကြမယ်လို့ အသိစိတ်က ပေါ်လာခဲ့မယ်ဆိုရင် စက်ဝိုင်းရဲ့ အနားဝန်းတွေဖြစ်တဲ့ “ပျော်ရွှင်ခြင်း၊ ရှုံးနိမ့်ခြင်း၊ ဆင်းရဲဒုက္ခ၊ မျှော်လင့်ချက်” အစရှိသော နှလုံးသားရဲ့ အပေါ်ယံ ခံစားချက်များမှသည် နှလုံးသားရဲ့ အလည်ဗဟိုဆီသို့ တစိုက်မတ်မတ် ရွှေ့ လျားပေးရမှာပေါ့။

နှလုံးသားရဲ့ ဖန်တီးနိုင်စွမ်းဆိုတာ သူ့ရဲ့ အလယ်ဗဟိုမှာသာ တွေ့ရမှာပါ။ နှလုံးသားတစ်ခုလုံးကို မောင်းနှင်တဲ့ စွမ်းအင်ကလည်း အဲဒီ အလည်ဗဟိုမှာပဲ ရှိတယ်ဆိုတာ လျှို့ ၀ှက်ချက်မဟုတ်တဲ့ လျှို့ ၀ှက်ချက်တစ်ခုဆိုတော့ ဘယ်သူ့မှ လျှောက်မပြောကြပါနဲ့နော်။

ကျေးဇူးတင်စွာဖြင့်
yu ya

Saturday, July 18, 2009

ခေါင်းစဉ်ပျောက်နေသော သီချင်းတစ်ပုဒ်

“...အလင်းနှစ်သန်းပေါင်းများစွာ
ငါနဲ့ ငါ့ဘ၀ဝေးကွာ
အတ္တတစ်ခုနဲ့ အတ္တကို ပြန်မျှ...” (ငါ့ကို ငါက ရှုံ့ ချ၊ ငါ့ကို ငါပဲအားကျ)

“...အဆုံးအစမသိတဲ့ခရီးမှာ
လမ်းပြသုံးသပ်မယ့်ကမ္ဘာ
လောကပြင်းသက်များထဲ ငါဘယ်မှာ...” (ငါ့ကို ငါက ရှုံ့ ချ၊ ငါ့ကို ငါပဲအားကျ)

“...ငါတည်ဆောက်ခဲ့ရသမျှ (ပြန်ပြီးဖြိုချ)
ငါတည်ထောင်ခဲ့ရသမျှ (ငါစွန့်လွှတ်လိုက်ရ)
ငါသင်ကြားခဲ့ရသမျှ (ငါမေ့ဖို့ကြိုးစား)
ငါမရှိ၊ ငါမသိ၊ ငါ၏ ငါ့အမှားမျာူးု....
ငါသိပ်မသိသော (ငါ့ရဲ့ နောက်တစ်ယောက်က..)
ငါနားမလည်သော (ငါ့ရဲ့ ဒဿက...)
ငါအကျွမ်းမ၀င်သော ငါ့မှာ...
(ငါ့ကို ငါက ရှုံ့ ချ၊ ငါ့ကို ငါပဲအားကျ)
ငါပျေက်နေဆဲ (ငါ့ရဲ့ အနီးဆုံးက...)
ငါလိုက်ရှာဆဲ (ငါ့ရဲ့ အဝေးဆုံးက...)
ငါနဲ့ ငါကြား ဗျာများနေဆဲငါ....”

“...လူ့ကလက်စီးများအတွင်းမှာ
ဇောစိတ်တို့ တဖျတ်ဖျတ်ခါ
အတ္တတစ်ခုက အတ္တကိုစေစား...” (ငါ့ကို ငါက ရှုံ့ ချ၊ ငါ့ကို ငါပဲအားကျ)

“...မီးများနဲ့ ကင်းဝေးရာ
ငါမီးထွန်းပြီးတော့ လိုက်ရှာ
လွမ်းအားပြင်းချက်မျာထဲ ငါဘယ်မှာ...” (ငါ့ကို ငါက ရှုံ့ ချ၊ ငါ့ကို ငါပဲအားကျ)

“...ငါတည်ဆောက်ခဲ့ရသမျှ (ပြန်ပြီးဖြိုချ)
ငါတည်ထောင်ခဲ့ရသမျှ (ငါစွန့်လွှတ်လိုက်ရ)
ငါသင်ကြားခဲ့ရသမျှ (ငါမေ့ဖို့ကြိုးစား)
ငါမရှိ၊ ငါမသိ၊ ငါ၏ ငါ့အမှားမျာူးု....
ငါသိပ်မသိသော (ငါ့ရဲ့ နောက်တစ်ယောက်က..)
ငါနားမလည်သော (ငါ့ရဲ့ ဒဿက...)
ငါအကျွမ်းမ၀င်သော ငါ့မှာ...
(ငါ့ကို ငါက ရှုံ့ ချ၊ ငါ့ကို ငါပဲအားကျ)
ငါပျေက်နေဆဲ (ငါ့ရဲ့ အနီးဆုံးက...)
ငါလိုက်ရှာဆဲ (ငါ့ရဲ့ အဝေးဆုံးက...)
ငါနဲ့ ငါကြား ဗျာများနေဆဲငါ....”

*** ကဗျာမဟုတ်ပါဘူး။ အရမ်းနဲ့ ကြိုက်မိပါသော သီချင်းတစ်ပုဒ်ရဲ့ Lyrics တွေပါ။ ရေးဖွဲ့သူကို မသိပေမယ့် သီဆိုသူကတော့ ငှက်ကလေး (ဘလော့ဂါ) နဲ့ ဘာတော်မလဲ စဉ်းစားနေမိတယ်..အဟီး။ သီချင်းခေါင်းစဉ်လည်း ပျောက်နေပါတယ်။

သီချင်းသံစဉ်က အနည်းငယ် ဆူညံတဲ့ဘက်ကို ရောက်နေပေမယ့် စာသားတွေကိုတော့ အင်မတန်မှ နှစ်ခြိုက်မိပါတယ်။ အဆိုတော်ရဲ့ ဆိုဟန်ကတော့ ပြောစရာမလိုလောက်အောင်ကို ပြောင်မြောက်လှပါတယ်။ ပြောင်မြောက်ဆို သူက ကျွန်တော်တို့ အင်မတန်မှ နှစ်သက်တဲ့ အဆိုတော် R ဇာနည်ရဲ့ ဆရာရင်းလည်း ဖြစ်ခဲ့တယ်လို့ ဖတ်ဖူးပါတယ်။

သီချင်းနားထောင်ကြည့်ချင်ရင်တော့ ကျွန်တော်ရဲ့ My Favourite Songs များထဲမှာ ရှာကြည့်လို့ရပါတယ်။

ကျေးဇူးတင်စွာဖြင့်
yu ya

Thursday, July 16, 2009

လူမှုစွမ်းဆောင်ရည်ဆိုသည်...

ပရင်စတန် ဘာသာရေးကျောင်းမှာ ဖြစ်ပါတယ်။ ကျောင်းသား ၄၀ ဟာ တရားဟောပြိုင်ပွဲအတွက် စောင့်ဆိုင်း နေကြတယ်။ ကျောင်းသားတစ်ဝက်ကို သမ္မာကျမ်းစာထဲက ခေါင်းစဉ်တချို့ ပေးထားပြီး ကျန်တစ်ဝက်ကိုတော့ “ဒုက္ခရောက်သူတို့ ကူညီနီတိ” (Parable of the Good Samaritan) အကြောင်း ဟောပြောဖို့ တာဝန် ပေးထားတယ်။ သူတို့ဟာ ပရဟိတနဲ့ ပက်သက်တဲ့ လေ့လာစမ်းသပ်မှု တစ်ခုမှာ ပါဝင်နေရတယ်ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။

တံခါးပေါက်အ၀င်မှာ လူတစ်ယောက်ဟာ နာကျင်မှုကြောင့် ညည်းတွားပြီး ပုံလျက်သား လဲကျနေပါတယ်။ ကျောင်းသား ၄၀ ထဲက နှစ်ဆယ့်လေးယောက်ဟာ ညည်းတွားနေတဲ့သူကို အာရုံမရောက်ဘဲ အသာပဲ ကျော်သွားတယ်။ ဒုက္ခရောက်သူတို့ကူညီနီတိကို လေ့ကျင့်ထားတဲ့ ကျောင်းသားတွေလဲ ဒီထဲမှာ ပါပါတယ်။

ကျောင်းသာတွေအတွက် ဒီနေရာမှာ အချိန်ဟာ အဓိက ကျလာပါတယ်။ တရားပွဲအတွက် အချိန်နောက်ကျ နေပြီလို့ တွေးထားတဲ့ လူဆယ်ဦးအနက် တစ်ယောက်တည်းကပဲ လိုအပ်နေသူကို ကူညီခဲ့တယ်။ အချိန်တွေ အများကြီးရတဲ့ ဆယ်ဦးထဲမှာတော့ ၆ ယောက်က ကူညီခဲ့ပါတယ်။

ပရဟိတလုပ်ငန်းတစ်ခုဖြစ်လာဖို့ လွှမ်းမိုးချယ်လှယ်နေတဲ့ အချက်တွေအများကြီးထဲမှာ “အာရုံစိုက်ဖို့ အချိန်ရတယ်” ဆိုတဲ့ အလွန်ရိုးစင်းတဲ့ အချက်လေးဟာ အတော်အရေးပါနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ဟာ လူတစ်ဦးအပေါ် အချိန်ယူပြီး အပြည့်အ၀ အာရုံစိုက်လိုက်တဲ့အခါ ခံစားချက်ချင်း နှီးနှောမိပြီး စာနာမှုရဲ့ အထွက်အထိပ်ကို ရောက်လာတတ်တယ်။ အာရုံစိုက်မှု တစ်ခုကို ပေးဖို့ဆိုတာမှာ အရည်အချင်း၊ ဆန္ဒချင်း၊ စိတ်ဝင်စားမှုချင်း တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ဥပမာ - အမေလုပ်သူက ဘေးနားက တတွတ်တွတ်ဆူတာကို ခံနေရတုန်းမှာပဲ သမီးလုပ်တဲ့ မှုန်ကုတ်ကုတ်ကောင်မလေးဟာ သူငယ်ချင်းနဲ့ ဖုန်းပြောတဲ့ထဲမှာ ခဏလေးအတွင်းမှာပဲ စိတ်ကို စူးစိုက်ထားနိုင်ခဲ့တယ်။

တရားပွဲအတွက် စိတ်ရောက်နေတဲ့ ကျောင်းသားတွေအဖို့ လူတစ်ဦးကို ကူညီချင်တဲ့ဆန္ဒ ဖြစ်မလာတာ၊ စိတ်ဖြစ်လာတာတောင် တကယ်မကူညီနိုင်တာဟာ သူတို့အလုပ်မှာ သူတို့ကိုယ်တိုင် မြုပ်ဝင်နေပြီး ပျာယာခတ် နေလို့ပဲ ဖြစ်ပါတယ်။ ကူညီဖို့နေနေသာသာ ကိုယ့်ကိုယ်ကိုတောင် ပိုင်စိုးပိုင်နင်း သတိမကပ်မိတဲ့ အခြေအနေဖြစ်ပါတယ်။

ရှုပ်ထွေးနေတဲ့ မြို့ ပေါ်လမ်းတွေမှာ တစ်ယောက်နဲ့ တစ်ယောက် သတိမမူမိတာ၊ နှုတ်မဆက်နိုင်တာ၊ မကူညီနိုင် တာတွေဟာ အဲဒီလို မြုပ်ဝင်သွားတဲ့ “မြို့ ပြမိန်းမောမှု” (Urban Trance) ကြောင့်ပဲဖြစ်တယ်။ ကိစ္စများမြောင် လူတို့ဘောင်ရဲ့ စေခိုင်းမှုတွေကို ခါးတောင်းကျိုက်မဖြုတ်စတမ်း ကြိုးပမ်းနေရလို့ပဲ ဖြစ်ပါတယ်။ ပရဟိတ စစ်စစ်ကို လုပ်ကိုင်ဖို့ ခါးတောင်းကျိုက်ထားရတာကို ခဏဖြုတ်သင့်သလား။ ဒါမှမဟုတ် ကိုယ်နဲ့မဆိုင်ဘူး ကိုယ်မတတ်ဘူးလို့ ထင်ထားတဲ့ ပရဟိတအမည်ခံ စိတ်လွင့်မျောမှုတွေကို ရှောင်ရမှာလားဆိုတာဟာ အကောင်းဆုံးဖြစ်အောင် (အတိုးအလျော့) ညှိယူရမယ့် ကိစ္စပဲ ဖြစ်ပါတယ်။ ကဗျာဆရာတစ်ယောက်ကတော့ ဒါတွေကို “ရှုပ်ထွေးဆူညံ လမ်းပေါ်ကအသံ”တဲ့။

“လူမှုကွာဟချက်” (Social Divides) ဟာလည်း ကျွန်တော်တို့ရဲ့ မျက်လုံးတွေကို ပိတ်ထားပါတယ်။ အိပ်ရာမဲ့တစ်ယောက် ငတ်ပြတ်ပြီး လမ်းပေါ်မှာ အကူအညီတောင်းနေတာကို ဖြတ်သန်းသွားလာနေသူတွေက လျစ်လျူရှုထားနိုင်ပေမယ့် အဝေးမှာ အ၀တ်အစားသပ်သပ်ရပ်ရပ်နဲ့ ရွှင်ရွှင်ပျပျ ပြောနေတဲ့ လူမှုဝန်ထမ်းမလေး စကားကိုတော့ ၀ိုင်းအုံ နားထောင်တတ်ကြတယ်။ လူတွေရဲ့ ဓာတ်ခံစိတ်ပေါ်မူတည်လို့ ဒီပုံစံဟာ ပြောင်းပြန် ဖြစ်သွားနိုင်ပေမယ့် ကျွန်တော်ဆိုလိုချင်တာကတော့ ကျွန်တော်တို့ရဲ့ အာရုံရောက်မှုတွေ၊ ခံစားချက်တွေ၊ စာနာမှုတွေကို လွှမ်းမိုးနေတဲ့ ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ ဦးစားပေးမှုတွေ၊ လူမှုရေးဝင်ဆံ့နိုင်စွမ်းရှိမှုတွေ စတဲ့ လူမှုစိတ်ပညာဆိုင်ရာ အခြေခံတွေ ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။

ရှင်းရှင်းလေး ပြောရမယ်ဆိုရင် အာရုံစိုက်လိုက်တာဟာ ခံစားချက် ဆက်သွယ်မှုကို ဖြစ်စေပါတယ်။ အာရုံရောက်မှု မရှိလို့ကတော့ စာနာမှုဆိုတာ ဘယ်တော့မှ ဖြစ်လာမယ် မဟုတ်ပါဘူး။

ကျွန်တော်ပြောပြနေတဲ့ ဒီအချက်ကို သိပ္ပံနည်းကျ ရှင်းပြနိုင်ပါတယ်။ အာရုံစိုက်မှု Attention မှာ အကန့်အသတ် တွေရှိနေပါတယ်။ အချိန်တစ်ချိန်မှာ အာရုံတစ်ခုကို စိုက်နိုင်ဖို့ မှတ်ဥာဏ်ပမာဏ တစ်ခု လိုအပ်ပါတယ်။ ဒါကို “အလုပ်လုပ်နေတဲ့ မှတ်ဥာဏ်” Working Memory လို့ ခေါ်ပါတယ်။ “သိမှုလွှာ” Prefrontal Cortex မှာ ဒီမှတ် ဥာဏ်က အလုပ်လုပ်နေပါတယ်။ မြင်ကြားနံသိ စတဲ့ ရှေ့ ပိုင်းအာရုံ ထိခိုက်တုံ့ပြန်မှုတွေကို “နောက်ပိုင်း ရုံးလုပ်ငန်း” Backstage Business အဖြစ် ချုပ်ကိုင် ကွပ်ကဲနေပါတယ်။ ဥပမာ - ကြားလိုက်ရတဲ့ စကားတစ်ခွန်းကို ဘာပြန်ပြောမယ်။ ဘယ်လို ပြန်ပြောမယ်ဆိုတာ မှတ်ဥာဏ်ထဲမှာ ရှာဖွေပြီး အပြင်က ၀င်လာတဲ့ Signal တွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် တုံ့ပြန်ပေးပါတယ်။

မိခင်ချဉ်းကပ်လာတာကို တုံ့ပြန်တဲ့ နှစ်နှစ်သား ကလေးငယ်ရဲ့ ရုပ်သွင်ကို ကြည့်ကြဦးစို့။ ကလေးငယ်ဟာ အလိုအလျောက် ငြိမ်သက်သွားတယ်။ အသက်ရှုတာ ညင်သာသွားတယ်။ အမေလာတဲ့ ဘက်ကို လှည့်ပြီး အမေ့ မျက်နှာကို လိုက်ကြည့်တယ်။ အထူးသဖြင့် အမေ့မျက်လုံးနဲ့ ပါးစပ်ကို အာရုံပိုစိုက်တယ်။ ဒီအမူအရာအားလုံးကို သုတေသနသမားတွေက “မျက်မှောင်ကြုတ်စူးစမ်း၊ ပါးစပ်အဟောင်းသားပုံစံ” Knit-brow with jaw-drop လို့ နာမည်တပ်ပါတယ်။ အမေလုပ်တဲ့သူပြောတာ လုပ်တာကို အာရုံခံနိုင်စွမ်း ထက်မြက်စေတဲ့ ပုံစံပဲ ဖြစ်ပါတယ်။

အာရုံစိုက်လေလေ တစ်ခြားသူရဲ့ အတွင်းစိတ်ကို ကျွန်တော်တို့ သိလေလေပါပဲ။ လျင်လျင်မြန်မြန် သိမ်သိမ်မွေ့မွေ့ ခံစားနိုင်လေလေပါပဲ။ အာရုံမစိုက်နိုင်အောင် စိတ်တွေများနေရင်တော့ ကျွန်တော်တို့ စိတ်ထဲမှာ စာနာမှုဆိုတာ ဖြစ်မလာနိုင်ပါဘူး။

ကိုယ့်အတွက်သာသိတဲ့ ကိုယ့်အတွက်သာ စိတ်ဝင်စားတဲ့ Self-Absorption ဆိုတာ ရှိနေရင် “စာနာမှု” Empathy ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ “ကရုဏာတရား” Compassion ဆိုတာကတော့ ဝေးပါလေရော။ ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်လိုက်တဲ့ အခါ ပတ်ဝန်းကျင် ကမ္ဘာကြီးဟာ ကျုံ့ သွားတယ်။ ကျွန်တော်တို့ရဲ့ ပြဿနာတွေနဲ့ ကျွန်တော်တို့ရဲ့ စိတ်စွဲလမ်းချက်တွေဟာ ရှေ့ တန်းကို ပြူးပြူးကြီး ရောက်လာပါတယ်။ တခြားလူ တွေအပေါ် အာရုံကပ်လိုက်တဲ့ အခါမှာတော့ ပတ်ဝန်းကျင်ဟာ ကျယ်ပြန့်လာတယ်။ ကျွန်တော်တို့ရဲ့ ပြဿနာ တွေဟာ ဘေးကို ကပ်သွားပြီး သေးငယ်သွားတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ လူမှုစွမ်းဆောင်ရည် တစ်နည်းအားဖြင့် ကရုဏာနဲ့ ယှဉ်တဲ့ အလုပ်တွေဟာ တိုးပွားများ ပြားလာပါတော့တယ်။

******

- Daniel Goleman ရဲ့ Social Intelligence ထဲမှ ကောင်းနိုးရာရာလေးများကို မျှဝေပေးတာပါ။

ကျေးဇူးတင်စွာဖြင့်
yu ya


Wednesday, July 15, 2009

Postmodern Education in Everyday Life


ဒီဆောင်းပါးလေး ရေးသားရာမှာ understanding backward စိတ်ထားနဲ့ ရေးသားတာမဟုတ်ဘဲ understanding forward စိတ်ထားနဲ့ ရေးသားထားကြောင်း ကြိုတင် အသိပေးလိုပါတယ်။ 'Understanding Backward' ဆိုတဲ့ စကားဟာ “အသေမှတ်ထားခြင်း၊ တစ်ယူသန်အယူအဆများ” ကို ဆိုလိုပြီး၊ 'Understanding Forward' စကားဟာ အတွေးအခေါ်၊ စိတ်ကူးကို ဖွင့်ပြီး နားလည်မှု တည်ဆောက်ခြင်းကို ဆိုလိုပါတယ်။

မိသားစုနဲ့ နိစ္စဓူဝပညာရေး

ယခုကျွန်တော် ပြောဆိုဆွေးနွေးလိုတဲ့ အကြောင်းက နိစ္စဓူဝ အတွေ့အကြုံထဲမှာရှိတဲ့ ပညာရေးရဲ့ သဘောသဘာဝတွေပဲ ဖြစ်ပါတယ်။ ဒါဟာ Informal Education ရဲ့ လူ့ဘ၀ အခန်းကဏ္ဍ ဖြစ်ပါတယ်။ ပို့(စ်) မော်ဒန်လူသားရဲ့ ပညာရေးဖြစ်စဉ် နိစ္စဓူဝကို ဆိုလိုပါတယ်။

ပထမဆုံးက “မိသားစု” နဲ့ နိစ္စဓူဝ ပညာရေးအကြောင်း ဖြစ်ပါတယ်။ ယခင်က မိသားစု သစ်ပင်ကို ကြည့်ကြရအောင်။


ရှေးက မြန်မာ့ လူ့အဖွဲ့အစည်းမှာ “အဖေ” ဟာ များသောအားဖြင့် အိမ်ထောင်တစ်ခုမှာ ငွေရှာသူ ဖြစ်တယ်။ “အမေ”ဟာ အိမ်ထောင် ထိန်းသိမ်းသူဖြစ်တယ်။ သားသမီးဟာ အဖေ၊ အမေရဲ့ သြဇာအာဏာအောက်မှာ နေထိုင် ကြီးပြင်း လူလားမြောက်ရသူ ဖြစ်ပါတယ်။ အခု ပို့(စ်)မော်ဒန်ကာလမှာ မိသားစုရဲ့ ပုံသဏ္ဍာန်ဟာ နည်းနည်းလေး ပြောင်းလာပါတယ်။ စီးပွားရေးကို အဖေရော၊ အမေရော၊ သားသမီးတွေပါ စွမ်းဆောင်လာတာ တွေ့ရပါတယ်။ ဒါကြောင့် မိသားစုရဲ့ ပါဝါဝေမျှပုံစံဟာ ပို့(စ်)မော်ဒန် လူ့အဖွဲ့အစည်းမှာ ပြောင်းလဲသွားပါ တော့တယ်။ အဖေ၊ အမေ၊ သားသမီးတွေရဲ့ ဘ၀အတွေ့အကြုံဟာ တစ်ယောက်တစ်မျိုးစီ ဖြစ်နေပြီး အသိဥာဏ် တည်ဆောက်မှုဟာလည်း ကွဲပြားစွာ တည်ရှိနေပါတယ်။ သဘောက ဖခင်၊ မိခင်ဟာ သားသမီးဆီကနေ အသိဥာဏ်၊ ဗဟုသုတကို ရရှိနိုင်တဲ့ အနေအထားမျိုး ရှိနေပါတယ်။ ဒါကြောင့် မိသားစုပုံစံဟာ နည်းနည်းလေး ပြောင်းသွားပါတယ်။ အထက်အောက် (Hierarchy) ပုံစံကနေ မျဉ်းဖြောင့်သဘောကို ဆောင်လာပါတယ်။ အသိဥာဏ် ဖွံ့ဖြိုးမှုလမ်းကြောင်းက အပြုသဘော အဆက်အသွယ် (Positive Interaction) အပေါ် ပိုမိုပြီး အမှီ ပြုလာပါတယ်။


ဒါကြောင့် Relationship (ဆက်နွယ်ဆက်ဆံမှု) ပုံစံမှာ -
(၁) အကြံဥာဏ်ပေးခြင်း (Suggestion)
(၂) အသိဖလှယ်ခြင်း (Exchange of Thought/Knowledge)
(၃) ညှိနှိုင်းခြင်း (Negotiation)
(၄) ဆွေးနွေးခြင်း (Discussion)
(၅) စုပေါင်းဆုံးဖြတ်ခြင်း (Group Desicion Making)
(၆) တစ်ဦးချင်းစီကို လေးစားရခြင်း (Respect on Individuality)
(၇) ဝေမျှခြင်း (Sharing)
(၈) အသိပေးခြင်း (Giving Information)
(၉) ဝေဖန်ခြင်း (Critique) (Critique သည် ကောင်းသော ဝေဖန်မှုပြုခြင်းဖြစ်သည်။ Criticism မဟုတ်ပါ)
(၁၀) တစ်ဦးနှင့် တစ်ဦး ပွင့်လင်းသော နားလည်မှုပေါ် အခြေခံခြင်း (Based on Understanding Forward)
စတဲ့ လက္ခဏာတွေဟာ ပို့(စ်)မော်ဒန် မိသားစု လက္ခဏာတွေပဲ ဖြစ်ပါတယ်။ လက္ခဏာရပ် တွေဟာ မိသားစု အတွင်း ဆက်ဆံရေးတွေဖြစ်တဲ့ -

(၁) စကားပြောခြင်း
(၂) ရုပ်ရှင်အတူကြည့်ခြင်း
(၃) ငွေကြေးသုံးစွဲခြင်း
(၄) ပညာရေးရှာဖွေမှု (Schooling)
(၅) ပြဿနာရပ်များကိုင်တွယ်ဖြေရှင်မှု
(၆) အစားအသောက်ရွေးချယ်မှု
(၇) ခရီးထွက်မှု
စတဲ့ နေရာတွေမှာ ရှိနေရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အာလပ်ရက် ခရီးထွက်ဖို့ ဆုံးဖြတ်တဲ့အခါ ဖခင်တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘဲ မိခင်၊ သားသမီး အားလုံးအတွက် အကျိုးလည်းရှိ၊ သဘောလည်းတူ၊ ပျော်လည်းပျော်ရမယ့် ဆုံးဖြတ်ချက်တွေချဖို့ တိုင်ပင်ခြင်း၊ ညှိနှိုင်းခြင်း၊ အတွေ့အကြုံ ဖလှယ်ခြင်း စတာတွေကို ပြုလုပ်ရတာ ဖြစ်ပါတယ်။

ဒါကြောင့် မျက်မှောက်ကာလ ပို့(စ်)မော်ဒန် မိသားစုဟာ အထက်အောက် သဘောထက်၊ မျဉ်းဖြောင့်သဘော စီးဆင်းမှုကို ပုံဖော်ပြီး အထက်အောက်သဘောရဲ့ ယဉ်ကျေးမှုကို မဖျက်ဆီးရပါဘူး။ ဆိုလိုတာက အဖေ၊ အမေဟာ အဖေအမေရဲ့ နေရာမှာပဲ ရှိပြီး သိမှု စီးဆင်းမှုသဘော ပြောင်းသွားတာကို ပြောတာပါ (The process of educational awareness in the pattern of a straight line) ။ ဒါဟာ Globalization နဲ့အတူ မိသားစုယူနစ် ပြောင်းသွားတဲ့ ပညာရေးဖြစ်စဉ်၊ နိစ္စဓူဝ ပညာရေးဖြစ်စဉ်ထဲက မိသားစုဘ၀ ဖြစ်ပါတယ်။

စာဖတ်သူရဲ့ မိသားစုကို လေ့လာကြည့်ပါဦး။ ဒါတွေ ဖြစ်နေမှာ သေချာပါတယ်။

*********

Light Magazine မှာ “ပုံဂံဆည်းဆာ”ခေါင်းစဉ်နဲ့ ဘာသာပြန်ပြိုင်ပွဲအတွက် ပထမဦးဆုံးဆုလက်ဆောင် ရထားတဲ့ စာအုပ်ကလေးထဲက အကြောင်းအရာတစ်ချို့ ကို ဗဟုသုတအလို့ငှါ ကောက်နှုတ် တင်ပြ ပေးလိုက်ခြင်းဖြစ်ပါတယ်။

ကျေးဇူးတင်စွာဖြင့်
yu ya

Monday, July 13, 2009

Singapore Botanic Gardens

မမျှော်လင့်ပဲ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တစ်ရက်မှာ သူငယ်ချင်းတစ်ယောက်၏ ခေါင်းစဉ်မဲ့ မုန့်လုပ်စားပွဲလေးသို့ ဖိတ်ကြားခံထားရတာမို့ သူငယ်ချင်းရှိရာ Clementi Heights သို့ မောင်မယ်နှစ်ဖြာ MRT လေးစီးပြီး အေးအေးလူလူ ထွက်လာခဲ့ကြပါတော့သည်။ သူငယ်ချင်းအိမ်ရောက်တော့မှ မုန့်လုပ်စားရတဲ့ အကြောင်းရင်းခံကို သိရပါတော့တယ် - အမေဖြစ်သူက မြန်မာပြည်ကို လွမ်းလို့၊ သတိရလို့ နေမထိ၊ ထိုင်မသာ ဖြစ်နေတာကို သားဖြစ်တဲ့ ကျွန်တော်သူငယ်ချင်းက သူ့အမေ စိတ်ပြေလက်ပျောက် ဖြစ်စေဖို့ ကျွန်တော်တို့ သူငယ်ချင်းများကို ဖိတ်ခေါ်ပြီး မုန့်စားပွဲလေး ကျင်းပကာ သူ့အမေရဲ့ စိတ်ကို ကုစားပေးလိုက်တာ ဖြစ်တယ်ဆိုတာပါပဲ။

အဲဒါနဲ့ပဲ နေ့လည် ၂ နာရီလောက် ပြန်ချိန်ရောက်လို့ သူငယ်ချင်းမိသားစုကို နှုတ်ဆက်ပြီး အပြန်လမ်း၊ Clementi NTUC နားအရောက် စိတ်ထဲမှာ လက်ဆော့ချင်လာပြန်တာနဲ့ပဲ ကျွန်တော်ရဲ့ မဟေသီနဲ့ ညှိနှိုင်းပြီး Singapore Botanic Gardens သို့ 105 Bus လေးစီးပြီး ချီတက်ခဲ့ကြပါတော့သည်။

ပုံတွေအားလုံးကို အကြီးချဲ့ ကြည့်လို့ရပါတယ်။ ပုံတွေများလွန်းတာကြောင့် Resolution ကို လွန်စွာ လျော့ချထား ပါတယ်။ အကယ်၍ ကြိုက်တဲ့ပုံများရှိခဲ့ပါက Actual Size အတိုင်း email နဲ့ ပို့ပေးပါ့မယ်။ Actual Size က ပုံတစ်ပုံကို 5MB ကျော်ပါတယ်။ Desktop Background လုပ်မယ်ဆိုရင် Actual Size နဲ့မှ ကောင်းမယ် ထင်ပါတယ်။


NOG-0



NOG-1



NOG-2



NOG-3



NOG-4



NOG-5



NOG-6



NOG-7



NOG-8



NOG-9



NOG-10



NOG-11



NOG-12



NOG-13



NOG-14



NOG-15



NOG-16



NOG-17



NOG-18



NOG-19



NOG-20



NOG-21



NOG-22



NOG-23



NOG-24



NOG-25 (ကျွန်တော်တစ်ဦးတည်း မြင်ရတဲ့ ပန်းလေးတစ်ပွင့်ပါ။)



NOG-26

မှတ်ချက်။ ။ လုံးဝအားမနာပါနဲ့ဗျာ... ပုံတွေကို ကြိုက်သလို Save လို့ရပါတယ်။ သုံးလို့ရပါတယ်။
ခြွင်းချက်။ ။ NOG-25 မပါ။

ဝန်ခံချက်။ ။ ပုံများအားလုံးကို ကျွန်တော် yu ya ကိုယ်တိုင် သွားရောက် လက်ဆော့ရိုက်ကူးထားပါသည်။

ကျေးဇူးတင်စွာဖြင့်
yu ya

Sunday, July 12, 2009

လက်ဆော့ထားသော - Esplanade Night Scene များ

ပြီးခဲ့တဲ့ သောကြာနေ့က (10.07.09) ရုံးဆင်းပြီး အပြန် အစီအစဉ်အတိုင်း ကျွန်တော်ရဲ့ မဟေသီနဲ့ MRT မှာ ချိန်းပြီး City Hall သို့ ထွက်လာ ခဲ့ကြပါတော့သည်။ City Hall ရောက်တော့ Penisula Plaza ရဲ့ ရနံ့သစ်မှာ ညစာသုံးဆောင်ခဲ့ကြပြီး၊ များမကြာသေးမီက ကျွန်တော်ရဲ့ မဟေသီကို နားပူနားဆာလုပ်ကာ ၀ယ်ယူထားပါသော Nikon D90 Camera လေးကို လက်ဆော့ဖို့အတွက် Esplanade သို့ ချီတက် ခဲ့ကြပါတော့တယ်။



Esplanade သွားရာမြေအောက်လမ်းတစ်လျှောက်...



Esplanade Night Scene - 1



Esplanade Night Scene - 2



Esplanade Night Scene - 3



Esplanade Night Scene - 4



Esplanade Night Scene - 5



Esplanade Night Scene - 6




Esplanade Night Scene - 7



Esplanade Night Scene - 8

ကျွန်တော်ရဲ့ လက်ဆော့ချက်ပေါင်း ၂၀၀ ကျော်ရှိပါသော်လည်း ကြည့်ရှု့ မည့်သူများကို အားနာသောအားဖြင့် ဤမျှလောက်ဖြင့် တော်သင့်ပြီဟု ထင်မြင်ပါသောကြောင့်....

မှတ်ချက်။ ။ အမှန်တကယ် ဓာတ်ပုံ Size များမှာ အင်မတန်ကြီးမားသောကြောင့် Upload တင်ရန် လွယ်ကူသော Size များသို့ လျော့ချထားရပါသည်။


သတင်း။ ။ Singapore National Day 2009 - Highlights

Schedule of Parades and Rehearsals:

  1. NE Shows:

    • NE Show 1 - Saturday, 11 July 2009

    • NE Show 2 - Saturday, 18 July 2009

    • NE Show 3 - Saturday, 25 July 2009

    These are full dress rehearsals watched by Primary 5 students as part of their National Education programme.

  2. Singapore National Day 2009 Preview Parade:

    • Saturday, 1 August 2009

  3. Singapore National Day Parade 2009:

    • Sunday, 9 August 2009

    • This year's Parade will start at 6pm.
      (similar timing for the NE Shows and Preview Parade)

    • The Floating Platform @ Marina Bay is the venue of the parade and show.

      But the military contingents will also march through the City Hall area (a.k.a. the Padang at St Andrew's Road). So you may catch the action there even if you don't have tickets.


ကျေးဇူးတင်စွာဖြင့်

yu ya

Saturday, July 11, 2009

Google က ကျုပ်တို့ကို ထုံအသွားစေလေပြီလား။ (ဒုတိယပိုင်း)


ထိုအဆို၏ အခြေခံယုံကြည်ချက်မှား- လူသားဥာဏ်ရည်ဆိုတာ အသေးငယ်ဆုံး သိမှုဆိုင်ရာ အစိတ်အပိုင်းများ အဖြစ် အတိအကျ ခွဲထုတ်နိုင်သော၊ တိုင်းတာနိုင်သော၊ စွမ်းရည်အမြင့်ဆုံး မြှင့်တင်နိုင်သော ယန္တရားဆန်ဆန် ဖြစ်စဉ် တစ်ခုဖြစ်သည်။

ယခု ကျွန်တော်တို့ အားလုံး သိလျက်နှင့်ဖြစ်စေ၊ မသိလိုက် မသိဘာသာဖြစ်စေ၊ စုပြုံဝင်ရောက်နေကြသော Google ၏ Online ကမ္ဘာလောကထဲတွင် ဝေေ၀၀ါးဝါး စိတ်ကူးအမျှင်တန်းပြီး နက်နက်ရှိုင်းရှိုင်း အတွေးနက်ခြင်း မျိုးအတွက် နေရာမရှိတော့ပေ။

သို့လော သို့လော မရေရာခြင်းသဘော (Ambiguity) သည် စိတ်ကူးအသစ်တစ်ခု မီးခတ်ပြီး ပွင့်ထွက်လာသလို ပွင့်ထွက်လာစေမည့် စမှတ်တစ်ခု မဟုတ်တော့ဘဲ အနှေးနဲ့ အမြန် ပြုပြင်ဖြေရှင်းရမည့် ပရိုဂရမ်ကြောင်ကွက် (Bug) တစ်ခုအဖြစ်သာ ၎င်းတို့ မြင်နေကြတော့သည်။

လူသားဦးနှောက်ဆိုသည်မှာ ခေတ်နောက်ကျနေသော ခပ်ထုံထုံ ပီသရီး (PIII) ကွန်ပျူတာ တစ်လုံးပင်ဖြစ်ပြီး မြန်နှုန်းပိုမြင့်သော ပရိုဆက်ဆာ (Processor) ၊ ဒေတာ (Data) အများကြီးပိုဆန့်သော ဟာဒ်ဒစ် (Hard Disk) .. အစရှိသည်များဖြင့် Upgrade လုပ်ဖို့ လိုနေပြီ ဖြစ်ပါသည်။

လူသားဦးနှောက်နှင့် အသိစိတ်ဖြစ်စဉ်သည် မြန်နှုန်းမြင့် Data Processing စက်တစ်ခုသာဖြစ်သည်ဟူသော အိုင်ဒီယာဖြင့် အင်တာနက်ကမ္ဘာကြီးကို တည်ဆောက်ထားကာ၊ အင်တာနက်က ဦးဆောင်သော စီးပွားရေးနှင့် လူမှုရေး ကမ္ဘာကြီး တစ်ခုလုံးကိုလည်း ထိုအိုင်ဒီယာက ဗိုလ်ကျစိုးမိုးနေသည်ကို စိတ်မသက်သာဖြစ်ဖွယ် မြင်တွေ့ နေကြရသည်။

အင်တာနက်ကို ကျွန်တော်တို့ ခပ်မြန်မြန် ရှာဖွေ လှန်လှောနိုင်လေလေ၊ လင့်ခ်များများ ကလစ်နှိပ်ပြီး Web Page များများကြည့်လေလေ Google အဖို့ ကျွန်တော်တို့ အကြိုက် ဘယ်လိုကြော်ငြာတွေ ထည့်ပေးရမည်၊ ဘယ်လို Information တွေ ထုတ်ပေးရမည်ကို ပိုမိုရှင်းလင်းစွာ သိလေလေဖြစ်သည်။

Google အဖို့ ဖြည်းဖြည်းနှင့် ဇိမ်ခံစာဖတ်ခြင်းမျိုး၊ အတွေးနက်နက် တစ်ခါတစ်လေ ခပ်ကြောင်ကြောင်တွေးခြင်း မျိုးကို ကျွန်တော်တို့ ထပ်မလုပ်ရန် အမြဲတစေ ဖိအား ပေးနေမည်သာ ဖြစ်သည်။ ဤအချက်မှာ Google ၏ ငွေးကြေးအကျိုးအမြတ်တစ်ခုတည်းမဟုတ်ဘဲ သိပ္ပံဆိုင်ရာ ယုံကြည် မျှော်လင့်မှု အိမ်မက်ကြီး၏ အခြေခံ အကြောင်းတရားလည်း ဖြစ်ပေသည်။

တစ်ခါတစ်လေ ကျွန်တော်များ အဆိုးသိပ်မြင်နေပြီလား၊ သံသယတွေ များလွန်းနေပြီလားဟု ပြန်တွေးမိသည်။ နည်းပညာအသစ်တစ်ခု ပေါ်လေတိုင်း၊ တီထွင်ဖန်တီးမှု တစ်ခုပေါ်လေတိုင်း မျှော်လင့်တကြီး အကောင်းမြင် ချီးမွမ်းသူတွေ ရှိသလို၊ ထိုကိစ္စအပေါ် သံသယကြီးစွာ အဆိုးမြင်သော ပြောင်းပြန်ရေစီးကြောင်းတစ်ခုလည်း အမြဲ ယှဉ်တွဲ ပေါ်ထွက်လာတတ်သည်။ ပလေတို (Plato) ရဲ့ ဖေးဒရပ်စ် (Phaedrus) ကျမ်းကြီးထဲတွင် စာပေရေးသာ မှတ်တမ်းတင်မှု အလေ့အကျင့် စတင်ဖွင့်ဖြိုးလာသည်ကို ဆရာကြီး ဆိုကရေးတီးက -

(၁) လူတွေက သူတို့ခေါင်းထဲမှာ ဖြစ်ပေါ်ပေါက်ဖွားလာသော အသိဥာဏ်များထက် စာရွက်များပေါ်မှ စာသား စကားလုံးများကို ပိုမိုအားထားလာမည်၊
(၂) သိမှတ်နားလည်မှုဆိုင်ရာ(မှတ်ဥာဏ်) အလေ့အကျင့်များ တဖြည်းဖြည်းပျောက်ကွယ်ပြီး လူတွေ ပိုမေ့တတ်လာစေရန် စာပေအရေးအသား အမူအကျင့်က ဖျက်ဆီးလိမ့်မည်၊
(၃) နဂိုမူလက ခပ်တုံးတုံးသာရှိသော လူများသည် စာအုပ်တွေ အများကြီး ဖတ်လိုက်သောအခါ ပညာရှိယောင်ယောင် ဘာယောင်ယောင် သူတို့ဘာသာ ထင်မြင်သွားနိုင်မည်၊
(၄) အသိပညာများကို စာမျက်နှာများ ပေါ်သို့ အလွယ်တကူ တင်လိုက်နိုင်ပြီး အသိပညာရှာဖွေသူကလည်း ညွှန်ကြားထိန်းကျောင်းမှု တစ်စုံတစ်ရာ မပါဘဲနှင့် အလွယ်တကူ ဖတ်နိုင်၊ အလွယ်တကူ တတ်သိသွားနိုင်သည်။ ထိုအသိဥာဏ်မျိုးမှာ အတုအယောင် အသိဥာဏ်သာဖြစ်ပြီး အရေးအသား ကျမ်းစာများမပါဘဲ မျက်နှာချင်းဆိုင် တိုက်ရိုက်ပို့ချမှု၊ ဆွေးနွေးမှု၊ အငြင်းအခုန်လုပ်မှု၊ တစ်ဖန် ပြန်လည် စဉ်းစားမှု အစရှိသည့် ဖြစ်စဉ်များ မရှိဘဲ တကယ့် ပညာရှိတစ်ယောက် ဖြစ်မလာနိုင်ဟု ....
ဆရာကြီး ဆိုကရေးတီးက ရိုးသားစွာ ပြောဆိုခဲ့ပါသည်။

၁၅ ရာစုတွင် ဂူဒင်ဘတ် (Gutenberg) က ပုံနှိပ်စက်ကို တီထွင်လိုက်ပြန်သည်။ ထိုအခါ အီတလီ ဒဿနဆရာ တစ်ယောက်ဖြစ်သော ဟီရိုနီမို ဆကွာစီရာဖီကို (Hieronimo Squarciafico) က စာအုပ်တွေ အလွယ်တကူ ပေါပေါများများရသောအခါ လူတွေ ဥာဏ်ဖျင်းသွားနိုင် (Intellectual Laziness) သည်ဟု သံသယ ပွားခဲ့သည်။ အချို့ သော ဘာသာရေး ခေါင်းဆောင်များကလည်း စာအုပ်တွေ ပေါပေါများများရပြီး လူတွေ အလွယ်တကူ ဖတ်ကြခြင်းသည် ဘာသာရေးတရားဆိုင်ရာ ကိုးကွယ်ယုံကြည်မှုနှင့် ဒဿနအပေါ် အုပ်စီးထားနိုင်သော သူတို့ (ရောမကျောင်းတော်) ၏ သြဇာအာဏာကို လှိုက်စာလိမ့်မည်ဟု စိုးရိမ်ကြသည်။ နယူးယောက်တက္ကသိုလ်မှ သမိုင်းပါမောက္ခ ကလေးရှာကီ ( Clay Shirky ) က အထက်ပါအဆိုအများစု မှန်ကန်ကြောင်း၊ ထိုမျှမက အကောင်းဆုံး ရှေ့ ဖြစ်ဟော နိမိတ်ဖတ်ချက်များပင် ဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ သို့သော် အားလုံး သိပြီးကြသည့်အတိုင်း ပုံနှိပ်စက်က လူ့ယဉ်ကျေးမှု၏ ဘဏ္ဍာတိုက်ကြီး ပိုမိုကြွယ်ဝစေရန် အများကြီး ထည့်ဝင်သွားခဲ့ပေသည်။

ကျွန်တော်၏ သံသယ၀ါဒကို မိတ်ဆွေလည်း သံသယ ပြန်ပွားနိုင်ပါသည်။ အင်တာနက်ကွန်ယက်ကို သံသယ ပွားသူများသည် အတိတ်လွှမ်း ခေတ်နောက်ပြန်ဆွဲနေသူများလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့ရာတွင် အင်တာနက်သည် ဆိုကရေးတီး ကြောက်ခဲ့သော အက္ခရာစာသားများလို၊ ရောမကျောင်းတော်ကြီးက ကြောက်ခဲ့သော ပုံနှိပ်စက်လို၊ အခြားသူများကြောက်သော အခြားသော တီထွင်မှု နည်းပညာ ပစ္စည်းများလို အရာအားလုံးကို ပေါင်းစည်းထားခြင်းဖြစ်ပြီး ထို့ထက်ပင် ပိုနိုင်သည်ဟု ကျွန်တော် တွေးကြောက်နေမိပါသည်။

ပုံနှိပ်ထားသော စာမျက်နှာများကို အတွေးနက်နက်ဖြင့် ဖတ်ရှုခြင်းသည် စာရေးဆရာများ၏ စာသားများထဲမှ အတွေးအသိများကို တိုက်ရိုက်ရယူရုံမျှမက ကျွန်တော်တို့၏ စိတ်သဏ္ဌာန်အတွင်း သိမှုဆိုင်ရာ တုန်ခါ လှုပ်ရှားမှုများ၊ ဆင့်ပွားကယက်ထမှုများ ဖြစ်ပေါ်စေရန်လည်း စာလုံးစာသားများက ဖန်တီးပေးသေးသည်။ သမာဓိတည်ကြည်စွာ၊ ဈန်ဝင်စွာ စာအုပ်တစ်အုပ်ကို ဖတ်ခြင်း သို့မဟုတ် အခြားအတွေးတစ်ခုကို တည်ကြည်ပြီး တစ်ဆုံးတစ်စ နက်ရှိုင်းခြင်းများသည် ကျွန်တော်တို့၏ မိမိကိုယ်ကိုဖွဲ့စည်းမှု၊ ကျင့်ဝတ်နှင့် အသိဆိုင်ရာ ကောက်ချက်ဆွဲမှု၊ ပုံဆောင်မှု စသည်အားဖြင့် ကျွန်တော်တို့၏ ကိုယ်ပိုင် အိုင်ဒီယာ မွေးဖွားထုတ်လုပ်သော ရေခံမြေခံများ ဖြစ်ပါသည်။ တရှိုက်မက်မက် စာဖတ်ခြင်းနှင့် အတွေးနက်နက်တွေးခြင်းသည် ခွဲခြား၍ မရစကောင်းသော ဖြစ်စဉ်နှစ်ခုဖြစ်သည်ဟု ကျွန်တော် ယုံကြည်ပါသည်။

အကယ်၍ ထိုသို့သော သီးခြားကိုယ်ပိုင်အတွေးကမ္ဘာလေးများကို ကျွန်တော်တို့ ဆုံးရှုံးရမည်ဆိုပါက သို့မဟုတ် ထိုကမ္ဘာလေးထဲသို့ အခြားအကြောင်းအရာများ အတင်းအကျပ် သွတ်သွင်းခံရမည်ဆိုပါက ကျွန်တော်တို့ ကိုယ်တိုင်နှင့် ကျွန်တော်တို့ လူသား ယဉ်ကျေးမှုထဲမှ အဖိုးမဖြတ်နိုင်သော တစ်စုံတစ်ရာကို စတေးလိုက်ရတော့ မည်ဖြစ်ကြောင်း ကျွန်တော် အသေအချာခံစားနေမိပါသည်။

လူတွေ၏ အသိတရားသည် နက်ရှိုင်းမှုထုထည်နှင့် ဇောက်မရှိတော့ဘဲ ကွန်ယက်သဖွယ် ဘေးတိုက် ပြန့်ကား၊ အဆုံးမဲ့ ပြန့်ကားပြီး ထုထည်မဲ့လုနီးပါး တဖြည်းဖြည်း ပါးလျားလာသည်ဟု ကျွန်တော်လည်း မြင်ပါသည်။ ခလုတ်တစ်ချက် နှိပ်တတ်ရုံဖြင့် သိချင်တာ အကုန်ရမည်ဆိုသော အင်တာနက်ကွန်ယက်က ထိုသို့ ပါးသည်ထက် ပါးအောင် တိုက်စားပေးနေသည်။

ကမ္ဘာလောကကြီးကို ဘယ်လိုနားလည်မလဲဆိုတာ အင်တာနက် ရှာဖွေရေး အင်ဂျင်တွေ၊ ကွန်ပျူတာတွေ အပေါ်မှာ လုံးလုံးလျားလျားကြီး အားကိုးနေသည်နှင့်အမျှ ကျွန်တော်တို့၏ ကိုယ်ပိုင်လူသား အသိဥာဏ်များသည် ဖန်းတီးဥာဏ်ရည် (Artificial Intelligence) အဖြစ်သို့ တဖြည်းဖြည်း လျှောကျ ပြားချပ်သွားလိမ့်မည်ဟု ဟောကိန်း ထုတ်ထားကြပါသည်။ ထိုအတိုင်းလည်း ကျွန်တော် ယုံကြည်ပါသည်။

မိတ်ဆွေတို့ကတော့ ရယ်သွမ်းသွေးချင် သွေးနေမှာပေါ့။

(ပြီးပါပြီ)

Nicholas Carr ရဲ့ Is Google Making Us Stupid? ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
တစ်ချို့ သော စာပုဒ်များကို အချိန်၊ နေရာ အခက်အခဲများကြောင့် စိတ်မကောင်းစွာဖြင့် ချန်လှပ်ထားခဲ့ရပါသည်။

ကျေးဇူးတင်စွာဖြင့်
yu ya